Archive for June, 2010

ဘာအကြောင်းကြောင့်မှ ကျွန်မ ဟန်မဆောင်တော့ပါ။

June 29, 2010
“……”
“ အိုး နင်တောင် ပြောင်းလဲသွားသေးတာ ငါက ဒီအတိုင်းလေးပဲ ကျန်မယ်လို့ နင် ဘာလို့မျှော်လင့်နေရတာလဲ”
“………”
“အချစ်အကြောင်းကို စဉ်းစားရင်း အချိန်ကုန်နေရအောင် ငါ ကလေး မဟုတ်တော့ဘူး ကိုကို ငါ့မှာ ဆက်လျှောက် ရမယ့် လမ်းတွေ အများကြီး ကျန်သေးတယ်”
“……..”
“နင် လက်ထပ်ခြင်း လက်မထပ်ခြင်းအပေါ်မှာ ငါက ဘာလို့ မိန်းမူးနေရမလဲ ဒါ နင့်ဘ၀လေ ငါ့ဘ၀မှ မဟုတ်တာ နင့်ဘ၀ နင့်လမ်း နင်လျှောက်တာ ငါက ဘာဆိုငိလို့ ခံစားနေမလဲ နင်နဲ့ငါ ချစ်ခဲ့ကြတယ် မှန်တယ် ဒါပေမယ့် ချစ်တိုင်း လက်ထပ်ဖြစ်တာမှ မဟုတ်တာ ငါ့ကို အဲလောက် နင် လျှော့မတွက်သင့်ဘူး ကိုကို”


