Archive for July, 2010

ကိုယ်ပြုသည့်ကံ ပဲ့ထင်သံ ကိုယ့်ထံပြန်လာမည်

July 31, 2010
    လွန်ခဲ့သော ခုနှစ်နှစ်ခန့် 2003 ဆီက ဖြစ်သည်။ ကျွန်မတို့ တွဲဖော်တွဲဖက် သူငယ်ချင်း လေးယောက်ဖြစ်တဲ့ မေကျော်၊ စန္ဒာ၊ အောင်လွင် နဲ့ ကျွန်မ (နန်းလေပြေနု) တို့ သင်တန်းတစ်ခုကို အတူတကွ တက်ဖြစ်ခဲ့သည်။ programming သင်တန်းတစ်ခု ဖြစ်သည်။ သင်တန်းဆရာများက ကျောင်းဆင်းခါစ ငယ်ငယ်ရွယ်ရွယ်လေးတွေ ဖြစ်ပေမယ့် နည်းပညာကျွမ်းကျင်ကာ စာသင်ကြားခြင်းမှာလဲ ထူးချွန်တက်မြောက်သူများ ဖြစ်သည်။
    သူငယ်ချင်းတွေ အတူတကွ တက်ခြင်း ဖြစ်သည်ကြောင့်ရော၊ ဆရာများ၏ သင်ကြားမှု ကောင်းမွန်သည်ကြောင့်ရော ကျွန်မတို့တတွေ အတော်လေး ပျော်ရွှင်ခဲ့ကြသည်။ ဆရာများက တခြားမြို့မှ လာရောက်ကာ သင်တန်းဖွင့်ခြင်း ဖြစ်သဖြင့် ငှင်းတို့၏ နာမည်မှ အပ ကျန်သည်ကို ကျွန်မတို့ မသိရှိကြပေ။ သိရှိဖို့ရန်လဲ မလိုအပ်ပေ။ အဓိက က ကိုယ်တက်ရောက်သည့် သင်တန်း အောင်မြင်စွာ ပြီးဆုံးဖို့ပင် ဖြစ်သည်။
    ထိုသို့ ကျောင်းမှာရော သင်တန်းမှာပါ တတွဲတွဲနေနေကြသည့် ကျွန်မတို့ လေးယောက်ကို သူများတွေ အားကျ မနာလိုဖြစ်သည့်အထိပင် ထိုသင်တန်း၏ သင်ကြားမှုက စိတ်ကျေနပ်စေခဲ့သည်။ ထိုအခါ အခြား သူငယ်ချင်းတစ်ယောက်ဖြစ်သော ရာရားကို ထိုသင်တန်းတက်ဖို့ ကျွန်မတို့တွေ တိုက်တွန်းကြလေသည်။ ငါးယောက်ဖြစ်သွားသော ကျွန်မတို့ အဖွဲ့ ပိုပြီးစုစည်းသွားကာ အိမ်ကလူတွေ မျက်စေ့နောက်သည့်အထိ လက်တွဲမြဲမြံ ချစ်ခင်ခဲ့ကြသည်။
    သင်တန်းလေးကိုလဲ တွယ်တာကာ ဆရာတို့ကိုလဲ လေးစားချစ်ခင်ခဲ့ရသည်။ ထို့ကြောင့်ပင် ဆရာများအတွက် ကျွန်မတို့ ငါးယောက်အဖွဲ့က အနီးကပ် တပည့်ရင်းတွေ ဖြစ်သွားကြသလို ကျွန်မတို့အတွက်လဲ ဆရာများသည် သူရဲကောင်းများ သဖွယ် ဖြစ်လာကြသည်။ လူတို့၏ သဘောသဘာဝ အရ လေးစားပြီ၊ ချစ်ခင်ပြီ ဆိုလျှင် အရာတော်တော်များများကို အကောင်းဖက်ကသာ ကြည့်မြင်ကြလေ ရှိသည်။
    ထိုအချိန်မှာပဲ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်နေကြသော ကျွန်မတို့ကို သင်ကြားပြသပေးနေသည့် ဆရာများသည် တဖြည်းဖြည်းနှင့် သတင်းဆိုးများ ထွက်စပြုလာသည်။ အဓိက အကြောင်းအရင်းမှာ ငှင်းတို့ သင်ကြားပေးနေသော တပည့်ကျောင်းသူများနှင့် ပါတ်သက်ရာမှ အစပြုခြင်း ဖြစ်သည်။ ထိုအခါ သင်တန်းမှ မဟုတ်သော သူငယ်ချင်းများက ကျွန်မတို့ အဖွဲ့အား မေးမြန်းစပ်စုကြသည်။  ဘကုန်းနှင့် စသော မေးခွန်းများ..။ လနှင့် ဆုံးသော မေးခွန်းများအကြားတွင် ကျွန်မတို့ သူငယ်ချင်း ငါးယောက် ခေါင်းမဖော်နိုင်အောင် အလူးအလဲ ဖြစ်ခဲ့ကြသည်။
    ကျွန်မ အပါအဝင် လူတော်တော်များများ၏ အကျင့်လေးတစ်ခုမှာ ကိုယ်ချစ်ခင်နှစ်သက်သည့် လူတစ်ယောက်ကို ကိုယ်ကသာ လက်ညှိုးထိုး အပြစ်ဆိုချင်ဆိုမယ် တခြားသူ အပြစ်ဆို ကဲ့ရဲ့ခြင်းကိုတော့ ဆက်ဆက်ထိ မခံနိုင်ကြခြင်း ဖြစ်သည်။ ထို့အတွက် အဖွဲ့ထဲတွင် ခေါင်းဆောင်လို ဖြစ်နေသော လူမိုက်ဘွဲ့ခံ ကျွန်မနှင့် အောင်လွင်တို့မှ ဆရာတို့ဖက်မှ တက်နိုင်သမျှ ခုခံကာကွယ်ခဲ့ကြသည်။
    လူသားအချင်းချင်း ချစ်ခင်သက်ဝင်ကြသည်မှာ အပြစ်တစ်ခုဟု ကျွန်မ မထင်မြင်မယူဆချင်ပါ။ ကျောင်းသူဖက်က စသည်ဖြစ်စေ ဆရာ့ဖက်မှ စသည်ဖြစ်စေ လူနှစ်ယောက် ချစ်ခင်ကြသည်မှာ မုန်းတီးသည်ထက်တော့ ပိုပြီး နားဝင်ချိုပါသည်။ သို့သော်……………….။

