Archive for the ‘မိသားစု’ Category

အမှတ်တရ ရှိသော အကြောင်းအရာများ

July 17, 2010
အမှတ်တရဆိုတာ ဘာကို ပြောတာပါလိမ့်……။
အဖြစ်အပျက်၊ အကြောင်းအရာ၊ နေရာဒေသ၊ နေ့စွဲ၊ စိတ်ခံစားမှု၊ လူပုဂ္ဂိုလ် ဒါမှမဟုတ် ပစ္စည်းတွေလား…….။ လူတစ်ယောက်အတွက် အမှတ်တရ ရှိခဲ့တဲ့ အရာဟာ သူနှစ်သက်သော ပစ္စည်းကို လက်ဆောင်ရတဲ့နေ့ ဒါမှမဟုတ် ဆုံးရှုံးလက်လွှတ်ရတဲ့နေ့ ဖြစ်နေနိုင်တယ်။ နေရာဒေသ တစ်ခုဟာလဲ အမှတ်ရစရာ ပဲပေါ့။ ပျော်ရွှင်မှုတွေ ရရှိပိုင်ဆိုင်တဲ့နေ့ကို အမှတ်ရနေနိုင်သလို ၀မ်းနည်းနာကျင်ခံစားခဲ့ရတာကလည်း အမှတ်တရ ဖြစ်နေနိုင်တာပဲလေ….။ 
ကိုယ့်အပေါ်မှာ ဂရုစိုက် ကြင်နာတဲ့သူကို အမှတ်ရတက်သလို စိတ်နာကျည်းမှုတွေ ပေးတဲ့သူကိုလဲ မမေ့တက်ကြဘူးပဲ။ ကျွန်မအတွက် အမှတ်တရတွေကရော ဘာတွေများလဲ……တွေးကြည့်မိတယ်။ အခုအသက်အရွယ်အထိ ဖေဖေရဲ့ အရိုက်ကို သုံးခါတိတိ ခံခဲ့ရဖူးပါသည်။ 


မှတ်မှတ်ရရ…… ကလေးဘ၀က မေမေ့လက်ပတ်နာရီကို ယူဝတ်ပြီး သူငယ်ချင်းများနဲ့ ပျော်ပွဲစားတမ်းကစားတုန်း ငရုပ်သီးထောင်းလိုက်တာ နာရီတစ်ခုလုံး ညက်ညက်ကြေ သွားစဉ်က တစ်ခါ။ (မငိုဘူးတဲ့ဗျ အကြောကတင်းတယ်နော်) ကျန်တဲ့ နှစ်ကြိမ်ကတော့ အငယ်လေးကို မရိုက်အောင် ၀င်ပြောမိလို့ချည်းပါပဲ။ (မိဘကို ဆရာပြန်လုပ်လို့ ဆိုလား……) အဲလောက်အထိ ချစ်ခဲ့ရတဲ့ ညီမလေးကို ကုတင်ပေါ်က တွန်းချခဲ့ဖူးတာကလဲ အမှတ်တရပေါ့။ (တကယ်တော့ တမင်မဟုတ်ပါဘူး လက်လေးနဲ့ တွန်းလိုက်တာ..အတွင်းအားက ကောင်းလွန်းတော့ ပြုတ်ကျသွားတာပါ :))