“…….”
“ဘာ ငါ့ကို စိတ်ချချင်တယ် ဟုတ်လား အဟက် အားမနာတတ်ရင် ရယ်လိုက်ချင်တယ်ဟာ တကယ် စိတ်မချဘူး လို့ပြောရအောင် ငါက ဘာဖြစ်နေလို့လဲ ငါ့မိဘ ငါ့အသိုင်းအ၀ိုင်း ငါ့အဆင့်အတန်း ငါ့ပညာနဲ့ ငါ့ဘာသာငါ ရပ် တည်လို့ ရနေတာပဲ နင်နဲ့ ဝေးရလို့ ငါက ဘ၀ပျက်သွားမယ့် မိန်းမမှ မဟုတ်တာ ဘာလဲ နင် ငါ့ကို ချန်ထားခဲ့လို့ ကိုယ်ကိုကိုယ် သေကြောင်းကြံမယ်များ ထင်နေတာလား ဟားဟားဟား”
“……..”
“အေးဆေးပါ ကိုကိုရ မွန်မွန်ကိုပါ ငါ ဒီနာမည်ကို အလွယ်တကူ ထုတ်သုံးလေ့မရှိပါဘူး ငါ့နာမည်ကို အပေါင်ထား
ပြီး ပြောပြီဆိုရင် သေချာတယ် ငါလုပ်နိုင်တဲ့ ကိစ္စမို့ပဲ…. နော် စိတ်သာချလိုက်ဟာ ငါ အာမခံတယ် ဟားဟား” “……..”
“sorry ဟာ လှောင်သလို ဖြစ်သွားရင် …. နင့် စေတနာကို ငါ နားလည်ပါတယ်”
“…….”
“ခဏ ကိုကို ငါ ပြောစရာ ရှိတယ်… နင်နဲ့ငါ ချစ်နေကြတုန်းမှာ အကောင်းဆုံး မဟုတ်ပေမယ့် ငါ အစွမ်းဆောင် နိုင်ဆုံး လုပ်ပေးခဲ့တယ် ငါ နင့်အပေါ်မှာ ထားရှိခဲ့တဲ့ ချစ်ခြင်းနဲ့ စေတနာမေတ္တာတွေကို ငါကိုယ်တိုင် ကျေနပ်အား ရခဲ့တယ် အဲဒီ့အတွက် ငါမှာ နောင်တမရှိဘူး အေး အတူတူသွားနေတဲ့ လမ်းမှာ နေရစ်ခဲ့တော့လို့ နင်ချန်ထားခဲ့ လို့ ရတယ် နေရစ်တော့မယ်လို့ ပြောပြီး ကျန်နေရစ်လို့ ရတယ် ငါ လက်ခံတယ် ဒါပေမယ့် ချန်ထားခဲ့ပြီးမှ၊ ကျန် နေရစ်ခဲ့ပြီးမှ နင့်ဘက်က တစ်ဖက်သက်ဖြူတ်ထားခဲ့တဲ့ ငါ့လက်ကို ပြန်လာတွဲဖို့ စိတ်မကူးနဲ့ ငါက နင်ပြန်လှည့် ကြည့်တိုင်း အမြဲကပ်ပါနေမယ့် အရိပ်မဟုတ်ဘူး အဲဒါလေးကိုတော့ နင်နားလည်ထား နင် ပြန်လည်လာမလား လို့ စောင့်နေမှာ မဟုတ်ဘူး အသနားလဲ ခံမှာ မဟုတ်ဘူး သိလား”
“……..”
“အော် ဒီလိုတော့ အပြစ်မဆိုနဲ့လေဟာ နင့်မှာလဲ မာနရှိသလို ငါ့မှာလဲ မာနရှိနေနိုင်တာပဲ ဒါတွေ ထားပါ ပြောနေစရာမလိုတော့ပါဘူး အရေးကြီးတာက နင့်ဘ၀မှာ နောင်တကင်းကင်းနဲ့ အသက်ဆက်ရှင်နိင်ဖို့ပဲဟ သိလား…. နောင်တဆိုတာကလဲ virus တစ်မျိုးပဲလေ တရိရိကိုက်စားပြီး အသက်ပါသွားတတ်တာမျိုး အဟ ”
“…….”
“အိုး… နောက်တာမဟုတ်ပါဘူးကွယ် ဒါ ရင်ထဲက စကားပါ ဘယ်နှယ့် ချစ်သူတစ်ယောက်ကိုလဲ ဆုံးရှုံးသေး… ရှိနေတဲ့ ဘ၀ကိုလဲ မပျော်ရဘူးဆိုရင် ဘယ်တန်ပါ့မလဲ ငါနဲ့အတူနေရတာထက် ပိုကောင်းမယ်ထင်လို့ နင်ရွေးခဲ့ တာပဲလေ ကိုယ့်ရွေးချယ်မှုကို ကိုယ်နောင်တရနေရင် နင် ရှင်ရက်နဲ့ သေသလို ဖြစ်သွားမှာပေါ့ဟ မဟုတ်လား” “……”
“တော်စမ်းပါ ကိုကိုရယ် အရူးထမနေပါနဲ့ ငါက နင့်အတွက်နဲ့ ကျန်းမာရေး ထိခိုက်ရမယ်လို့ ဘာမှမဖြစ်ဘူး နေ ကောင်းတယ် ဟိုးတုန်းကတည်းက မကောင်းတဲ့ ကျန်းမာရေးပါဟ နင့်ကြောင့်မဟုတ်ပါဘူး အံမယ်လေးဟယ် ဖြစ်မှဖြစ်ရလေ စိတ်ချစမ်းပါဟာ ငါက စိတ်ညစ်လေ စားဝင်လေပဲ နင်သိပါတယ် ဟဟ”
“……”
“အိုကေ အိုကေ ကိုကို နင်မပြောနဲ့တော့ ငါပဲ ပြောမယ် နင်နဲ့ငါဟာ ချစ်သူဖြစ်ခဲ့ကြဖူးတဲ့ သူစိမ်းတွေပါ နင်နဲ့ငါ ကြားမှာ ချစ်သူဆိုတဲ့ ပါတ်သက်မှုသာ မရှိတော့ဘူး ဆိုရင် နင်နဲ့ငါဟာ သူစိမ်းပဲ ဟုတ်တယ်မလား သူငယ်ချင်း လို မိတ်ဆွေလိုနဲ့ လာပြီး ငြိမ်းချမ်းရေး ယူမနေစမ်းပါနဲ့ ပြောရမယ်ဆိုရင် ငါက နင့်ကို ကျေးဇူးတောင် တင်သေး”
“…..”
“ဟင် ဘာဖြစ်လို့ရမလဲ နင် ငါ့ကို သစ္စာရှိလို့လေ ငါ့ကို တစ်သက်လုံးစာ လက်မတွဲနိုင်တာကို ပွင့်ပွင့်လင်းလင်း ပြောပြီး လမ်းခွဲသွားလို့လေ ဒီလို သစ္စာရှိရှိနဲ့ နင် ထားသွားခဲ့တာကို ငါ ကျေးဇူးတင်တာ မဟုတ်ရင် ငါ့ဘ၀တစ်ခု လုံး နင် လိမ်ညာမှုတွေနဲ့ သစ္စာမဲ့နေမှာလေ.. ခုတော့ စောစောစီးစီး သိရတော့ ငါ့မှာ ရွေးချယ်ခွင့် ရတာပေါ့… ဟုတ်တယ်မလား ကျေးဇူးတင်တယ်ဟာ နော်”
“……”
“ကဲပါ ဘာမှ စိတ်မကောင်းဖြစ်မနေနဲ့ ဘယ်လိုမှလဲ သဘောမထားပါနဲ့ ငါ့အတွက်လဲ စိတ်ချ ပညာရေးမှာပဲ ဖြစ်ဖြစ် စီးပွားရေးမှာပဲ ဖြစ်ဖြစ် ငါ အောင်မြင်မှာပါ ငါ့ကိုယုံတယ်မလား စိတ်ကို ငြိမ်းချမ်းစမ်းပါဟာ ခက်ခက်ရချည့် ငါကတောင် ပြန်နှစ်သိမ့်နေရသေးတယ် အံသြပါ့ ဟ ဟ ငါ သိပ်ကြိုက်တဲ့ တာရာမင်းဝေရဲ့ မီးတောက်ရစ်သမ် ကဗျာထဲကလိုပေါ့