    ထို သို့သော်မှာ တာဝန်တော်တော်ကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မတို့ နေထိုင်ကြီးပြင်းရာ မြန်မာမိသားစု အသိုင်းအဝိုင်းထဲမှာက လိုက်နာရမည့် စည်းကမ်းများ၊ လိုက်နာသင့်သော စည်းမျဉ်းများ၊ တစ်နည်းအားဖြင့် ဆိုသော် လူ့စည်း၊ ဘီလူးစည်း ဟု ဆိုရမည့် စည်းများ တော်တော်များများကို ရှိနေသည်။ လွတ်လပ်သော လူငယ်နှစ်ယောက် ချစ်ခင်ကြသည့် အဖြစ်မှာ … ဆရာ နှင့် တပည့်ဟုသော စည်းလေး ရှိနေသည့်အတွက် အများအမြင်နှင့် အကြားအတွက် ကဲ့ရဲ့ပြစ်တင် အတင်းဆိုစရာ ဖြစ်နေသည်။
    ဆရာနှင့် တပည့် လက်ထပ်သည့် အဖြစ်အပျက်တွေ မရှိဘူး မဟုတ်ပါဘူး။ အများကြီး ရှိပါတယ်။ ကျွန်မရဲ့ ဖေဖေ နှင့် မေမေက အစ ဆရာတပည့်ယူထားခြင်း ဖြစ်သည်။ မတူညီသည့် အဆင့်အတန်းကို ညီမျှအောင် ညှိယူနိုင်မည်ဆိုလျှင် ပြဿနာ မရှိဟု ကျွန်မ ထင်မြင်သည်။ ဆရာက တပည့်ကို လက်ထပ်ယူသည့်အတွက် လူအများလေးစားခံရသည့် ဘဝမှာ နိမ့်ဆင်းပေးရကောင်း ပေးရလိမ့်မည်။ ဆရာဘဝကို စွန့်လွှတ်ကောင်း စွန့်လွှတ်ရလိမ့်မည်။ တပည့်မအနေနှင့်လဲ အနန္တောအနန္ဒ ဂိုဏ်းဝင် ဆရာသမားကို လက်ထပ်ယူသည့်အတွက် ဂိုဏ်းပြစ်သင့်သည် မသင့်သည်တော့ မသိ။ လူအများစု၏ ကဲ့ရဲ့ပြစ်တင်မှုကိုတော့ ခံယူရပေလိမ့်မည်။
    ကျွန်မ တွေးမိသည်မှာ ဆရာက တပည့်ကို ချစ်မိသည်မှာ အပြစ်တစ်ခုဟု မဆိုသာပေ။ သို့ပေမယ့် အားလုံးခံယူထားကြသည့် စည်းများမှ အစွန်းလွတ်စေရန် ဆရာဘဝကို စွန့်လွှတ်လိုက်။ ဆရာ မဟုတ်တော့သဖြင့် တပည့်ကျောင်းသူနှင့် ပါတ်သက်သည် မဟုတ်တော့ပဲ အခြေတူလူနှစ်ယောက် ချစ်ကြိုက်ခြင်းသာ ဖြစ်သွားမည်။ ထိုအနေအထားကို ကျွန်မသာ မဟုတ်ပဲ လူတော်တော်များများ လက်ခံနိုင်ကြသည် ဆိုသည်ကို ကျွန်မကိုယ်တိုင် လူ အယောက်နှစ်ဆယ်ကို လိုက်မေးကာ 72 : 28 အချိုးရရှိခြင်းဖြင့် သိရှိခဲ့သည်။
    သို့သော်.. မထင်မှတ်ထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့သည်။ ထိုသည်မှာ ဆရာဘဝကို မစွန့်လွှတ်နိုင်သော ကျွန်မတို့၏ ဆရာက တပည့်ကျောင်းသူဖက်မှ စတင်ကာ မေတ္တာသက်ဝင်ခဲ့သဖြင့် ထိုသို့ ဖြစ်ရပါသည်ဟု ဆိုကာ လူအများ သမုတ်ကြသည့် ပြစ်တင်ဝေဖန်မှုများကို တာဝန်မယူပဲ မိန်းကလေးဖက်ကို လုံးလုံးလျားလျား လွှဲချခဲ့ခြင်း ဖြစ်သည်။
    တစ်ချိန်လုံး လေးစားအထင်ကြီးခဲ့ရသည့် ထိုဆရာကို ကျွန်မတို့ သူငယ်ချင်းတွေ စိတ်အကြီးအကျယ် ပျက်သွားခဲ့ရသည်။ မည်သူ့ ဖက်မှ စတင်သည်ဖြစ်စေ.. ချစ်သူရည်းစားဘဝကို တစ်ဦးတစ်ယောက်တည်းနှင့် ဖန်တီးယူလို့ မရဘူးဆိုတာ အလယ်တန်းကျောင်းသားအရွယ်တွေတောင် ရှင်းရှင်းလင်းလင်း သိနေသည့် ဒီခေတ်ကြီးမှာ ဘာအတွက် ထိုသို့ ဖန်တီးချင်ရသလဲဆိုတာ ကျွန်မ တွေးတောမရပါ။
    အခြားသော သင်တန်းသားများရှေ့ လူသိထင်ရှား လက်ဆောင်လဲလှယ်ခြင်း၊ ကဗျာရေးစပ်ခြင်း၊ စာအပြန်အလှန်ပေးပို့ခြင်း ….. စသည်ကို စိတ်ရှင်းရှင်း၊ လိပ်ပြာလုံလုံနှင့် ထိုဆရာ လုပ်ခဲ့သည်ကို ကျွန်မအပါအဝင် လူတော်တော်များများ သိမြင်ကြားခဲ့သည်။ ဤသည်မှာ ထိုတပည့်ကျောင်းသူ၏ ဖိတ်ခေါ်မှုဖြင့် လုပ်ဆောင်ခဲ့ရပါသည် ဆိုလျှင် … သင်ကြားခဲ့ဖူးသည်ကို မထောက်ညှာပဲ ကျွန်မ ဝေဖန်ချင်ပါသည်။ ထိုဆရာ ဦးနှောက်မရှိသူ တစ်ယောက်ပေလား။ သို့တည်းမဟုတ်. ကလေးတစ်ယောက် စဉ်းစားဆင်ခြင်နိုင်သည့် ကိစ္စကို တွေးတောဆင်ခြင် နိုင်သည့် ညဏ်ရည်မျိုး မရှိသူ တစ်ယောက်လား။
    ကျွန်မတို့ သူငယ်ချင်းတွေ ဘယ်လောက်ပဲ ခုခံကာကွယ်ပေးချင်သော်ငြား ဖုံးဖိလို့ မရနိုင်သည့် အကျင့်ဆိုးကို ထိုဆရာ ပိုင်ဆိုင်ထားသည်မှာ ကျွန်မတို့အတွက် အိပ်မက်ဆိုးတစ်ခုပင် ဖြစ်သည်။ သင်တန်းသားတွေ တရုန်းရုန်းနှင့် ဝေစည်ပျော်ရွှင်စရာ သင်တန်းအဖြစ်ကနေ ခပ်ကျဲကျဲ ခပ်ပါးပါး သင်တန်း ဖြစ်လာသည်ကို ထိုင်ကြည့်ရင်း ကျွန်မ စိတ်တော်တော်မကောင်းပါ။ ကျွန်မတို့အနေနှင့် အဖတ်ဆည်လို့ မရနိုင်သည့် ထိုအဖြစ်အတွက် ဘယ်လိုမှတ်ချက်မျိုးမှလဲ မပေးချင်တော့ပါ။
    နင်တို့ ဆရာက အဲလိုကြီးဆို… ။ ဒါဆို နင်တို့ သင်တန်းက ဆရာတွေ အဲလိုလုပ်နေတာကို အကာအကွယ်ပေးထားတဲ့ သင်တန်းကြီးပေါ့… ။ နင်တို့သင်တန်းကြီးက … ။ … ။ ……….။ ………………….။
    ကျွန်မရဲ့ ခေါင်းထဲတွင် ရှိသည်က ဆရာအဝတ်ကို လွှမ်းခြုံထားသ၍ ထိုသူသည် ဆရာတစ်ယောက်သာ ဖြစ်သည်။ သို့သော် ယခင်က ထားရှိခဲ့သည့် လေးစားမှု၊ အထင်ကြီးမှုများ မရှိသလောက် လျော့ပါးသွားမည်လားတော့ ကျွန်မ မသိနိုင်။ သည်လိုနှင့်ပင် ကျွန်မ သင်တန်းဆီသို့ အရောက်အပေါက်နည်းသွားသည်။ ဆရာ့အတွက်နှင့် ကျွန်မတို့ သူငယ်ချင်းတွေ ငြင်းရခုန်ရသည်။ အတွေးအမြင်တွေ ကွဲလွဲရသည်။ ကာယကံရှင် နှစ်ယောက်က နေသာသလို နေနေကြသည့်အချိန်တွင် သူတို့အတွက် ကျန်သူများ သွေးကွဲကြရသည်။
    …………………………………………………………………………….။
    ဆရာနှင့် တွဲဖက်ရေးသားနေသော ပရော့ဂျက် ကိစ္စအတွက် ဆရာနှင့် တွေ့ဆုံသည်၊ ပူးပေါင်းဆောင်ရွက်သည်၊ အောင်မြင်အောင် ကြိုးစားသည်။ ထိုသည်မှ လွဲ၍ ကျွန်မနှင့် ဆရာ့ အကြား ဘာမျှ မရှိတော့ပါ။ ကျွန်မကို သင်ကြားပြသခဲ့ဖူး၍ ဆရာဖြစ်ခဲ့ဖူးသော လုပ်ဖော်ကိုင်ဖက် တစ်ယောက် အဖြစ်သာ ကျန်ရှိတော့သည်။ ဒီလိုလူမှန်းသိနေတာတောင် တွဲပြီး လုပ်ကိုင်နေသေးလားဟု ကျွန်မ မေးခွန်း အထုတ်ခံရသည်။ သူ့ ပုဂိုလ်ရေးကိစ္စမှ လွဲလျှင် ကျွန်မအတွက်တော့ ဆရာသမားကောင်းတစ်ယောက်သာ ဖြစ်သည်။ ကျွန်မမသိသော နည်းပညာများနှင့် ပရော့ဂျက် ရေးသားနည်းများကို နည်းပြလမ်းညွှန်ခဲ့သော ဆရာသည် ဆရာပင်ဖြစ်သည်။
    သူတို့နှစ်ဦး ကိစ္စနှင့် ပါတ်သက်၍ မည်သူ့ဖက်ကမှ ကာကွယ်ပြောဆိုခြင်းမျိုးလဲ မလုပ်တော့ပါ။ မည်သူမပြု မိမိမှုပင် ဖြစ်သည်။ အကြောင်းရှိ၍သာ အကျိုးဖြစ်ခဲ့ရခြင်းပင် မဟုတ်ပါလား။ မည်သူပြောခဲ့မှန်း မသိပေမယ့် အိမ်အများစုမှာ ချိတ်ဆွဲထားလေ့ရှိသော စာသားလေးတစ်ခုကိုသာ ကြားယောင်မိသည်။
    ကိုယ်ပြုသည့်ကံ ပဲ့ထင်သံ ကိုယ့်ထံပြန်လာမည်။

ချစ်ခင်စွာဖြင့်
နန်းလေပြေနု

မည်သို့ပင်ဖြစ်စေ…………. ကျွန်မကတော့ လွမ်းနေဦးမည်သာ ဖြစ်သည်။

July 27, 2010
 27.12.2009 တွင် ရေးဖြစ်ခဲ့သော စာစုလေး ဖြစ်ပါသည်။
2008 ခုနှစ် ဒီဇင်ဘာလ 27 ရက် ကနေ ဒီနေ့ 2009 ခုနှစ် ဒီဇင်ဘာလ 27 ရက်နေ့အထိ ရက်ပေါင်း 365 ရက်တိတိ။ နာရီဖြင့်ဆိုလျှင် 8760 နာရီ၊ မိနစ်ဖြင့်ဆိုလျှင် 525600 မိနစ်၊ စက္ကန့်ဆိုပါက သုံးရာတစ်ဆယ့်ငါးသိန်းနှင့် သုံးသောင်း ခြောက်ထောင် စက္ကန့်ခန့် ကြာလေပြီ။ တစ်လလောက် ခွဲရတာလေးကိုတောင် မျက်ရည်ကျမိအောင် ၀မ်းနည်း တက်သော ကျွန်မဒီမျှအထိ သူနဲ့ ခွဲခွာနေနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ဘူးပါ။ သို့သော် မယုံကြည် နိုင်လောက်အောင်ပင် သူနဲ့ ကျွန်မ ဝေးကွာခဲ့တာ တစ်နှစ်တင်းတင်း ပြည့်လေပြီ။
လေးနှစ်စာ တည်ဆောက်ခဲ့သော ချစ်ခင်မှု၊ ရင်းနှီးမှု၊ တွယ်တာမှု၊ မြတ်နိုးမှု၊ ယုံကြည်မှု၊ လေးစားမှု၊ ကြင်နာမှုတို့ကို မေ့ ပစ်ဖို့ရာ တစ်နှစ်ဆိုသော အချိန်သည် လုံလောက်ပါရဲ့လား။ သူရော ကျွန်မကို မေ့ပစ်လိုက်နိုင်ပြီလား။ သို့တည်းမဟုတ် ကျွန်မလို မဟုတ်ရင်တောင် တိုက်ဆိုင်မှု ရှိတဲ့အခါတိုင်း ကျွန်မကို သတိရဖြစ်ပါရဲ့လား။ အရာရာကို လက်တွေ့ကျကျ ရှု့ မြင်တတ်သော သူသည် ကျွန်မလို အချိန်တိုင်း လွမ်းဆွတ်ခံစားနေမည့်သူ မဟုတ်တာ သေချာပါသည်။ သို့ဆိုလျှင် အပြီးတိုင် ဖျောတ်ဖျတ်၍ မရသော မှတ်ညဏ်အစိတ်အပိုင်းထဲမှ အပ သူ့ရင်ထဲတွင် ကျွန်မ ရှိမနေတော့မှာလဲ သေချာ ပါသည်။
ကျွန်မကတော့ လွမ်းဆွတ်မှုကို ရေလဲလို စားသုံးကာ သူနဲ့ ပါတ်သက်သမျှကို ရင်ထဲမှာ သိမ်းဆည်းပြီး ဝေဒနာကို ထမ်းပိုးနေသူဖြစ်သည်။ လွမ်းတယ်ဆိုတာ ရင်ထဲမှာ ဆို့နစ်လာအောင် သတိရတတ်တာမျိုး မဟုတ်လား။