မိန်းမမဟုတ် ယောင်္ကျားမဟုတ်နဲ့ သိုင်းချတမ်းကစားတာ ခုနှစ်တန်းနှစ် အတန်းတင် စာမေးပွဲအတွက် ခုံစီသောနေ့မှာ လက်ကျိုးခဲ့တာကလဲ အမှတ်ရစေတာပဲ။ (ရှောင်လင်မင်းသားလေးဇာတ်လမ်းတွဲ လာတုန်းကပေါ့ဗျာ) ဆောင်းတွင်းတစ်မနက်မှာ ညီမနှစ်ယောက် စာထကျက်ရင်း စောင်ခြုံကိုယ်စီနဲ့ သိုင်းချကြတာ…… စိတ်ထဲမှာတော့ ၀တ်ရုံကြီးတွေ တစ်ဖါးဖါးပေါ့……….။ ၀ှီးကနဲ ၀ှီးကနဲ……စောင်တွေကို ဝေ့ကာရမ်းကာနဲ့ သိုင်းကစားကြတာ……. ချလွမ်……ချွမ်….ခွမ်…….အသံမျိုးစုံ ထွက်လာမှပဲ နှစ်ယောက်သား ဂုတ်ပု၊ လျှာထုတ်ပြီး ၀ပ်သွားကြတာ။ 🙂
စောစောစီးစီး မေမေ က ထိုင်ငိုပါလေရော……. ”မိန်းကလေးတွေ ဖြစ်ပြီး သိုင်းချတမ်း ကစားကြတာတဲ့ အောင်မလေး စိတ်ညစ်တယ်…… စာတော်ကြတာကလွဲပြီး ဘာမှကို သုံးမရကြဘူး…….” ဘာညာသရကာနဲ့ အရင့်အရင်က အပြစ်တွေပါ ပါလာတာပေါ့ဗျာ။ ငိုမှာပဲဗျ…..ဖန်ခွက်က တစ်လုံးမှမှ အကောင်းမကျန်တာကိုး……။ ခဏကြာတော့ တစ်လမ်းကျော်က သူငယ်ချင်းဆီကို ကျွန်မသွားတယ်။ ”ငါ….မေမေ့ကို ဖန်ခွက်တွေ ပြန်ဝယ်ပေးချင်တယ်ဟာ ဘယ်လိုလုပ်ရမလဲ….” ဆိုပြီး ရေချိုးနေတဲ့ သူငယ်ချင်းနားမှာ ရေစိုခံပြီး မျက်နှာငယ်လေးနဲ့ပေါ့။ သူငယ်ချင်းကလဲ အကြံကောင်းကို ပေးလိုက်တာပါ ”နင့်အမေဆီက ပိုက်ဆံတောင်းလိုက်ပေါ့…”တဲ့။
အူကြောင်ကြောင်နဲ့ ကျွန်မက အမေဆီမှာ ပိုက်ဆံတောင်းတဲ့အခါ..ခေါင်းခေါက်ခံခဲ့ရတာကိုလဲ ခုထိ အမှတ်ရနေမိတယ်။ ကျွန်မဆိုတာက ငယ်ငယ်လေးကတည်းက စာကျက်မယ်၊ စာလုပ်မယ်၊ စာရေးမယ်၊ စာဖတ်မယ် နဲ့ ကြိုးစားတယ်လို့ နာမည်ရခဲ့သူပါ။ (စာကျက်နေရင် အိမ်က ဘာမှမှ မခိုင်းတော့ဘူးလေ….:) မေမေကို ပြန်မပြောကြေး ) နှစ်စဉ် ဆုတွေ ရခဲ့တဲ့ ကျွန်မက ငါးတန်းနှစ် လပါတ်စာမေးပွဲမှာ ဖျားနေလို့ အဆင့်(၁၃)ရတာကို ရှိုက်ကြီးတငင်နဲ့ ငိုခဲ့ဖူးတယ်။ 
တက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူးတစ်ခုတည်းပါလို့ အိမ်မပြန်တော့ဘူးဆိုပြီး နံရံနဲ့ ခေါင်းနဲ့ ဆောင့်ကာ သေကြောင်းကြံခဲ့တာလဲ ကျွန်မပါ။ ရိုးရိုးပဲအောင်တဲ့ ကျွန်မသူငယ်ချင်းမကို သူ့အိမ်က ဂုဏ်ပြုတဲ့အနေနဲ့ ကွန်ပျုတာ ၀ယ်ပေးတဲ့အချိန်မှာ……. မှန်းထားသလောက် ဖြစ်မလာခဲ့တဲ့ ကျွန်မကို ဖေဖေက သုံးလလောက် စကားမပြောခဲ့တာကလဲ အမှတ်တရ ဖြစ်စေတယ်။(T_T) အဲလောက်အထိ စာမေးပွဲရလဒ်တို့၊ အဆင့်တို့ကို တန်ဖိုးထားတဲ့ ကျွန်မ……. တက္ကသိုလ်တက်တဲ့အချိန်မှာ…. ရိုးဝမ်းရဖို့ မလိုပါဘူး……. တကယ်တက်ရင် ပြီးတာပဲလို့ ကြွေးကြော်ခဲ့သေးတာ။ (ပြီး….တကယ်လဲ မတက်ခဲ့ပါဘူး……:))
ကျောင်းတက်မယ်၊ စာလုပ်တယ်ဆိုတဲ့သူ ဖိုင်နယ်မှာ ကျောင်းခေါ်ချိန်မပြည့်လို့ လက်မှတ်ထိုးခဲ့ရတုန်းက အားလုံးထဲမှာ မိန်းကလေးက ကိုယ်တစ်ယောက်တည်း ဖြစ်နေခဲ့တာကိုလဲ မှတ်မိပါရဲ့။ အမှတ်ပြည့်နီးပါး ရမှ ဖြေနိုင်တယ်လို့ သတ်မှတ်ထားတဲ့သူက ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ ကျစဉ်က ၀မ်းနည်းမနေခဲ့တာကလဲ အမှတ်တရတစ်ခုပဲ ထင်ပါရဲ့…။ အင်း……တွေးကြည့်မှ အမှတ်တရတွေက တော်တော်များတာပဲကိုး…။ 
အမှတ်တရဆိုတာက…….အဖြစ်အပျက်၊ အကြောင်းအရာ၊ နေရာဒေသ၊ နေ့စွဲ၊ စိတ်ခံစားမှု၊ လူပုဂ္ဂိုလ်နဲ့ ပစ္စည်းတွေပဲပေါ့လေ။ သာယာပျော်မြူးဖွယ်ရာတွေ၊ စိတ်ညစ်ညူးဖွယ်ရာတွေ၊ ရယ်ရွှင်ဖွယ်ရာတွေ၊ ငိုကြွေးပူဆွေးစရာတွေ… လွမ်းဆွတ်ဖွယ်ရာတွေ၊ မေ့ပျောက်ဖွယ်ရာတွေ……. အားလုံး အားလုံး ရောပြွန်းနေတာကိုက ဘ၀ရဲ့ အမှတ်တရတွေပါ.။ ကွန်ပျူတာရဲ့ မန်မိုရီလို Format ချမရနိုင်တဲ့ လူတွေရဲ့ ဦးဏှောက်အသိညဏ်ထဲမှာ ကြုံခဲ့သမျှတွေဟာ အမှတ်တရချည်းပါပဲလေ။
တိုက်ဆိုင်မှုတွေ ကြုံတဲ့အခါတိုင်း အမှတ်တရ ဖြစ်တတ်ကြတာကိုက အမှတ်တရတစ်ခု ဖြစ်နေလေရဲ့….။