မြက်ရိုင်းက
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက….
တစ်ယောက်ကို တစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ ……. တို့ ဝေးလိုက်ကြပါစို့..

ကဲ ဘာပြောဦးမလဲ ညလဲနက်နေပြီ ငါလဲ အိပ်ချင်နေပြီ မနက်ဖြန် သင်တန်းတွေ ရှိသေးတယ်ဟ”
“မေလေးကို ချစ်တယ်”
“တီ..တီ..တီ…”

ကျွန်မကို စိတ်ချချင်တယ် ဆိုတဲ့ ကိုကိုရေ ဒီလေသံ ဒီစကားတွေဆို စိတ်ချပြီမလား………..

“၀ုန်း…..”
“ဟဲ့ သမီး သမီး…. ဟဲ့ လုပ်ကြပါဦး ခေါ်မရတော့ဘူး……..”

နှစ်ရက်ခန့် ကြာသောအခါ…………….

ကိုလေးဖြူရဲ့ မမေ့နိုင်သီချင်းကို တိုးတိုးလေး ဖွင့်ထားသော ဒီအခန်းထဲမှာ ကျွန်မ သိပ်ကြိုက်သော နှင်းဆီပန်း နံ့တွေထဲ ဆေးနံ့အချို့ ရောနှောပါမနေရင် သိပ်နှစ်လိုဖွယ်ကောင်းမှာပဲ။ ပိုးသတ်ဆေးနံ့တွေကို ကျွန်မ မုန်းသည်။ နှာခေါင်းကို ပိတ်ထားဖို့ ကျွန်မ လက်တွေကို မြှောက်လိုက်တော့ ဖြူဖျော့ခြောက်ကပ်နေတဲ့ လက်ချောင်းတွေဟာ ပိုက်တန်းလန်းနဲ့။ ရုတ်တရက် လှုပ်လိုက်၍ထင်သည် ပိုက်ထဲသို့ သွေးအချို့ စီးဝင်လာသည်။ ထိုသွေးများ အပ်ဝမှာ ခဲနေပြီဆိုလျှင် ကျွန်မ နာကျင်ရဦးမည်။ သို့သော် နာကျင်ရက်နဲ့ မနာကျင်သယောင် ဟန်ဆောင်ရသည် လောက် နာကျင်မည် မဟုတ်ပါ။ တစ်ချိန်လုံး သူ့အပေါ်မှာ ရိုးသားစွာ ဆက်ဆံခဲ့သော ကျွန်မသည် ပထမဆုံးနှင့် နောက်ဆုံးအကြိမ်အဖြစ် ဟန်ဆောင်ခဲ့သည်။ ထို့အတွက် ဟန်ဆောင်ခြင်းသည် စိတ်ရော ကိုယ်ပါ ပင်ပန်းသော အလုပ်တစ်ခု ဖြစ်ကြောင်း ကျွန်မ ကိုယ်တိုင်လက်တွေ့ကျကျ သိလိုက်ရသည်။