သူနဲ့ ချစ်သူ စဖြစ်တဲ့နေ့ ကနေ ခွဲခွာခဲ့တဲ့ ဒီနေ့အထိ သူ့အကြောင်း၊ သူ့သတင်း၊ သူမှတ်ရာ အားလုံးကို စကားလုံး တစ်လုံးချင်းစီကအစ သတိရနေတုန်းပဲလေ။ “ ကိုယ် ဒိုင်ယာရီ ရေးစရာ မလိုတော့ဘူးကွ သိချင်တာရှိရင် မေလေးကိုပဲ မေးမယ် မေလေးက ပိုစုံတယ်” ဟု သူပြောယူရတဲ့အထိ သူ့အကြောင်းကို သူ့ထက် ကျွန်မ ပိုသိခဲ့ပါသည်။ ပို၍ အလေး အနက်ထားခဲ့ပါသည်။ သူပြောတဲ့ စကားတွေထဲမှာ ဘယ်လိုအရိပ်အငွေ့တွေ ပါဝင်နေသလဲ၊ သူရေးတဲ့ စာတွေမှာ ဘယ်လိုစိတ်ခံစားမှု တွေ ရောထွေးနေသလဲ ဆိုတာ ခံစားရိပ်မိသည့်အထိ ကျွန်မ သူ့ကို တစိမ့်စိမ့် ဖတ်ရှု့နားလည် ခဲ့သည်။
ဝန်ထမ်းတစ်ယောက်ရဲ့ အခက်အခဲတွေ၊ အရာရှိတစ်ယောက်ရဲ့ တာဝန်တွေ၊ မိဘနှစ်ပါး၏ တစ်ဦးတည်းသာ ကျန်ရှိ သော လူပျိုလူလွတ်တစ်ယောက်ရဲ့ ၀တ္တရားတွေ၊ ရာထူးနေရာ အဆင့်အတန်း ခွဲခြားမှုတွေ၊ ဆန္ဒအချို့နဲ့ ငွေကြေး မပြည့်စုံမှုတွေ၊ မိသားစုပြဿနာတွေကို သူပြောပြသည့်အခါတိုင်း ကျွန်မက နားထောင်ကာ ဖြေရှင်းဖို့ နည်းလမ်း ကောင်း မပေးနိုင်ရင်တောင် နွေးထွေးစွာ နှစ်သိမ့်ခဲ့သည်လေ။ အဆင်မပြေမှုတွေနဲ့ ပြည့်နှက်နေသော သူ့ကို ကျွန်မ၏ စကားလုံးများဖြင့် ထပ်ပြီး ၀န်မပိစေရန် နေ့ညမပျက် လွမ်းနေသည် အကြောင်း မပြောရက်လောက်အောင် ကျွန်မက သူ့ကို ချစ်ခဲ့သည်။
ကျွန်မမှာ ရှိတဲ့ အခက်အခဲမှန်သမျှကို တစ်ဦးတည်း သို့မဟုတ် ကျွန်မတစ်ယောက်တည်း ဖြေရှင်း၍ မရသောအခါတွင် သူငယ်ချင်းများ၏ အကူအညီနှင့် ဖြေရှင်းလိုက်သည်က များသည်။ ဤသည်မှာလည်း သူ့အခက်အခဲနှင့်သူ မနိုင်ရင်ကာ ဖြစ်နေသူအား ကျွန်မအတွက်နှင့် စိတ်မညစ်ညူးစေချင်သောကြောင့်သာ ဖြစ်သည်။ ထိုသည်ကို နားမလည်နိုင်သော သူက “ငါက မင်းအတွက် မင်း သူငယ်ချင်းတွေလောက်တောင် အရေးမပါဘူးလား အားမကိုးလောက်ဘူးလား” ဟူ၍ အမြဲစကားနာထိုးလေ့ ရှိသည်ပင်။
ရိုးသားသည်ဟု မဆိုသာသော်လည်း ပွင့်လင်းစွာ ဆက်ဆံတတ်သော ကျွန်မမှာ မိန်းကလေး သူငယ်ချင်းများသာ မကပဲယောင်္ကျားလေး သူငယ်ချင်းများပါ ရင်းနှီးစွာ ပေါင်းသင်းတတ်သည်ကို တစ်မြို့စီ ခြားကာ နေရသော သူက စိတ်မချနိုင်စွာ ပူပန်ပြောဆိုတတ်လေသည်။ သူငယ်ချင်းများကို ခင်တွယ်တတ်လွန်းကာ အကျင့်သိက္ခာကို တန်ဖိုးထား ထိန်းသိမ်းသော ကျွန်မက ကျွန်မ၏ သိက္ခာကို ထိပါးသည်ဟု ယူဆကာ အမြဲလိုလို စကားများရလေ့ ရှိသည်။ သို့အချိန်တိုင်းတွင်“မင်းက မင်းသူငယ်ချင်းတွေနဲ့ ပတ်သက်လာရင် ငါ့ကို အမြဲတမ်း Against ပဲနော်” ဟု မနာလို ၀န်တိုမြဲပင်။
အလှမ်းဝေးဝေး၊ အနေစိမ်းစိမ်းသည် အချစ်ကို လျှော့ပါးစေပါသလား။
ကျောင်းစာကိုသာ မကပဲ အရာရာကို သိချင်၊ တက်ချင်လွန်းသည့် ကျွန်မ၏ သင်တန်းအချိန်ဇယားမှာ မနက်မိုးမလင်းမှီ
ကနေ တစ်နေ့တာ ကုန်ဆုံးချိန်အထိ အပြည့်ဖြစ်နေတတ်သည်။ ကိုယ့်ကိုကိုယ်မပိုင်သည့် ၀န်ထမ်းတစ်ယောက်၏ ရှားပါးလှသော အားလပ်ရက်များတွင် ကိုးနာရီခန့်ကားစီးရသော နေရာမှ နေ၍ ညအိပ်ခရီးဖြင့် ကျွန်မဆီ လာတွေ့ သောအခါ“ချစ်သူကလဲ ခက်တယ် ချိန်းတွေ့ ခိုးနမ်းဖို့တောင် အချိန် မရှိ” ဟု ဖွင့်ပြောရလောက်အောင်အထိ ကျွန်မ သူ့ကို အချိန်ပေးနည်းခဲ့သည်။
သို့သော် ကျွန်မဘက်မှ သူ့အတွက်နှင့် ပြောင်းလဲယူခဲ့ရသော အချက်ပေါင်း များစွာ ရှိခဲ့သည်ကိုလဲ သူအသိပင် ဖြစ်သည်။ ငယ်စဉ်ကတည်းက စာရေး၊ စာဖတ်၊ စာကျက်သည်ကို အလုပ်တစ်ခုဟု ထင်မှတ်ကာ ပညာရေးကို အစဉ်တစိုက် လုပ်လာခဲ့သော ကျွန်မ၏ အိမ်မက်မှာ နိုင်ငံခြားတက္ကသိုလ် တစ်ခုခုတွင် ပညာဆက်လက် သင်ကြားရန် ပင် ဖြစ်သည်။ ထို့အတွက်လဲ အမြဲအားစိုက်ခဲ့သည်။ “အဲလောက် အကြာကြီး ကိုယ် ဘယ်လိုလုပ် ခွဲနိုင်မှာလဲ မသွားပါနဲ့ကွာ” ဟုသော သူ၏ နှုတ်မှစကားတစ်ခွန်းဖြင့်ပင် ငှင်းတက္ကသိုလ်ဝင်ခွင့်ကို ကျွန်မ လက်လွှတ်ခဲ့သည်။
ကွန်ပျုတာကီးဘုတ်နှင့် မောက်စ်တို့ကိုသာ အသားတကျ ကိုင်တွယ်လာသော လက်ချောင်းလေးများက သားလှီးဓါးကို ကိုင်ဆောင်ပြီး သူနှစ်သက်သော ဟင်းလျာတို့ကို ချတ်ပြုတ်တတ်အောင် သင်ယူဖို့ ကြိုးစားခဲ့သည်။လက်သည်းရှည်တို့ ကို တယုတယထား မွေးမြူထားသော ကျွန်မက အိမ်မှာ အ၀တ်ကို ကိုယ်တိုင်လျှော်မ၀တ်ရပေမယ့် သူ့အ၀တ် အစားများ ကို ဖြူစင်သည့်အထိ လျှော်ဖွပ်ပေးခဲ့ဖူးသည်။ မဟုတ်မခံ၊ မမှန်ပြန်ပြောတတ်သည့် ကျွန်မ၏ ကြွတ်ဆတ် ဆတ် စိတ်ထားကို ချိုးနှီမ်ကာ သု့အထက်အရာရှိကို ဟန်လုပ်ပြုံးပြဖို့လည်း ကျွန်မ ကြိုးစားခဲ့သည်။
“ကိုယ်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်တဲ့ မိန်းမတွေက အိမ်ထောင်ပြုဖို့ မလိုအပ်လှပါဘူး” လို့ အမြဲ ကြွေးကြော်ခဲ့တဲ့ ကျွန်မလေ သူ့သွေးကနေ ကျွန်မသားဖြစ်လာမယ့် ကလေးတွေကို ချီပိုးထိန်းကျောင်းချင်လာသည့်အထိ ပြောင်းလဲလာတယ်ဆိုတာ သူ့ကို ချစ်တဲ့ စိတ်သပ်သပ်ကြောင့်မှန်း သူ သိနားလည်ခဲ့လိမ့်မည် ဟု ကျွန်မ ထင်ပါသည်။
ညီအစ်မနှစ်ယောက် ရှိသည့်အနက်တွင် အကြီးဖြစ်သော ကျွန်မက ရင့်ကျက်မှု ရှိသင့်သလောက် မရှိပဲ ကလေး ဆန်တတ်သည်မှာလဲ အမှန်ပင်။ ချစ်စ၊ ကြင်နာစတွင်တော့ ထိုကလေးဆန်မှုကိုက ချစ်စရာတစ်ခု ဖြစ်နေခဲ့သလောက် အချိန်ကြာလာသည်နှင့်အမျှ ငြီးငွေ့ဖွယ်တစ်ခုအဖြစ် ပြောင်းလဲသွားတတ်သည်ကိုလဲ ကျွန်မက မသိသား၊ ဆိုးရွားစွာ နားမလည်ခဲ့။“မင်း ကလေးလို မတွေးနဲ့ ကလေးလို မပြောနဲ့ကွ ဒါ ကလေးကစားစရာ မဟုတ်ဘူး” ဆိုသော သူ၏စကားကို ၀မ်းနည်းစွာ ငိုရှိုက်ရုံကလွဲပြီး နာကျင်ဖို့ မတွေးမိခဲ့သူပဲ ဖြစ်သည်။
သူနဲ့ ကျွန်မအကြားတွင် ရှိသော အရာများထဲမှာ နားလည်မှုက နည်းပါးခဲ့ပါလိမ့်မည်။ သူက ကျောင်းသားတစ်ယောက် မဟုတ်သလို ကျွန်မကလဲ ၀န်ထမ်းတစ်ယောက် မဟုတ်ခဲ့သည့်အတွက် မတူညီသော နယ်ပယ်နှစ်ခုတွင် တည်ရှိနေကြ သူများပီပီ တွေ့ဆုံသောအခါတွင်လည်း ပြောစရာစကား ရှားပါးခဲ့သည်။ ခြားနားချက်များကို နည်းနိုင်သမျှ နည်းပါး အောင်ကြိုးစားခဲံ့ကြပေမယ့်လည်း လေးနှစ်ပြည့်ဖို့ရန် ရက်ပိုင်းအလိုတွင် သူကျွန်မကို ချန်ထားခဲံ့ရန် ဆုံးဖြတ်လိုက်သည်။
လူနှစ်ယောက် အတွက် ချစ်နေဖို့ရာက အထူးတလည် စဉ်းစားနေစရာ မဟုတ်သော်လည်းပဲ ဘ၀နှစ်ခုကို ပေါင်းစည်းရာ တွင် အစစအရာရာကို ထည့်သွင်းစဉ်းစားဖို့ လိုသည်ဆိုတာကို ကျွန်မ နားလည်ပါသည်။ ထို့သို့ နားလည်သည့်အတွက် ကြောင့်ပင် ကျွန်မ သူ့ကို အပြစ်မြင်မရခြင်းပင် ဖြစ်သည်။ ယောင်္ကျားတစ်ယောက်အတွက် အထူးသဖြင့် ဆန္ဒကို အတ္တဖြင့် ပုံဖော်တတ်သော သူ့အတွက် လိုအပ်သည်မှာ ပညာတတ်မိန်းမ တစ်ယောက် မဟုတ်ပေ။ အရာရာကို အလိုက်တသိဖြင့် ရိုကျိုးစွာ တောင်းပန်တတ်သော သာမန်မိန်းမ တစ်ယောက်သာ ဖြစ်သည်။
လူတစ်ချို့ အထင်အမြင်ကြီးလောက်စေသော ဘွဲ့လက်မှတ်များ၊ သာမန်မဟုတ်သော ခပ်ကြောင်ကြောင် အတွေး အခေါ်များ။ လှသည်ဟု မဆိုသာသော်လည်း လူအများကြား ထင်ရှားစေသော ရုပ်ရည်နှင့် လူလတ်တန်းစား ချမ်းသာ ကြွယ်ဝမှုထက်အနည်းငယ် ပိုလွန်သော မိဘတို့၏ ပံ့ပိုးမှုတို့မှ အပ ကျွန်မသည် ကျန်းမာရေး ပြည့်စုံသော အမျိုးသမီး မဟုတ်ခဲ့ဘူးလေ။ တနည်းအားဖြင့် ဆိုလျှင် သူ၏ မျိုးဆက်အား မွေးဖွားပေးနိုင်ရန်အတွက် အားအင်ချို့တဲ့သူ ဖြစ်နေခဲ့သည်လေ။
ဘယ်လောက်ပဲ သူ့ရင်သွေးကို ကျွန်မ ချီပိုးထိန်းကျောင်းချင်သော်လည်း “သားသမီးမရနိုင်တော့ပါ” ဟုသော မီးယပ်နှင့် သားဖွားဆရာဝန်မကြီး၏ စကားတစ်လုံး၏ အောက်တွင် ကျွန်မ၏ အတ္တ နှင့် သူ့၏ဆန္ဒများ သေဆုံးသွားခဲ့ရသည်။ ထူးချွန်ထက်မြတ်တဲ့ မိန်းမတွေကို ယောင်္ကျားတွေက သဘောကျတတ်သော်လည်း အနားမှာ ခေါ်ထားဖို့ ၀န်လေးသလိုပဲ ကျန်းမာရေး မပြည့်စုံတဲ့ သူတွေကို အသနားပိုတတ်ကြပေမယ့်လည်း တစ်သက်လုံးစာ ဘ၀နှင့် ယှဉ်လာသောအခါတွင် ချန်ထားရစ်ဖို့ ဆုံးဖြတ်တတ်ကြတာကို ကျွန်မ နားလည်ပါသည်။
နားလည်မှုနှင့်အတူ ချစ်မြတ်နိုးရသော သူ့ကို ကျွန်မ ခွင့်လွှတ်ပါသည်။ ခွင့်လွှတ်မှုနှင့်အတူ စာနာမိသော ကျွန်မသည် သူ့ကို မမုန်းရက်နိုင်လောက်အောင် တွယ်တာပါသည်။ သူ ဘယ်လိုပင် ဆုံးဖြတ်သွားခဲ့ပါစေ တစ်ချိန်က ကျွန်မအပေါ်မှာ ထားရှိခဲ့သော ချစ်ခြင်းနှင့် ကြင်နာမှုများကို ကျွန်မ မမေ့နိုင်စွာပင် ပြင်းပြင်းရှရှ သတိရ လွမ်းဆွတ်ပါသည်။ ကျွန်မ မဟုတ်သော အမျိုးသမီးတစ်ဦး၏ ခင်ပွန်းလင်ယောင်္ကျားအဖြစ် တည်ရှိနေသော သူ့ကို ပြန်လာစေလိုသော ဆန္ဒ မပါသဖြင့်၊ လွမ်းဆွတ်ခြင်းသပ်သပ် တစ်ခုသာ ဖြစ်သဖြင့် သတိရခြင်းအပေါ်မှာ ကျွန်မ လိပ်ပြာလုံပါသည်။
ကျွန်မက သူ့ကို ကျွန်မ၏ ဖြန့်ထားသော လက်ဖ၀ါးပေါ်သို့ ပျံလာနားနေခွင့် ပြုခဲ့သည်။ သူ့ကို ဖမ်းထားဖို့ ကျွန်မ လက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မထားခဲ့။ ချစ်သူကို လိုရာသွားစေဖို့ ကျေနပ်စွာ ခွင့်ပြုလိုက်ရခြင်း၏ ပိတိကို ကျွန်မ နှစ်သက်စွာ စားသုံးပါမည်။ ကျွန်မ ဆုံးရှုံးခဲ့ရသည့် နုပျိုငယ်ရွယ်မှု နှင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ ယုံကြည်မှုတို့အစား သူ ချန်ထားရစ်ခဲ့သော သတိရစရာ အမှတ်ရစရာများကို ပွေ့ဖက်ကာ ကျွန်မ ဖြည့်ဆည်းမပေးနိုင်ခဲ့သော အရာများအား သူ့အား ပေးနိုင်ခဲ့သော ထို အမျိုးသမီးအား ကျေးဇူးတင်နေပါမည်။
မည်သို့ပင်ဖြစ်စေ…………. ကျွန်မကတော့ လွမ်းနေဦးမည်သာ ဖြစ်သည်။