အမှတ်တရ……….။

ကျွန်မ၏ ပဲ့ကိုင်ရှင်

May 31, 2010
ကျွန်မတို့ မိသားစုသည် ဖေဖေ၊ မေမေ၊ ညီမလေး နှင့် ကျွန်မသာ ပါဝင်သော မိသားစုလေးတစ်ခုဖြစ်သည်။ ဖေဖေသည် တည်တံ့သော မျက်နှာနှင့် တင်းကြပ်သော စည်းကမ်းများနှင့် စကားကို မလိုအပ်ပဲ မပြောတတ်သူ ဖြစ်သည်။ ကျွန်မတို့ ညီအစ်မ နှစ်ယောက်သာ မကပဲ ကျွန်မတို့ အိမ်သို့ အလည်ရောက်လာတတ်သော ကျွန်မတို့၏ သူငယ်ချင်းများပါ ဖေဖေ့ကို ချစ်၊ ကြောက် ရိုသေခဲ့ကြရသည်။ သူ၏ ပင်ကိုစရိုက်ကြောင့် မျက်နှာထား တင်း သော်လည်း ခင်မင်အားနာတတ်သူလဲ ဖြစ်သည်။ အပေါင်းအသင်း များနှင့် ဆုံရင်တော့ ပုံတိုပတ်စလေးများ၊ ဟာသများ၊ သူ၏ ဘ၀အတွေ့အကြုံများကို မျှဝေကာ ပျော်ပျော်နေတတ်သူ ဖြစ်သည်။
ယောင်္ကျားတော်တော်များများက အရက်သောက်ထားရင် သွေးဆိုးတတ်ပေမယ့် ကျွန်မ၏ ဖေဖေကတော့ အရက်သောက်ထားလေ ပိုပြီး ချစ်ဖို့ကောင်းလေ ဖြစ်သည်။ ပုံမှန်က တည်တင်းသော မျက်နှာနှင့် ဖေဖေသည် အနည်းငယ် သောက်ထားပြီဆိုသည်နှင့် အိမ်ရှိလူကုန်ကို လိုက်နောက်ကာ စကားတွေ အများကြီး ပြောတတ်သည်။ ထိုသို့အခါတွင် ကျွန်မတို့ ညီအစ်မနှစ်ယောက်နှင့် မေမေတို့ ပျော်ရွှင်ရယ်မောနေကြရသည်။ သားအဖတတွေ ၀ိုင်းကြီးပတ်ပတ် ကစားခဲ့ရဖူးသည်။ မေမေ့ လက်ကို ဆွဲကိုင်ပြီး ကပြခဲ့ဖူးသည်။