ဆုတောင်းခွင့် ရှိမည်ဆိုလျှင် သူနဲ့ နောက်ထပ်ပြန်မဆုံပါရစေနဲ့ ဟု ကျွန်မ ဆုတောင်းချင်သည်။ ဤသည်မှာ သူ့ ကို မုန်းတီး၍ မဟုတ်ပဲ ကျွန်မ ဟန်ဆောင်နိုင်စွမ်း မရှိမှာကို စိုးရိမ်၍ ဖြစ်သည်။ ဤမျှ စိတ်ရော ကိုယ်ပါ ပင်ပန်း သည့် ဟန်ဆောင်ခြင်းဟူသော အလုပ်ကို ကျွန်မ ဘယ်လိုနည်းနဲ့မှ မလုပ်ချင်တော့ပါ။ ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်သည်။

ဘာအကြောင်းကြောင့်မှ ကျွန်မ ဟန်မဆောင်တော့ပါ။

ဓါးစားခံအန်စာတုံးလေးများ

June 28, 2010
19.10.2009
သစ်ရွက်မရှိတဲ့ သစ်ပင်ဟာ သစ်ပင်ပဲ။
သစ်ပင်မရှိတဲ့ သစ်ရွက်ကတော့ အမှိုက်တဲ့။

တိုးတက်လာတဲ့ ခေတ်စနစ်နဲ့ အညီ ပျက်စီးယိုယွင်းမှုတွေက နောက်က တစ်ပါတည်း လိုက်လာတက်တာလဲ လောကရဲ့ သဘာဝပေါ့။ အရာရာကို စမ်းသပ်စွန့်စားချင်တဲ့ ဆယ်ကျော်သက် အရွယ်တွေ….. နည်းပညာမြင့် မီဒီယာတွေရဲ့ လွှမ်းမိုးသိမ်းသွင်းမှုအောက်ကို တစ်ဖြည်းဖြည်းနဲ့ ရောက်လာနေပြီ။ လမ်းကြောင်းမှန်ကို ရောက်သွားတဲ့ ကလေးတွေ ရှိပေမယ့် ရေလိုက်လွဲတဲ့ ကလေးတွေ အများကြီးပါ။ ပါတ်ဝန်းကျင်မှာ မြင်နေ၊ ကြားနေရတာတွေလဲ လခြား၊ ရက်ခြားကနေ ခု နာရီလောက်ပဲ ခြားပါတော့တယ်။ အတုမြင် အတက်သင်ဆိုတာ ကလေးတွေအတွက် အများကြီး အရေးကြီးပါတယ်။ အထူးသဖြင့် မိဘရဲ့ အုပ်ထိန်းမှုအောက်ကနေ လွတ်ပြီး အဆောင်နေ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်တွေမှာ ပိုလို့ အရေးကြီးပါတယ်။ ကျောင်းသားအရွယ်၊ လူငယ်ဆိုတာ ပျော်ချင်တယ်၊ ပါးချင်တယ်၊ လွတ်လပ်ချင်တယ်…. ဒါ သဘာဝပဲ။ ဒါပေမယ့် အရာရာတိုင်းမှာ အကန့်အသတ်ရှိတယ်။ လိုအပ်တာထက် ပိုလာရင်တော့ ဒါဟာ အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းပဲ။