# ကျမ်းလျှောက်လျှင် မဆုံး၊ ကျမ်းပေါက်လျှင် တစ်လုံး

July 26, 2010

.

အခုတစ်လော ဗေဒင်ပညာဆိုင်ရာ ဘလော့ဂ် “ဈေးတန်း” လေးထဲမှာ ပွက်ညံပွက်ညံ နဲ့ ပွဲဆူနေတာကို တွေ့ရပါတယ်။ ကျွန်တော်ကတော့ ဒီပွဲဈေးတန်းလေး ထဲမှာ “အသက်အကြီးဆုံး” ဖြစ်တော့ ဘယ်သူက မှားတယ်/ဘယ်သူက မှန်တယ် ဆိုတာ ၀င်ငြင်းစရာ အကြောင်း မရှိပါဘူး။  ၀င်ခြင်းဝင်ရင် လူကြီး တစ်ယောက်အနေနဲ့ ၀င်ပြီးဖြန်ဖြေဖို့သာ ရှိပါတယ်။ အားလုံးကို ပြောချင်တာက သင့်မြတ်ကြပါဗျာ။ လူကဲ့ရဲ့စရာ ဖြစ်နေပါဦးမယ်။ တစ်ခါက ကျွန်တော့်ကို “ကိုတေးအေးရိပ်” ပြောခဲ့ဘူးတဲ့ စကားလေး တစ်ခုကို ပြန်ပြောရဦးမယ်။

.

အဲဒီ ရက်ပိုင်းတွေက ဘလော့တွေထဲမှာ ညစ်ညစ်ညမ်းညမ်း လျှောက်ဆဲနေတဲ့ ကိစ္စလေး တစ်ခု ဖြစ်ပွားနေချိန်ကပေါ့။ (ကိုဝေသာလီရဲ့ ဆိုဒ်ထဲမှာပါ)။ ကျွန်တော်လည်း ကြိုတင် ကာကွယ်တဲ့ အနေနဲ့ C-box ကို ဖြုတ်ချလိုက်တယ်။ ကြောက်လို့တော့ မဟုတ်ဘူး။ ဒီ စကားလုံးတွေကို “မမြင်ဝံ့၊ မကြားဝံ့” လို့ပါ။ ဒီဝက်ဘ်ပေါ်မှာ ကျွန်တော်တို့ ယောင်္ကျားလေးတွေချည်းဘဲ ရှိတာမဟုတ်ဘူးလေ။ မိန်းကလေး တွေလည်း အများကြီးမဟုတ်လား။ ဒါကြောင့်ပါ။ သမီးချင်း၊ နှမချင်း စာနာစိတ်နဲ့ပါ။

.

ကိုတေးအေးရိပ်လည်း C-box ကို မဖြုတ်ပေမယ့် သံသယဖြစ်ဖွယ်ရှိတဲ့ Proxy တွေကို Ban လိုက်တယ်နဲ့ တူတယ်။ ကျွန်တော်က သူ့ C-box ထဲကို (ခါတိုင်းလိုဘဲ) ၀င်ရေးတော့ ကျွန်တော့်ကို Ban ထားတာ ခံလိုက်ရတယ်။ ကျွန်တော် တော်တော် ဒေါသထွက်သွားတယ်ဗျ။ ဘယ်နှယ့်ဗျာ – ဒီလို ညစ်ညစ် ညမ်းညမ်း အဓိပ္ပါယ်မရှိ လိုက်ဆဲနေတဲ့လူလို့  သံသယ ဖြစ်ဖွယ်စာရင်းထဲမှာ ကျွန်တော်လို လူမျိုး ပါသင့်သလားပေါ့။ ဒေါသထွက်လိုက်တာလေ။ ကျွန်တော် ဆိုတဲ့ အကောင်ကလည်း အသက်သာ ကြီးလာတာ “ထစ်ကနဲ” ဆို ဒေါသ အင်မတန်ထွက်လွယ်တဲ့ လူမျိုးခင်ဗျ။ ဘာရမလဲ။ အီးမေးလ် နဲ့ စာရေးပြီး တေးအေးရိပ်ကို ချဲတော့တာပေါ့။

(more…)

………………………….