စည်းကမ်းတကျ နေတတ်သော ဖေဖေရဲ့ အုပ်ချုပ်မှုအောက်တွင် ကျွန်မတို့ ညီအစ်မ အိမ်လည်မထွက်ခဲ့ဖူးပါ။ ကျွန်မတို့ အိမ်သို့သာ သူငယ်ချင်းများ လာရောက်လည်ပတ် ကစားခဲ့ရသည်။ နယ်မြို့လေးရဲ့ ရိုးရာ တန်ဆောင်တိုင်ပွဲတိုင်း ကျွန်မတို့ညီအစ်မ အပြင်မထွက်ရပါ။ လမ်းထိပ်မှ ဖိုးရှမ်းတို့ မောင်နှစ်မ နှစ်ယောက်ကို ခေါ်ပေးပြီး လေးယောက် တည်းနဲ့ အိမ်ထဲတင် ပိုက်ဆံကြဲကာ ကောက်စေခဲ့သော ဖေဖေပင် ဖြစ်သည်။

မောင်နှစ်မနည်းသော ကျွန်မတို့ ညီအစ်မနှစ်ယောက်ကလဲ သူငယ်ချင်း ကို အလွန်ခုံမင်တွယ်တာတတ်သည်။ မေမေ ထမင်း ခွံ့ကျွေးချိန်တိုင်း နှစ်ယောက်တည်း စားရသည်ကို ပျင်းသည်။ မေမေ ထမင်းခူးတာ မြင်သည်နှင့် လမ်းထိပ်က ဖိုးရှမ်းတို့ မောင်နှစ်မကို ပြေးခေါ်သည်။ ပြီး မေမေခွံ့သည့် ထမင်းလုပ်ကို လေးယောက် အလုအယက်စားသည်။ လေးယောက် ပါးစပ်ကို အလျင်မှီအောင် ခွံ့ရသော မေမေ့ကို ကြည့်ပြီး ကျွန်မတို့ ပျော်ရွှင်ရသည်။

ဖေဖေနှင့်မေမေသည် နှစ်ဖက်မိဘတွေ အခက်အခဲရှိရက်နှင့် ရအောင်လက်ထပ်ယူထားကြသော ဇနီးမောင်နှံဖြစ်သည်။ သို့သော် အခြေခံမတူသော ဘ၀ကိုယ်စီကလာသူတွေမို့ အမြဲလိုလို စကားများ ရန်ဖြစ်လေ့ရှိသည်။ ရန်ဖြစ်တိုင်း မေမေက ညီမလေး၏ လက်ကို ဆွဲကိုင်ကာ အိမ်ပေါ်က ဆင်းသည်။ အကြီးဖြစ်သော ကျွန်မကတော့ ထွက်ခွာသွားသည့် မေမေနှင့် ညီမလေးကို ကြည့်ကာ မျက်ရည်ဝဲကာ ကျန်ရစ်ခဲ့ရတာချည်းပင်။