ဂိမ်းဆော့တယ်ဆိုတာ ဦးဏှောက်ကို အလုပ်ပေးတာ၊ စဉ်းစားနိုင်တဲ့ ညဏ်ရည်ကို မြှင့်ပေးတာ။ ဒါကြောင့် အသက်အရွယ်ကြီးရင့်တဲ့ သူတွေကိုတောင် တစ်နေ့တစ်နာရီ ဂိမ်းဆော့ဖို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပေးထားတာပေါ့။ ခုတော့ ကလေးတွေ ဂိမ်းဆော့တာက ပြဿနာတစ်ခုကို ဦးတည်နေပြီ။ အများစုသော ကျောင်းသားတွေ ကျောင်းချိန်ပြင်ပတင် မကတော့ပဲ ကျောင်းချိန်မှာပါ ဂိမ်းဆိုင်မှာ ရောက်နေကြတယ်။ အတန်းမတက်ရုံတင်လားဆိုတော့ ထမင်းမေ့၊ ဟင်းမေ့ကို ညလုံးပေါက် ကစားတဲ့သူက များနေတယ်။ အတန်းပညာကို ထိခိုက်ရုံသာမက၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေးတွေကိုပါ ထိပါးလာနေတယ်။ တစ်ချို့ဆေးကျောင်းသားတွေ၊ ကွန်ပျူတာကျောင်းသားတွေ၊ နည်းပညာကျောင်းသားတွေ….. ကျောင်းသားတွေဟာ ခုဆို ဂိမ်းကျောင်းသားလို့ ခေါ်ရမတက် ကျောင်းထက် ဂိမ်းဆိုင်မှာသာ အနေများနေကြတယ်လေ။

ဒီပြဿနာကို မဖြေရှင်းရသေးခင်မှာပဲ အင်တာနက်အသုံးပြုမှုက တွင်ကျယ်လာတယ်။ လူငယ်လူရွယ်တွေတင် မဟုတ်တော့ဘူး အသက်အရွယ်မရွေး အင်တာနက်ကို စိတ်ဝင်စားလာတယ်။ မီဒီယာရဲ့ ဆွဲဆောင်မှုက သိပ်ကို ကောင်းလွန်းတာကိုး………….။ ကိုယ်တိုင်တောင် တစ်နေ့ကို သုံးနာရီလောက် အင်တာနက် သုံးဖြစ်နေတာလေ။
တကယ်တမ်း အသုံးချမယ်ဆိုရင် သုံးနာရီဟာ ဒေတာရှာပြီး ဒေါင်းလုဒ် လုပ်ဖို့လောက်ပဲ ရှိပါတယ်။ အိမ်ကျမှ အသေးစိပ် ပြန်ဖတ်ရတာဗျ။ ဒါပေမယ့်…….. အင်း ဒါပေမယ့်ဆိုတာက မသုံးချင်ပေမယ့် အများဆုံးသုံးနေရတဲ့စကားဖြစ်နေတယ်ဗျာ။ ခက်တာက အများစုက အင်တာနက်ဆိုရင် ချက်မယ် ဆိုတာလောက်ပဲ သိကြတော့တယ်။ ဒီမှာလဲ အပြုသဘောထက် အပျက်သဘောကို လမ်းကြောင်းက စောင်းနေတယ်။ ဒါကိုလဲ ပြဿနာတစ်ခုအနေနဲ့ သတ်မှတ်ထားကြပေမယ့် ဖြေရှင်းဖို့ နည်းလမ်း မတွေ့ကြသေးဘူး။

မီဒီယာတွေရဲ့ ဘေးထွက်ဆိုးကျိုးထဲမှာမှ……..အဆိုးဆုံးကတော့………… အတူနေချစ်သူတွေ များလာတာပဲ။ အနောက်နိုင်ငံတွေမှာ အတူနေချစ်သူတွေ ရှိကြတာ မထူးဆန်းဘူး၊ ပြဿနာ မဟုတ်ဘူး။ သူတို့ဆီမှာ လိင်ကိစ္စနဲ့ ပါတ်သက်ပြီး ပညာပေးစံနစ်တွေ ရှိတယ်။ အသိညဏ်တွေ ပေးထားတယ်။ တရားဝင် ခွင့်ပြုထားတယ်။ မြန်မာမိသားစုတွေ အစဉ်အလာက ဖွင့်ပြောရတဲ့ ကိစ္စ မဟုတ်ဘူးလို့ သတ်မှတ်ထားကြတာ။ မိဘနဲ့ သားသမီးကြားမှာ ပြောအပ်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ယူဆထားကြတာ။ ဒီတော့……….ကလေးတွေမှာ လုံလောက်တဲ့ အသိညဏ် မရှိဘူး။ ပြည့်ပြည့်၀၀ နားလည်သဘောပေါက်မှု မရှိကြဘူး။