July 26, 2010

အခုဆို
နှင်းတွေလည်း ကျိတ်ကျိတ်ပြီး ငိုလို့
မြေနီတိုက် (၃၆ )ရှေ့က ပုဏ္ဍရိပ်တန်းလေးလည်း
ဗိုလ်ကတော်ပင်တန်းလေးလည်း တိက်တိက်လေး စိုလို့။
ပျော်ရွှင်ခြင်း သွေးကြောတွေ
အေးခဲရပ်ငေးနေသွားတဲ့ည
မျှော်လင့်ခြင်း မျက်ဝန်းတွေ
အားလျော့နာကျင်သွားတဲ့ည
လောကဓံရဲ့ ဘက်တော်သားတွေ
ဗုံမောင်း ခြိမ့်ခြိမ့်ခတ်လိုက်တဲ့ည
ရင်တစ်ခုလုံး မတို့ထိရဲအောင် ကြေမွနစ်စူး
ငါ့ရင်ခွင်မှာ မင်းမရှိဘူး
မင်းမရှိတဲ့ ငါ့ရင်ခွင်မှာ ဘာဆိုဘာမှလဲ မရှိတော့ပါဘူး…………….။

# အပြုံးနဲ့ ကြိုဆို , အငိုနဲ့ နှုတ်ဆက်

July 23, 2010

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မိတ်ဆွေတစ်ယောက်ရဲ့ ဇနီးသည် ဆုံးပါးသွားလို့ “အသုဘ” သွားမေးဖြစ်တယ်။ အသက်က (၄၈)နှစ်။ ကျွန်တော့်ထက် တစ်နှစ် ငယ်ပါတယ်။ အလုပ်အကိုင်က ဆရာဝန်,မ။ ကင်ဆာရောဂါကို (၁၂)နှစ်ကြာအောင် ကြံ့ကြံ့ခံရင်း နောက်ဆုံး လက်မြှောက် အရှုံးပေး သွားခဲ့ရတာပါ။ သမီးလေး (၃)ယောက် ကျန်ရစ်ခဲ့ပါတယ်။

နောက် (၂)ရက်ကြာတော့ ဂွတ်တလစ်မှာ နေတဲ့ ကျွန်တော့် အဒေါ်တစ်ယောက် ဆုံးပါးသွားပြန်ပါတယ်။ သူကတော့ အသက် မငယ်တော့ဘူးလို့ ပြောရင်လည်း ရပါတယ်။ အသက် (၆၈)နှစ်ပါ။

လေဖြတ်ပြီး အိပ်ယာထဲမှာ (၆)လ လောက် ဝေဒနာ ခံစားပြီးမှ ကွယ်လွန်သွားရတာပါ။ အလွန်ပင်ပန်း ဆင်းရဲပါတယ်။ အိပ်ယာထဲမှာ လ,နဲ့ ချီပြီး လဲလျောင်း နေရတဲ့ အတွက် ဖြစ်ပေါ်လာတဲ့ “အိပ်ယာနာ” (bed sore) တွေကြောင့် အပြင်းအထန် နာကျင်ကိုက်ခဲမှုကို ခံစားပြီး ကွယ်လွန်သွား ရတာပါ။ မြင်ရတာ မသက်သာလွန်းလို့ ဆုံးပါးသွားတာကိုဘဲ ၀ဋ်ကျွတ်သွားတာဘဲလေ လို့တောင် ထင်မိပါသေးတယ်။

ကနေ့ နေ့လယ် (၁၂)နာရီမှာ “အသုဘ” ချပါတယ်။ မရောက်တာ အတော်ကြာနေပြီ ဖြစ်တဲ့ “ရေဝေး” ကို ရောက်ခဲ့ရ ပြန်ပါပြီ။ “ရေဝေး” သုဿန်ရဲ့ မြင်ကွင်းတွေကတော့ အရင်တုန်းကလိုဘဲ ဘာမှ မပြောင်းလဲ သေးပါဘူး။

. . . ကားတွေ တစ်စီးပြီး တစ်စီး ဆိုက်လာမယ် . . .  လိုက်လံပို့ဆောင်သူတွေ မျက်နှာ မသာမယာနဲ့ ကားတွေပေါ်က ဆင်းလာမယ် . . . ဆလွန်းကားပေါ်က မိသားစုဝင်တွေ /ဆွေမျိုးတွေ မျက်ရည်ဖြိုင်ဖြိုင် နဲ့ ဆင်းလာကြမယ် . . . ပြင်ဆင်ထားတဲ့  “ကွယ်လွန်သူ” ရဲ့ ရုပ်အလောင်းကို တစိမ့်စိမ့် ကြည့်ကြရင်း နောက်ဆုံးခရီးကို “အငို နဲ့ နှုတ်ဆက်” ကြမယ် . . .  စိတ်မခိုင်တဲ့ သူတွေဆိုရင် အော်ကြ၊ ဟစ်ကြမယ်။ ရင်ဘတ် စည်တီးကြမယ် . . . အပူလုံးဆို့ပြီး “တက်” သွားလို့ ၀ိုင်းပြီး နှိပ်ကြ နှယ်ကြရမယ် . . . နောက်ဆုံးတော့ အလောင်းကို မီးသင်္ဂြိုဟ်စက် ထဲ ထည့်လိုက်မယ် . . . ခေါင်းတိုင်က အငွေ့တလူလူ ထွက်လာမယ် . . . ခဏနေရင် လူတစ်ယောက်ရဲ့ အသွင်သဏ္ဍန် ကနေ “ပြာအိုး” တစ်အိုးအဖြစ် ပြောင်းလဲ ရောက်ရှိသွားမယ် . . . ပြီးရင် ကျန်ရစ်သူ မိသားစု / ဆွေမျိုး နဲ့ လိုက်ပါ ပို့ဆောင်သူတွေ ပြန်ကြမယ် . . . နောက်ထပ် ကားတွေ တစ်စီးပြီး တစ်စီး ဆက်ရောက်လာမယ် . . .

ဒီမြင်ကွင်းတွေကတော့ “ရေဝေး” ကို ဘယ်အချိန်ရောက်ရောက် မပြောင်းလဲနိုင်တဲ့ မြင်ကွင်းတွေပါ။ လူတစ်ယောက်ရဲ့ ဘ၀ခရီး အဆုံးသတ် မြင်ကွင်းတစ်ခု ပါ။ လူ့ဘ၀ရဲ့ နောက်ဆုံးခရီးကို “အငို နဲ့ နှုတ်ဆက်” ကြရတဲ့ မြင်ကွင်းပါ။ လူတန်းစားအမျိုးမျိုး၊ အသက်အရွယ် အစုံစုံ သာပြောင်းလဲ နေလိမ့်မယ်။ အားလုံးကတော့ လူ့ဘ၀ရဲ့ အပြန်ခရီးကို “အငို နဲ့ နှုတ်ဆက်” ကြတဲ့ ပွဲပါဘဲ။

(more…)

ညည်းချင်း

July 22, 2010
ခုတလော ဘာစာမှ ရေးချင်စိတ်မရှိဘူး ဖြစ်နေတယ်ဗျာ..
ကျောင်းမှာလဲ အဆင်မပြေဘူး
ဒါက ညည်းစရာတစ်ခု မဟုတ်တဲ့အတွက် မညည်းတော့ပါဘူး
…. နဲ့လဲ အဆင်မပြေဘူး
ဒါလဲ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ မညည်းတော့ပါဘူး
ဒါဆို ဘာညည်းချင်သေးတာလဲ
ဘာကိုမှ မညည်းချင်တဲ့အကြောင်း ညည်းလို့လဲ မရတဲ့အကြောင်း
ညည်းမလို့လေ.
ဟုတ်တယ်ဗျာ…

ရာသီဥတုကလဲ ပူလိုက်တာ
လေကလဲ တိုက်တာ ကြမ်းလိုက်တာ
ကြယ်တွေကလဲ မှိန်နေလိုက်တာ
ငှက်လေးတွေလဲ ငြိမ်နေလိုက်တာ
ပန်းပွင့်လေးတွေလဲ မှိုင်နေလိုက်တာ
ဖုန်းလိုင်းတွေလဲ ကြပ်နေလိုက်တာ
အင်တာနက်လိုင်းတွေလဲ နှေးနေလိုက်တာ

ရာသီဥတု ပူတာကို ပြုပြင်ဖန်တီးယူဖို့ မတက်နိုင်သေးဘူး
လေတိုက်ကြမ်းတာကိုလဲ ညှိယူဖို့ မတက်နိုင်သေးဘူး
ကြယ်တွေမှိန်နေတာကိုလဲ တောက်ပစေဖို့ မတက်နိုင်သေးဘူး
ပန်းပွင့်လေးတွေ လန်းဆန်းစေဖို့ မတက်နိုင်သေးဘူး
ဖုန်းလိုင်းတွေ ကြပ်တာကလဲ နည်းလမ်းမတွေ့သေးဘူး
အင်တာနက်လိုင်းတွေ မြန်နှုန်းမြှင့်ဖို့ …….. အင်း မတွေ့သေးဘူး မတက်နိုင်သေးဘူး

ညည်းတော့ပါဘူးဗျာ ဒါတွေအကြောင်းကို
ကဲ…
ခွင့်လွှတ်ပါ
ငါ နင့်ကို ချစ်တယ်…………။

တစ်မိုးအောက်

July 20, 2010
မြေကမ္ဘာကြီးရဲ့အပေါ်
ကောင်းကင်တစ်ခုတည်းအောက်
ရှင်သန်ခွင့်တူညီနေသရွေ့
မဝေးဘူးဆိုပေမယ့်လည်း….

ချစ်ခြင်းတွေ ရှင်းသန့်နေရင်
တို့နှစ်ယောက်ရဲ့ကြား
ဘယ်လိုအရာနဲ့မျိုးနဲ့မှ
ကာဆီးမထားဘူးဆိုပေမယ့်လည်း…

အနားမှာအတူရှိမနေတာကလွဲရင်
ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊
ပြည့်စုံခြင်း၊ လိုအပ်ခြင်း
အားလုံးကို ထပ်တူဆိုပေမယ့်လည်း

မောင်ရေ
ကျွန်မရင်ထဲက အလွမ်းတွေကို…
စာနာနားလည်ဖို့ အခွင့်ရှိမယ်ဆိုရင်
တစ်မိုးအောက်မှာ နေခွင့်ပြုပါနော်…။

ရင်ငြိမ်းပန်း(ပခုက္ကူ)
18-3-10 (17:14)

# ၁၉ ဂျူလိုင် အမှတ်တရ . .

July 19, 2010

မိမိကိုယ်တိုင် မြင်မသွားခဲ့ရသော မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် လန်ဒန်မြို့တွင် အရေးဆိုခဲ့စဉ်က . .

.