ဖေဖေ နှင့် ကျန်နေခဲ့ရသော ကျွန်မအတွက် ဘာမှမလိုအပ်ခဲ့ပါ။ ထမင်းဟင်းကို ဆိုင်မှာ သွားစားကာ ကျောင်းပို့သည့်အခါတွင်လည်း မေမေကဲ့သို့ ဖွယ်ဖွယ်ရာရာ စီစဉ်မပေးနိုင်သည့် ဖေဖေက မုန့်ဖိုးကို အများကြီး ပေးလိုက်လေ့ရှိသည်။ မေမေ ကျောင်းလိုက်ပို့သော ညီမလေးကတော့ ထမင်းဘူးနှင့် မုန့်ခြင်းနှင့် ဖြစ်သည်။ ကျောင်းရောက်မှ ဆုံရသော ကျွန်မတို့ ညီအစ်မမှာ ကျွန်မက ပါလာသော ပိုက်ဆံဖြင့် ညီမလေးကို မုန့်ဝယ်ကျွေးသည်။ ညီမလေးက မေမေ ထည့်ပေးလိုက်သော မုန့်တို့အား ကျွန်မကို ကျွေးသည်။

ဖေဖေ နှင့် မေမေ အမြဲလိုလို ရန်ဖြစ်နေကြသဖြင့် ကျွန်မတို့ ညီအစ်မ အချစ်ပိုခဲ့ကြသည်နှင့် တူသည်။ စကားနည်းကာ ကြောက်ရွံ့တတ်သော ညီမလေးက ဖေနဲ့မေ ရန်ဖြစ်သည့်အခါတိုင်း အိမ်ခန်းထဲ သို့မဟုတ် ရေအိမ်ထဲတွင် ၀င်ပုန်းနေတတ်သည့် အချိန်တွင် စိတ်ဆက်ကာ ဒေါသထွက်လွယ်သော ကျွန်မက ဖေနဲ့ မေကြား ဟိုဆွဲ၊ ဒီဆွဲနှင့် အော်ဟစ်ငိုယိုနေတတ်သည်။ ရန်ပွဲပြီးသွားသောအခါတွင်မှ အခန်းထဲမှာ တိုးတိက်စွာ ငိုရှိုက်နေသော ညီမလေးကို ပွေ့ဖက်ချော့ရသည်။

အနေအေးသော ကျွန်မတို့ ညီအစ်မနှစ်ယောက်သည် ထို့သို့ အကြောင်းများကြောင့်ပင် စာကို ကြိုးစားခဲ့ကြသည် ထင်သည်။ ငယ်စဉ်ကတည်းက စာကြည့်၊ စာကျက်ဖို့ တစ်ခွန်းမှ မပြောရအောင် ကျွန်မတို့ ညီအစ်မ စာရေး၊ စာဖတ် ၀ါသနာပါခဲ့ကြသည်။ နှစ်စဉ် အတန်းစဉ် ဆုရခဲ့ကြသော ကျွန်မတို့ ညီအစ်မ၏ ဆုပေးပွဲတိုင်း ဖေဖေ မတက်ရောက်ခဲ့သည်မှာလဲ ပို၍တိုး ကြိုးစားဖို့ တွန်းအားတစ်ခု ဖြစ်ပါလိမ့်မည်။

သာမန်လူလတ်တန်းစား ချမ်းသာကြွယ်ဝမှုထက် အနည်းငယ်သာလွန်သည်ကလွဲလျှင် ကျွန်မတို့ မိသားစုသည် ချမ်းသာသော မိသားစုတစ်ခု မဟုတ်ပေ။ ထို့အတွက် ကျွန်မတို့သည် သူဌေးသမီးများ မဟုတ်ပေ။ သို့သော် သူဌေးသမီးများကဲ့သို့ ခုလိုချင် ခုတန်းမရပေမယ့် လိုချင်သည့်အရာတိုင်းကိုတော့ အချိန်အတိုင်းတာ တစ်ခုအတွင်း ရရှိခဲ့ကြသည်။ လိုအပ်ချက်ဆိုတာ မရှိလောက်အောင် ပြည့်စုံခဲ့ကြသည်။ ထို့အတွက် ကျွန်မတို့ ညီအစ်မ ကံကောင်းသည်ဟု ဆိုရပါမည်။