(၆၃)နှစ်တောင်မှ ကြာညောင်းခဲ့ပါပြီ။ ဒီနေ့ ဒီရက် လွန်ခဲ့တဲ့ (၆၃)နှစ်ဆီက မြန်မာတစ်မျိုးသားလုံးအတွက် လုံးဝ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှုကြီး တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ နိုင်ငံခေါင်းဆောင်ကြီးတွေ တစ်ဖွဲ့လုံး လုပ်ကြံသတ်ဖြတ် ခံလိုက်ရတာပါဘဲ။ တစ်မျိုးသားလုံး ဖြေမဆည် နိုင်အောင် ကြေကွဲဝမ်းနဲ ခဲ့ရပါတယ်။

ဒါပေမယ့် ဒီဆောင်းပါးမှာ သမိုင်းဖြစ်ရပ်ကို ရေးသားမှာ မဟုတ်ဘဲ အာဇာနည်ခေါင်းဆောင်ကြီး “ဗိုလ်ချုပ်အောင်ဆန်း” ရဲ့ နာမည် နဲ့ ကံကြမ္မာ တို့ကို မြန်မာ့ရိုးရာ ဗေဒင်ပညာရပ် နဲ့ ဂဏန်းဗေဒင်(Numerology) ရှုထောင့် များမှ သုံးသပ်တင်ပြလိုခြင်းသာ အဓိက ဖြစ်ပါတယ်။

“ပေါက်ဖေါ်” လို့ ခေါ်ကြတဲ့ “ဖြစ်ရပ်တစ်ခုကို (ပြီးခါမှ) ဗေဒင် ပညာနဲ့ သုံးသပ်ကြတာဟာ အထင်ကြီးစရာ မဟုတ်ပေမယ့် ဒီလို အတိတ်က ကိစ္စတွေကို များများလေ့လာ သုံးသပ် နိုင်မှ အမှားနည်းပြီး အမှန်များလာနိုင်မှာဖြစ်ပါတယ်။ အတိတ်ဟာ အနာဂါတ် အတွက် ဆရာကောင်းဘဲ မဟုတ်ပါလားဗျာ။

.

ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၁၅ခု၊ ဖေဖေါ်ဝါရီလ (၁၃)ရက် (စနေနေ့) မှာ ဖွားမြင်ခဲ့ပါတယ်။ “ရာဇ”ဖွား ဖြစ်ပါတယ်။ သူ့ရဲ့ မဟာဘုတ် က (၂)ကြွင်းမဟာဘုတ် ဖြစ်ပါတယ်။

(၂)ကြွင်း မဟာဘုတ်တို့ရဲ့ ယေဘူယျ ဉာဉ်တွေအတိုင်း ဗိုလ်ချုပ်ဟာ ငယ်ငယ်ကတည်းက

– ခေါင်းမာတယ်။ တစ်ယူသန်တယ်။ ကိုယ့်ကိုယ်ကို အလွန်အမင်း ယုံကြည်တယ်။ ဆုံးဖြတ်ချက် ပြတ်သားတယ်။ သူများရဲ့ အကြံပေးစကားတွေကို မနာခံတတ်ဘူး။ ပတ်ဝန်းကျင်ကို ဂရုသိပ် မစိုက်ဘူး။ အနေအထိုင် ဖြစ်သလို နေထိုင်တတ်တယ်။ အ၀တ်အစားကို သပ်သပ်ရပ်ရပ် မ၀တ်ဘူး။ သူများကို အလွန်ကူညီတတ်မယ်။ မရှိ ရှိတာ နဲ့ ကူညီမယ်။ လက်အောက်ငယ်သားအပေါ် (အပြောကြမ်းတတ်)ပေမယ့် အလွန်ငဲ့ညှာ သနားတတ်တယ် . . . ဆိုတဲ့ ဂုဏ်ပုဒ်တွေ ရှိပါတယ်။

ဗိုလ်ချုပ်ရဲ့ ခေါင်းမာတဲ့ စရိုက် နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်လွန်ခြင်း ဆိုတဲ့ စိတ်ထားတွေကြောင့် လုံခြုံရေး အစောင့်အရှောက်ရယ် လို့ ဟုတ်တိ ပတ်တိ မထားခဲ့ တာဟာ ရန်သူတွေကို အလွန်လွယ်ကူစွာ လုပ်ကြံနိုင်စေဖို့ ဖန်တီးပေးသလို ဖြစ်ခဲ့ပါတယ်။

နောက်ပြီး ရာဇဖွား။ ဘယ်အကြွင်းဘဲဖြစ်ဖြစ် ရာဇဖွားမှန်ရင် “ထက်မြက်ခြင်း၊ ပြတ်သားခြင်း၊ ကိုယ်စွမ်းကိုယ်စ မြင့်မားခြင်း၊ တုန်းတိုက်တိုက် ကျားကိုက်ကိုက် ပြုလုပ်တတ်ခြင်း၊ သူရသတ္တိနဲ့ ပြည့်စုံခြင်း” စ,တဲ့ သဘာဝတွေ ရှိပါတယ်။

.

နောက်ပြီး သင်္ချာဗေဒ (ဂဏန်းဗေဒင်) ရှုထောင့်က ကြည့်တောလည်း (13)ရက် ဆိုတော့ (4) ဂဏန်း သမား။ “(4)ဂဏန်း သမားများ အကြောင်း တစေ့တစောင်း” ဆောင်းပါးမှာ ကျွန်တော်ရေးခဲ့သလိုဘဲ (4)ဂဏန်းဟာ တော်တော်ဆန်းကြယ်တဲ့ ဂဏန်းတစ်ခုပါ။ (4) ဂဏန်းသမားတွေဟာ လူ့လောကထဲမှာ တော်တော်ထင်ပေါ်ကျော်ကြားကြတာ များပါတယ်။ အရည်အချင်းလည်း ရှိကြတယ်။ ပါးနပ်တယ်။ သိလွယ်တတ်လွယ်တယ်။ အတိတ် ပါရမီဓာတ်ခံ တစ်ခုခု ရှိတတ်တယ်။

ဖေဖေါ်ဝါရီလ (13)ရက်နေ့ဟာ သာယနစနစ်မှာ တနင်္ဂနွေ “ကုံ” ရာသီမှာ တည်ရှိနေတာကြောင့် ဗိုလ်ချုပ်ဟာ “ကုံ” ရာသီဖွား ဖြစ်ပါ တယ်။ “ကုံ” ရာသီရုပ်ဟာ “ရေထမ်းသမား ရေအိုးထဲမှ ရေများကို သွန်လောင်းချနေတဲ့ ပုံ” ဖြစ်ပါတယ်။ ဒီရာသီခွင် ရုပ်ပုံကို သရုပ်ဖော်ကြည့်ရင် ကုံရာသီသမားတွေဟာ –

“စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ မိမိလုပ်သမျှ ကိုင်သမျှ အချည်းအနှီးဖြစ်ခြင်း၊ သဲထဲရေသွန် ဖြစ်ခြင်း၊ မိမိပြုလုပ်ခဲ့သော်လည်း မိမိပြန်မခံစားရခြင်း၊ အဆုံး သတ်မကောင်းလှခြင်း စတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေရှိတဲ့ ရာသီဖြစ်ပါတယ်။ ဒါကြောင့် “ကုံ” ရာသီဖွား (13)ဂဏန်းသမားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ မိမိရဲ့ ကြိုးပမ်း အားထုတ်မှု များရဲ့ အသီးအပွင့်များကို မြင်ပင် မမြင်လိုက်ရဘဲ ၀မ်းနည်း ကြေကွဲဖွယ်ရာ ကွယ်လွန် သွားရခြင်းမျိုး ဖြစ်ပါတယ်။

“ကုံ” ရာသီဟာ ခေတ်သစ် သင်္ချာဗေဒမှာ “ယူရေးနပ်စ်ဂြိုဟ်(4)ဂဏန်း” ပိုင်တဲ့ “ကသစ်” အိမ် ဖြစ်လို့ သူ့ပိုင်တဲ့ အိမ်မှာ သူရပ်တည်တဲ့ (13)ဂဏန်းဟာ ဒီနေ့မှာ မွေးဖွားတဲ့ လူတစ်ယောက်ကို အလွန်ထက်မြက်တဲ့ စွမ်းရည်၊ အရည်အချင်းတွေကို ဖြည့်ဆည်းပေးလိုက်တာ မဆန်းလှပါဘူး။ ဒါပေမယ့် ကံမကောင်းတဲ့ အချက်တစ်ချက်က “သူ” ဟာ “စနေ” သား ဖြစ်နေပြန်တယ်။ (4)ဂဏန်း ပိုင်တဲ့ ယူရေးနပ် ဂြိုဟ် နဲ့ စနေဂြိုဟ် တို့ဟာ တကယ့် ကမ္ဘာရန်တွေ ဖြစ်ပါတယ်။

ဒီလို (4)ဂဏန်းသမားတစ်ယောက်ဟာ ရန်ဂြိုဟ်ဖြစ်တဲ့ စနေနေ့မျိုးမှာမွေးဖွားလာရင် သူတို့ရဲ့ ဘ၀တစ်လျှောက်လုံးဟာ တည်ငြိမ် အေးချမ်းမှု မရှိတော့ဘဲ “ပဋိပက္ခ” ဖြစ်စဉ်တွေ နဲ့ အမြဲလိုလို ရင်ဆိုင်နေရသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အရာရာကို အလွယ်တကူ နဲ့ ရလေ့မရှိဘဲ “တိုက်ယူမှ ရသူတွေ” ဖြစ်တယ်။ အိမ်ထောင်ရေး အဆင်မပြေမှုတွေကိုလည်း ရင်ဆိုင်ရလေ့ရှိတယ်။

Numerology ပညာအရ ဗိုလ်ချုပ်ကို “သတ်” လိုက်တဲ့ ဂြိုဟ်ဟာ (13)ဂဏန်း ဖြစ်တယ်လို့ တစ်ချို့က ယူဆကြပါတယ်။ မဟုတ်ပါဘူး။ “သေမင်း” လို့ အဓိပ္ပါယ်ရှိပြီး လူအများ ကြောက်ကြတဲ့ (13)ဂဏန်းဟာ အခြားသူများကိုတော့ “သတ်ချင်သတ်မယ်” ။ ကိုယ့်မွေးဂဏန်း ပိုင်ရှင်ကိုတော့ သတ်လေ့မရှိပါဘူး။

Numerology ပညာအရ ဗိုလ်ချုပ်ကို အသေသတ်လိုက်တာကတော့ “သင်္ချာဗေဒပညာ” ရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်တဲ့ “Current of Destiny” ကြောင့် ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟာ 1915 ခုနှစ်မှာ မွေးဖွားတော့ သူ့ရဲ့ Current က (16)ဂဏန်း ဖြစ်နေပါတယ်။ တကယ်တော့ “Current of Destiny” ဆိုတာ “တားရော့” ပညာပါဘဲ။ တားရော့ဗေဒင်မှာ (16)ဆိုတဲ့ ဂဏန်းဟာ လူတစ်ယောက် မျှော်စင်ပေါ်ကနေ မိုးကြိုးပစ်ခံရပြီး ပြုတ်ကျလာတဲ့ နိမိတ်ပုံပါ။

ဒီ နိမိတ်ပုံဟာ မျှော်စင်ဆိုတဲ့ အထွဋ်အထွပ်ကို ရောက်နေတဲ့ လူတစ်ယောက်ကို မိုးကြိုးပစ်ချခံလိုက်ရတာဆိုတော့ “အမြင့်ဆုံးကို ရောက်နေစဉ်မှာ ပြုတ်ကျခြင်း၊ မီး လျှပ်စစ် , ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ဒုက္ခတွေ့ခြင်း ၊  ရုတ်တရက် အငိုက်မိ တိုက်ခိုက်ခံရခြင်း၊ မမျှော်လင့်သော ကံကြမ္မာဆုံး ဗြုန်းကနဲ ကျရောက်ခြင်း၊ သဘာဝ ဘေးအန္တရာယ်များနှင့် ကြုံတွေ့ခြင်း များကို ဆိုလိုပါတယ်။

ဒါကြောင့် “Current of Destiny” (16) ဖြစ်နေခြင်း ၊ ကုံရာသီ (အသက်တိုတတ်သောရာသီ)တွင် မွေးဖွားခြင်း၊ စနေ နှင့် (4)ဂဏန်း ရန်ကျနေခြင်း စသော အချက်တွေ ပေါင်းဆုံသွားတဲ့အခါ  ဗိုလ်ချုပ်ဟာ ဥပစ္ဆေဒကကံ နဲ့ ကွယ်လွန်သွားရခြင်း ဖြစ်ပါတယ်။

နောက်တစ်ခုက ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည် ကိစ္စ ။ ငယ်နာမည်က “မောင်ထိန်လင်း” တဲ့ ။ ဒါပေမယ့် ဒီနာမည်က မတွင်ဘူး။ တက္ကသိုလ် ကျောင်းသားဘ၀မှာတော့ “ကိုအောင်ဆန်း” “သခင်အောင်ဆန်း” လို့ လူသိများလာတယ်။ နောက် ရဲဘော်သုံးကျိပ်အဖွဲ့ ခေါင်းဆောင်ဖြစ်လာတော့ “ဗိုလ်တေဇ”။

ဒီနေရာမှာ ကံတရားရဲ့ ထူးဆန်းမှုလေး တစ်ခုရှိပါတယ်။ ကျန်တဲ့ ရဲဘော်သုံးကျိပ်ဝင် အားလုံးနီးပါးလောက်ဟာ သူတို့ ရဲဘော်သုံးကျိပ် ၀င်တုန်းက နာမည် တွေဖြစ်ကြတဲ့ “ဗိုလ်နေ၀င်း၊ ဗိုလ်ဗလ၊  ဗိုလ်လက်ယာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်ကျော်ဇော . . စတဲ့ နာမည်တွေကို ဆက်ယူကြပြီး ဒီ နာမည်တွေဟာ ဘ၀တစ်လျှောက်လုံး အတည်ဖြစ် သွားခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကတော့ “ဗိုလ်တေဇ” ဆိုတဲ့ နာမည်ကို ဆက်မယူဘဲ မူလ “ဗိုလ်အောင်ဆန်း” ဆိုတဲ့ နာမည်ကိုဘဲ ပြန်သုံးခဲ့ပါတယ်။  ဗိုလ်ချုပ်တစ်ယောက်ဘဲ ထူးထူးခြားခြား မူလနာမည်ကို ပြန်သုံးဖြစ်သွားပါတယ်။ ဒါဟာ ကံတရားတစ်ခုလို့ ဆိုနိုင်မလားခင်ဗျာ ?

မဟာဘုတ်သမား အတော်များများ သိကြတဲ့ အတိုင်း ဗိုလ်ချုပ်ဟာ (၂)ကြွင်းဖွား ဖြစ်လေတော့ “အောင်ဆန်း” ဆိုတဲ့ နာမည်ဟာ “အထွန်း+ပုတိ” ပက္ခတ် မိနေပါတယ်။ ပက္ခတ်တွေအကြောင်း ကျွန်တော်သေသေချာချာ လေ့လာကြည့်တော့ “ပက္ခတ်” တစ်ခု နဲ့ တစ်ခု အဆိုးပေးမှုခြင်း သိပ်မတူကြတာကို သွားတွေ့ရပါတယ်။ အောက်မှာ ကြည့်ပါ။

.

အခု ဗိုလ်ချုပ်အောင်ဆန်း မိထားတဲ့ “ပက္ခတ်” က အထွန်း+ပုတိ ပက္ခတ် ဖြစ်ပါတယ်။ ဒီပက္ခတ်ဟာ လုပ်ကြံသတ်ဖြတ်မှုဆိုတဲ့ ကိစ္စကို အတော်အားပေးတာကို တွေ့ရပါတယ်။ ကမ္ဘာ့သမိုင်းမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ခေါင်းဆောင်အတော်များများဟာ ဒီ ပက္ခတ်မျိုး ညိနေကြတာ များပါတယ်။ ထင်ပေါ်ကျော်ကြားသူတစ်ဦးမှာ ဒီလို ပက္ခတ်မျိုး မိနေခဲ့ရင် စိုးရိမ်စရာ ကိစ္စတစ်ခုပါ။ သာမန်လူတောင်မှ ဒီပက္ခတ်မျိုးဟာ ကိုယ့်ကို အလုပ်ပြုတ်၊ စီးပွားပျက်အောင် လုပ်ကြံ ဂျောက်တွန်းခံရတာမျိုး ကြုံရနိုင်ပါတယ်။

ဗိုလ်ချုပ်ဟာ ရဲဘော်သုံးကျိပ်ဝင်ဘ၀က နာမည်ဖြစ်တဲ့ ဗိုလ်တေဇ ဆိုတဲ့ နာမည်ကို ယူပြီး “ဗိုလ်ချုပ်တေဇ” လို့သာ အမည်တွင် ခဲ့ရင်တော့ ဒီကံကြမ္မာဟာ လွတ်ကောင်းလွတ်လိမ့်မယ်လို့ မျှော်လင့်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် ကံတရားက ဒီလို ခွင့်ပြုခဲ့ဟန် မတူပါဘူး။

နောက်တစ်ခုက “သက္ခတ်” ။ ဗိုလ်ချုပ်ဟာ အသက် (၃၃)ထဲမှာ လုပ်ကြံခံရတာဖြစ်ပါတယ်။ စနေသား ဖြစ်လို့ “စနေ” သက္ခတ်ပါ။ ဒုက္ခပေးတဲ့ “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” လို့ ကျွန်တော် မကြာခဏ ရေးခဲ့သလို “စနေ” သက္ခတ်ဟာ ကိုယ်ပိုင်တဲ့ သက္ခတ်ဖြစ်ပေမယ့် အလွတ် မပေးပါ။ ငဲ့ညှာမှု မရှိပါ။

ဒီလိုဆို အရင့်အရင် “စနေ” သက္ခတ်တွေတုန်းကလည်း ဖြစ်ပါလား ? လို့ ဆိုစရာ ရှိပါတယ်။ ဒီလိုပါ။ အနီးဆုံး အသက်ဖြစ်တဲ့ အသက် (၂၅)နှစ်ဟာလည်း စနေ သက္ခတ် ပါဘဲ။ ဒါပေမယ့် အဲဒီတုန်းက “ဂြိုဟ်စားကာလ” က “ကြာသပတေးဂြိုဟ်စား” ဖြစ်တယ်။ ကြာသပတေးဟာ မရဏဂြိုဟ်ဖြစ်ပေမယ့် စနေနဲ့ ဆက်သွယ်မှု မရှိဘူး။ နောက် (၃၃)နှစ်ကျတော့ “ရာဟုဂြိုဟ်စား” ကာလ ဖြစ်လာ တယ်။ ရာဟုဟာ ဗိုလ်ချုပ်ရဲ့ မဟာဘုတ်တိုင်မှာ “သိုက်” မှာ ရှိနေတယ်။ အဲဒီတော့ ဒီရာဟုဟာ မွေးနံ လည်းဖြစ် “သက္ခတ်”လည်းဖြစ် တဲ့ “စနေ” ဂြိုဟ်နဲ့ ပက္ခတ် မိမနေဘူးလားခင်ဗျာ။ အောက်ကပုံကို ကြည့်ပါခင်ဗျာ။

.

ဒါကြောင့် နာမည်ပက္ခတ် မိထားတဲ့လူတွေ အကြောက်ရဆုံး အချိန်/ကာလဟာ “ဂြိုဟ်စားကာလကြီး” နဲ့ “သက္ခတ်” တို့ အပြန်အလှန် ပက္ခတ်ကျတဲ့ နှစ်ပိုင်းတွေ ဖြစ်တာကို (ဒီသုတေသနအပြီး) နောက်ပိုင်း ဆက်လေ့လာတဲ့ သုတေသနများအရ တွေ့ရှိရပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးကွယ်လွန်ခဲ့ရခြင်းဟာ မြန်မာတစ်မျိုးသားလုံးအတွက် လုံးဝအစာထိုးလို့ မရတဲ့ ဆုံးရှုံးမှုကြီး ဖြစ်တာမှန်ပေမယ့် ကံတရားရဲ့ အလိုအတိုင်း ဖြစ်ကို ဖြစ်ရမယ့် ကိစ္စတစ်ခုမို့သာ ဗိုလ်ချုပ်ဟာ ဒီလို နှစ်၊ လ၊ ရက်မျိုးမှာ မွေးပြီး ဒီလို နာမည်မျိုးကို မှည့်မိခြင်းလို့လည်း ယူဆနိုင်ပါတယ်။ ဖြေသိမ့် ကြည့်တာပေါ့လေ။

ဒါကတော့ Numerology ပညာ နဲ့ မဟာဘုတ် ပညာတို့ပေါင်းစပ်ပြီး ပြန်လည်လေ့လာသုံးသပ် ထားတဲ့ ဗေဒင်ဆောင်းပါး တစ်ခုပါ။ ဒီထက် အဆင့်မြင့်မြင့် “နက္ခတ်ဗေဒင်ပညာ” နဲ့ သုံးသပ်တင်ပြထားတာကို ဖတ်ချင်ရင်တော့ “ဆရာ ဘဲလားလေဘာတီ” ရေးထားတဲ့ “ဗိုလ်ချုပ်အောင်ဆန်းနှင့်အကြောင်းတရား” ဆိုတဲ့ ဆောင်းပါးလေးဆီကို လင့်ခ် သွားပြီး ဖတ်ကြည့်လိုက်ပါ။ ဒီနေရာကို နှိပ်ပြီး သွားလိုက်ပါ။

.