ထိုထက်ပို၍ ကျွန်မတို့ ကံကောင်းသည်မှာ ဖေဖေ၏ စကားတစ်ခွန်းပင် ဖြစ်သည်။ ”ငါ့သမီးတွေဖက်ကသာ ထူးချွန်နေပါစေ ဖေဖေ့ ဖက်က မတက်နိုင်ဘူးဆိုတဲ့ ကိစ္စ မရှိစေရဘူး” ဆိုသော စကားမှာ ကျွန်မတို့ ညီအစ်မ၏ အားအင်တစ်ခုပင် ဖြစ်သည်။ သင်တန်းတက်မယ်၊ စာအုပ်ဝယ်မယ် ဆိုတဲ့ ကုန်ကျစရိတ်ကလွဲလျှင် တခြားမိန်းကလေး အသုံးစရိတ်နည်းပါးသည့် ကျွန်မတို့ ညီအစ်မကလဲ ရောက်သည့်နေရာတိုင်း ထူးချွန်အောင် ကြိုးစားခဲ့ကြသည်။

ထို့အတွက် ကျွန်မတို့၏ ကွယ်ရာတွင် ဂုဏ်ယူစကား ပြောတတ်သော်လည်း ဖေဖေ၏ နှုတ်မှ ချီးကျူးစကားဆိုတာ ကျွန်မတို့ မကြားဖူးခဲ့ပေ။ တင်းကြပ်ပြီး စိတ်ထဲကသာ ချစ်တက်သော ဖေဖေ ဖြစ်သည်။ တင်းကြပ်သော ဖေဖေနှင့် အကြောတင်းကာ မဟုတ်မခံ စိတ်ထားပိုင်ရှင် ကျွန်မတို့ အမြဲ ထိပ်တိုက်တွေ့ရလေ့ရှိသည်။ ဖေဖေ နှင့် ကျွန်မ ဖြစ်လေ့ရှိသော ပြဿနာအများစုမှာ ညီမလေး အတွက်ပင် ဖြစ်သည်။

ညီမလေးကို ဆူတိုင်း၊ ငေါက်တိုင်း သုံးနှစ်သာကွာသော ကျွန်မက ”ကလေးကို ဘာလို့ငေါက်တာလဲ ကလေးက ဘာသိမှာလဲ” ဟုသော စကားဖြင့် ဖခင်ကို ပြန်ပြော ရန်ုလုပ်တတ်သည်။ အငယ်က အကြီးကို ပြန်ပြောခွင့်မရသော မိသားစုမှာ ကြီးပြင်းခဲ့ရသော ဖေဖေက စိတ်ဆိုးဒေါသထွက်ကာ ကျွန်မကို ရိုက်သည်။ ကျွန်မ၏ ဘ၀တစ်လျှောက်လုံးတွင် ဖေဖေ၏ အရိုက်ကို သုံးခါမျှ ခံခဲ့ရဖူးသည်။ ပထမတစ်ကြိမ်သာ ကျွန်မ၏ အပြစ်ဖြစ်ပြီး နောက်နှစ်ကြိမ်စလုံး ညီမလေးဖက်က ရပ်တည်ပြန်ပြောသော ပြစ်မှုချည်း ဖြစ်သည်။

စီးပွားရေးကို တစ်မျိုးပြီး တစ်မျိုး လုပ်နေသော ဖေဖေက အိမ်မှာ နေထိုင်ချိန် နည်းပါးသည်။ ဖေဖေ နှင့် ကျွန်မတို့ ညီအစ်မကြားမှာ နွေးထွေးမှုက ရှိသင့်သည်ထက် နည်းပါးခဲ့ပါလိမ့်မည်။ သို့သော် ကျွန်မတို့ ညီအစ်မနှစ်ယောက်စလုံး ဖေဖေ့ကို ချစ်ခင်သည်။ ကျွန်မ ကြုံတွေ့ခဲ့ရသည့် အခက်အခဲတိုင်း စကားနည်းသော ဖေဖေ၏ ဆယ်လုံးမျှသော စကားအချို့နှင့် ဖြေရှင်းနိုင်ခဲ့သည်။ ထို့အတူ ညီမလေး လိုအပ်သော အားအင်တို့အား ဖေဖေ၏ နှုတ်ထွက်စကားအနည်းငယ်မှ ရရှိခဲ့ပါလိမ့်မည်။