ဖတ်ရှုသူအပေါင်း ပြန်ပြောင်းအောက်မေ့ လွမ်းဆွတ်နိုင်ကြပါစေ။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ဗေဒ-သုခုမ)

အမှတ်တရ ရှိသော အကြောင်းအရာများ

July 17, 2010
အမှတ်တရဆိုတာ ဘာကို ပြောတာပါလိမ့်……။
အဖြစ်အပျက်၊ အကြောင်းအရာ၊ နေရာဒေသ၊ နေ့စွဲ၊ စိတ်ခံစားမှု၊ လူပုဂ္ဂိုလ် ဒါမှမဟုတ် ပစ္စည်းတွေလား…….။ လူတစ်ယောက်အတွက် အမှတ်တရ ရှိခဲ့တဲ့ အရာဟာ သူနှစ်သက်သော ပစ္စည်းကို လက်ဆောင်ရတဲ့နေ့ ဒါမှမဟုတ် ဆုံးရှုံးလက်လွှတ်ရတဲ့နေ့ ဖြစ်နေနိုင်တယ်။ နေရာဒေသ တစ်ခုဟာလဲ အမှတ်ရစရာ ပဲပေါ့။ ပျော်ရွှင်မှုတွေ ရရှိပိုင်ဆိုင်တဲ့နေ့ကို အမှတ်ရနေနိုင်သလို ၀မ်းနည်းနာကျင်ခံစားခဲ့ရတာကလည်း အမှတ်တရ ဖြစ်နေနိုင်တာပဲလေ….။ 
ကိုယ့်အပေါ်မှာ ဂရုစိုက် ကြင်နာတဲ့သူကို အမှတ်ရတက်သလို စိတ်နာကျည်းမှုတွေ ပေးတဲ့သူကိုလဲ မမေ့တက်ကြဘူးပဲ။ ကျွန်မအတွက် အမှတ်တရတွေကရော ဘာတွေများလဲ……တွေးကြည့်မိတယ်။ အခုအသက်အရွယ်အထိ ဖေဖေရဲ့ အရိုက်ကို သုံးခါတိတိ ခံခဲ့ရဖူးပါသည်။ 


မှတ်မှတ်ရရ…… ကလေးဘ၀က မေမေ့လက်ပတ်နာရီကို ယူဝတ်ပြီး သူငယ်ချင်းများနဲ့ ပျော်ပွဲစားတမ်းကစားတုန်း ငရုပ်သီးထောင်းလိုက်တာ နာရီတစ်ခုလုံး ညက်ညက်ကြေ သွားစဉ်က တစ်ခါ။ (မငိုဘူးတဲ့ဗျ အကြောကတင်းတယ်နော်) ကျန်တဲ့ နှစ်ကြိမ်ကတော့ အငယ်လေးကို မရိုက်အောင် ၀င်ပြောမိလို့ချည်းပါပဲ။ (မိဘကို ဆရာပြန်လုပ်လို့ ဆိုလား……) အဲလောက်အထိ ချစ်ခဲ့ရတဲ့ ညီမလေးကို ကုတင်ပေါ်က တွန်းချခဲ့ဖူးတာကလဲ အမှတ်တရပေါ့။ (တကယ်တော့ တမင်မဟုတ်ပါဘူး လက်လေးနဲ့ တွန်းလိုက်တာ..အတွင်းအားက ကောင်းလွန်းတော့ ပြုတ်ကျသွားတာပါ :))

မိန်းမမဟုတ် ယောင်္ကျားမဟုတ်နဲ့ သိုင်းချတမ်းကစားတာ ခုနှစ်တန်းနှစ် အတန်းတင် စာမေးပွဲအတွက် ခုံစီသောနေ့မှာ လက်ကျိုးခဲ့တာကလဲ အမှတ်ရစေတာပဲ။ (ရှောင်လင်မင်းသားလေးဇာတ်လမ်းတွဲ လာတုန်းကပေါ့ဗျာ) ဆောင်းတွင်းတစ်မနက်မှာ ညီမနှစ်ယောက် စာထကျက်ရင်း စောင်ခြုံကိုယ်စီနဲ့ သိုင်းချကြတာ…… စိတ်ထဲမှာတော့ ၀တ်ရုံကြီးတွေ တစ်ဖါးဖါးပေါ့……….။ ၀ှီးကနဲ ၀ှီးကနဲ……စောင်တွေကို ဝေ့ကာရမ်းကာနဲ့ သိုင်းကစားကြတာ……. ချလွမ်……ချွမ်….ခွမ်…….အသံမျိုးစုံ ထွက်လာမှပဲ နှစ်ယောက်သား ဂုတ်ပု၊ လျှာထုတ်ပြီး ၀ပ်သွားကြတာ။ 🙂
စောစောစီးစီး မေမေ က ထိုင်ငိုပါလေရော……. ”မိန်းကလေးတွေ ဖြစ်ပြီး သိုင်းချတမ်း ကစားကြတာတဲ့ အောင်မလေး စိတ်ညစ်တယ်…… စာတော်ကြတာကလွဲပြီး ဘာမှကို သုံးမရကြဘူး…….” ဘာညာသရကာနဲ့ အရင့်အရင်က အပြစ်တွေပါ ပါလာတာပေါ့ဗျာ။ ငိုမှာပဲဗျ…..ဖန်ခွက်က တစ်လုံးမှမှ အကောင်းမကျန်တာကိုး……။ ခဏကြာတော့ တစ်လမ်းကျော်က သူငယ်ချင်းဆီကို ကျွန်မသွားတယ်။ ”ငါ….မေမေ့ကို ဖန်ခွက်တွေ ပြန်ဝယ်ပေးချင်တယ်ဟာ ဘယ်လိုလုပ်ရမလဲ….” ဆိုပြီး ရေချိုးနေတဲ့ သူငယ်ချင်းနားမှာ ရေစိုခံပြီး မျက်နှာငယ်လေးနဲ့ပေါ့။ သူငယ်ချင်းကလဲ အကြံကောင်းကို ပေးလိုက်တာပါ ”နင့်အမေဆီက ပိုက်ဆံတောင်းလိုက်ပေါ့…”တဲ့။
အူကြောင်ကြောင်နဲ့ ကျွန်မက အမေဆီမှာ ပိုက်ဆံတောင်းတဲ့အခါ..ခေါင်းခေါက်ခံခဲ့ရတာကိုလဲ ခုထိ အမှတ်ရနေမိတယ်။ ကျွန်မဆိုတာက ငယ်ငယ်လေးကတည်းက စာကျက်မယ်၊ စာလုပ်မယ်၊ စာရေးမယ်၊ စာဖတ်မယ် နဲ့ ကြိုးစားတယ်လို့ နာမည်ရခဲ့သူပါ။ (စာကျက်နေရင် အိမ်က ဘာမှမှ မခိုင်းတော့ဘူးလေ….:) မေမေကို ပြန်မပြောကြေး ) နှစ်စဉ် ဆုတွေ ရခဲ့တဲ့ ကျွန်မက ငါးတန်းနှစ် လပါတ်စာမေးပွဲမှာ ဖျားနေလို့ အဆင့်(၁၃)ရတာကို ရှိုက်ကြီးတငင်နဲ့ ငိုခဲ့ဖူးတယ်။ 
တက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူးတစ်ခုတည်းပါလို့ အိမ်မပြန်တော့ဘူးဆိုပြီး နံရံနဲ့ ခေါင်းနဲ့ ဆောင့်ကာ သေကြောင်းကြံခဲ့တာလဲ ကျွန်မပါ။ ရိုးရိုးပဲအောင်တဲ့ ကျွန်မသူငယ်ချင်းမကို သူ့အိမ်က ဂုဏ်ပြုတဲ့အနေနဲ့ ကွန်ပျုတာ ၀ယ်ပေးတဲ့အချိန်မှာ……. မှန်းထားသလောက် ဖြစ်မလာခဲ့တဲ့ ကျွန်မကို ဖေဖေက သုံးလလောက် စကားမပြောခဲ့တာကလဲ အမှတ်တရ ဖြစ်စေတယ်။(T_T) အဲလောက်အထိ စာမေးပွဲရလဒ်တို့၊ အဆင့်တို့ကို တန်ဖိုးထားတဲ့ ကျွန်မ……. တက္ကသိုလ်တက်တဲ့အချိန်မှာ…. ရိုးဝမ်းရဖို့ မလိုပါဘူး……. တကယ်တက်ရင် ပြီးတာပဲလို့ ကြွေးကြော်ခဲ့သေးတာ။ (ပြီး….တကယ်လဲ မတက်ခဲ့ပါဘူး……:))
ကျောင်းတက်မယ်၊ စာလုပ်တယ်ဆိုတဲ့သူ ဖိုင်နယ်မှာ ကျောင်းခေါ်ချိန်မပြည့်လို့ လက်မှတ်ထိုးခဲ့ရတုန်းက အားလုံးထဲမှာ မိန်းကလေးက ကိုယ်တစ်ယောက်တည်း ဖြစ်နေခဲ့တာကိုလဲ မှတ်မိပါရဲ့။ အမှတ်ပြည့်နီးပါး ရမှ ဖြေနိုင်တယ်လို့ သတ်မှတ်ထားတဲ့သူက ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ ကျစဉ်က ၀မ်းနည်းမနေခဲ့တာကလဲ အမှတ်တရတစ်ခုပဲ ထင်ပါရဲ့…။ အင်း……တွေးကြည့်မှ အမှတ်တရတွေက တော်တော်များတာပဲကိုး…။ 
အမှတ်တရဆိုတာက…….အဖြစ်အပျက်၊ အကြောင်းအရာ၊ နေရာဒေသ၊ နေ့စွဲ၊ စိတ်ခံစားမှု၊ လူပုဂ္ဂိုလ်နဲ့ ပစ္စည်းတွေပဲပေါ့လေ။ သာယာပျော်မြူးဖွယ်ရာတွေ၊ စိတ်ညစ်ညူးဖွယ်ရာတွေ၊ ရယ်ရွှင်ဖွယ်ရာတွေ၊ ငိုကြွေးပူဆွေးစရာတွေ… လွမ်းဆွတ်ဖွယ်ရာတွေ၊ မေ့ပျောက်ဖွယ်ရာတွေ……. အားလုံး အားလုံး ရောပြွန်းနေတာကိုက ဘ၀ရဲ့ အမှတ်တရတွေပါ.။ ကွန်ပျူတာရဲ့ မန်မိုရီလို Format ချမရနိုင်တဲ့ လူတွေရဲ့ ဦးဏှောက်အသိညဏ်ထဲမှာ ကြုံခဲ့သမျှတွေဟာ အမှတ်တရချည်းပါပဲလေ။
တိုက်ဆိုင်မှုတွေ ကြုံတဲ့အခါတိုင်း အမှတ်တရ ဖြစ်တတ်ကြတာကိုက အမှတ်တရတစ်ခု ဖြစ်နေလေရဲ့….။

အမှတ်တရ……….။

ပန်းပွင့်အမုန်း

July 16, 2010

ရင်နဲ့ရင်းကာ

ပေးအပ်လိုက်သော

ချစ်ခြင်းများတွက်

ပြန်ရလိုက်သော…..

အမုန်းများ……

ပန်းသို့ပြောင်းကာ

လောကအားလုံး

ရနံ့သင်းပျံ့

စေသတည်း……….။