စာဖတ်နာကာ အတွေ့အကြုံများသော ဖေဖေသည် မည်သို့အရာမျိုးနှင့် ကြုံလာလာ စိတ်ခံစားမှုကို မျက်နှာပေါ်တွင် မပေါ်စေပဲ အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်ဖြတ်သန်းလေ့ရှိသည်။ အရာရာကို အကွက်ကျကျ စနစ်ရှိရှိ စာရင်းနှင့် ဇယားနှင့် အမြဲတွက်ချက်ကာ စီမံကွပ်ကဲနိုင် သော ဖေဖေ၏ အရည်အချင်း များကို မှီဖို့ ကျွန်မ အများကြီး ကြိုးစားဖို့ လိုအပ်ပါသေး သည်။ ဘယ်လိုပဲ အနေ စိမ်းစိမ်း၊ ဘယ်လောက်ပဲ နွေးထွေးမှု နည်းပါးပါး ကျွန်မအတွက် ဖေဖေသည် “အဖေ” ပင်ဖြစ်သည်။ ပုထုဇဉ် ပီပီ ဖေဖေ့တွင်လဲ လိုအပ်ချက်များ ရှိကောင်းရှိနေနိုင်ပါသည်။ သို့သော် ကျွန်မ ၏ ပဲ့ကိုင်ရှင် ဖေဖေ့ကို ချစ်သည်။

ညီမလေးသို့ အိတ်ဖွင့်ပေးစာ

May 28, 2010


ညီမလေးရေ

တို့မြန်မာ မိသားစု ရိုးရာ

အထက်အောက်ဆိုတဲ့
အစဉ်အလာဟောင်းထဲက ဖောက်ထွက်ခဲ့ပါ။

အကြီးနဲ့ အငယ်ကို
ဖယ်ထားလိုက်ရင်

ညီအစ်မဆိုတာပဲ
ကျန်မှာ မဟုတ်လား။

ငါ မှားပြီး မင်းမှန်တဲ့အခါ
မင်း အစ်မလုပ်ပြီး ဆုံးမပေါ့……..

မင်းမှားပြီး ငါမှန်တဲ့အခါ

မင်း ညီမလုပ်ပြီး နာခံလိုက်ပေါ့……။

ငါ့ရယ်သံတွေ
မင်းနှုတ်ခမ်းက ထွက်ကျတဲ့အထိ
မင်း ငိုရှိုက်သံတွေ
ငါ့နှုတ်ခမ်းက ပွင့်အန်တဲ့အထိ
ရင်ချင်းထပ်လို့ ချစ်ခဲ့ကြတာပဲ။

မင်းကြုံလာတဲ့ ကိစ္စတိုင်းမှာ
ရှေ့ကနေ ငါ မားမားရပ်ခဲ့သလို
ငါကြုံခဲ့တဲ့ ပြဿနာတိုင်းမှာ
နောက်ကနေ မင်း ကြံ့ကြံ့ခိုင်ပေးခဲ့တာပဲ။

မင်း စိတ်ဆိုးအောင် ငါလုပ်ခဲ့ဖူးသလို
ငါ ဒေါသထွက်အောင် မင်း စခဲ့ဖူးတယ်
စိတ်ကောက်၊ ရန်ဖြစ်ပြီး
သဘောထားတွေ ကွဲလွဲခဲ့ဖူးတယ်။

မင်းဖျားတုန်းက ငါလိုက်ဖျားခဲ့သလို
ငါ မျက်ရည်ကျတော့ မင်းလိုက်ငိုခဲ့ဖူးတယ်
သုံးနှစ်ကျော် ကွာပေမယ့်
အမြွာတွေ ထင်ရလောက်အောင်
တို့နှစ်ယောက်စည်းလုံးခဲ့ဖူးတယ်။

ရန်ဖြစ်ထားတဲ့အခါ
သီချင်းဆိုပြီး စောင်းတတ်တဲ့
မင်းကို
ငါ… အခု လွမ်းလို့ မျက်ရည်ကျတယ်……….။

စကားနည်းသလောက်
အချက်ကျကျ ပြောဆိုတက်တဲ့

မင်းရဲ့ အသံစာစာကို ငါ……..

အခု လွမ်းလို့ မျက်ရည်ကျတယ်…..။

မတည့်ပေမယ့်
အမြဲအတူနေခဲ့တဲ့ မင်းနဲ့ငါ
ထမင်းစားချိန်တိုင်း တွတ်ထိုးခဲ့တာ
ငါ အခု လွမ်းလို့ မျက်ရည်ကျတယ်………။

မင်းကို လွမ်းလို့ ငိုမိတဲ့ ဒီအချိန်မှာ
ဝမ်းနည်းအောင် လုပ်ခဲ့သမျှအတွက်

ငါ………
အခု လက်နက်ချ တောင်းပန်တယ်………။

ငါ့ရဲ့ မြတ်နိုးပူပန်မှုနဲ့
လက်ဖြန့်မိုး စောင့်ရှောက်မှုတွေက

မင်းအတွက် လောင်းရိပ်တစ်ခု ဖြစ်နေခဲ့တဲ့အတွက်
ငါ…….. အခု နှုတ်ထွက် တောင်းပန်တယ်……….။

သေချာတာကလေ
မင်းငိုတိုင်း ငါ အလျှော့မပေးခဲ့တာက
လောကကြီးမှာ ငိုကြွေးမှုနဲ့
ကိုယ်လိုချင်တာ မရနိုင်ဘူးဆိုတာ သိစေချင်လို့ပါ။

ငါကိုယ်တိုင်ထက်၊
ငါ့အတ္တထက်
ငါ့မျှော်လင့်ချက်ထက်၊
ငါ့ချစ်သူထက်
အရာအားလုံးထက်…….
မင်းကို……… ငါ့ညီမလေးကို ပိုချစ်တာပေါ့ကွယ်။

ဘွဲ့တစ်ခုရတဲ့အထိ
ငါ့ ရင်ရိပ်အောက်မှာ
မင်း မွန်းကြပ်ကောင်း မွန်းကြပ်ခဲ့လိမ့်မယ်
ဒါဟာ လုံခြုံစေလိုမှု တစ်ခု သက်သက်ပါ။

ခုချိန်ထိ ကလေးတစ်ယောက်လို
သဘောထားချစ်ခင်ပေမယ့်လည်း
မင်း အရွယ်ရောက် ကြီးပြင်းလာပြီဆိုတာ
ငါ အသိအမှတ်ပြု လက်ခံပါတယ်။

ဘယ်လမ်းကြောင်းက ဘယ်လိုဆိုတာ
ပြောပြပြီးတဲ့ နောက်မှာတော့
မင်းအတွက် လွတ်လပ်တဲ့ စဉ်းစားဆုံးဖြတ်ခွင့် ပေးထားပြီးသားပါ။

ငါကိုယ်တိုင် အနီးကပ်
လိုက်ပါစောင့်ရှောက်ခွင့်မရတဲ
ဟိုးအဝေးမှာ မင်း………
ပြောစရာစကားနဲ့ တိုင်ပင်စရာ အကြောင်းအရာတွေ ရှိနေခဲ့ရင်………

ညီမလေးရေ
အကြီးနဲ့ အငယ်ကို ဖယ်ထားလိုက်ရင်

ညီအစ်မပဲ ကျန်တာမဟုတ်လား

အစဉ်အလာဟောင်းထဲက ဖောက်ထွက်ခဲ့ပါ
ဟောဒီမှာ
သူငယ်ချင်းတဖြစ်လဲ
ရဲဘော်ရဲဘက် အစ်မကြီးက

နွေးထွေးတဲ့ ရင်ခွင်မှာ အကြင်နာအပြည့်နဲ့ နှစ်သိမ့်အကြံပေးဖို့ အသင့်ရှိတယ်………….။ ။

ရင်ငြိမ်းပန်း(ပခုက္ကူ)