သို့သော်…. စူးစမ်းချင်တဲ့ အရွယ်မှာ မီဒီယာတွေရဲ့ ဆွဲဆောင်မှုနဲ့…….. ကလေးအချို့ လမ်းကြောင်းမှားကြတယ်။ ”မှားတော့ ဘာဖြစ်လဲ….. ကိုယ်ဖြစ်ကိုယ်ခံပေါ့… ခင်ဗျား အပူမပါပါဘူးလို့” တော့ အပြောခံရဖူးတယ်။ ဟုတ်ပါပြီ….ဒါပေမယ့် (သုံးရပြန်ပြီဗျာ)….. ကိုယ်ဖြစ်တာ ကိုယ်တစ်ယောက်တည်း ခံရတာမှ မဟုတ်ပဲလေ…။ လိုအပ်တဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အသိညဏ် မရှိပဲ.. ကိုယ်ထင်ရာ ကိုယ်လုပ်ကြတော့ မလိုလားအပ်တဲ့ ပြဿနာက ရှိလာပြီ။ ကဲ ဘယ်လိုများ ဖြေရှင်းကြသလဲ………။

အတူနေတုန်းကတော့ ဘာမှမစဉ်းစားမိဘူး။ သူကလဲ ကိုယ့်ကိုချစ်တယ်၊ ကိုယ်ကလဲ သူ့ကို ချစ်တယ်။ ဒါဆို ပြီးပြီပေါ့. လို့ ခပ်တိမ်တိမ် တွေးတဲ့သူကလဲ မနည်းဘူးလေ။ ဒါဆို အချိန်တန်လို့ လက်ထပ်ယူမယ်ဆိုတော့….. သူ မပြည့်စုံ။ ကိုယ်မပြည့်စုံ။ ပညာက တစ်ပိုင်းတစ်စ၊ အသက်က မပြည့်။ အဲဒီမှာ unwanted baby ဆိုတာ ဖြစ်လာရော……။ ရက်စက်ကြမ်းကြုတ်တယ်ဆိုတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းကြတယ်။ ယဉ်မင်းဦး (ဆေးတက္ကသိုလ်) ရဲ့ အက်တိုးပစ် အပျိုစင် ဆိုတဲ့ စာအုပ်မှာ ရေးထားတာတွေက…….. တကယ့်အပြင်လောကမှာ ဖြစ်ပျက်နေတာလေးတွေပါ။ အခန့်မသင့်ရင် အသက်ကိုပါ ဆုံးရှုံးသွားနိုင်တာတွေပါ။
(မဖတ်ရသေးသူများ ရှာဖတ်ဖို့ တိုက်တွန်းပါသည်)

နုနယ်တဲ့ အရွယ်မှာ မှားတက်ကြပါတယ်။ မှားတယ်ဆိုတာကိုက လူ့သဘာဝ ဖြစ်နေတာကိုး။ သို့သော်….. အဲဒီသို့သော်က တော်တော်လေး ကြီးမားပါသည်။ မထွေးနိုင်၊ မမျိုနိုင်ဘ၀တွေမှာ……ဓါးစာခံခဲ့ရတဲ့ အန်စာတုံးလေးတွေ များစွာ ရှိလာရသည်။

သားသမီးဆိုတာ မိဘရဲ့ ကောင်းမွေကို ခံစားထိုက်မှ ခံစားရပေမယ့် ဆိုးမွေဆိုတာကိုတော့ မွေးရာပါ ခံစားရတဲ့သူတွေပါ။ ”ဒီကောင့်သား ဒီကောင်လိုပဲ လာမှာပဲ… မအေသမီး မအေအတိုင်း နေမှာပေါ့…. ”ဆိုတာတွေက ကြားဖူးနေကြနေမှာပါ။ မိဘက သားသမီးကို ရွေးချယ်ခွင့် ပြုလုပ်နိုင်ပေမယ့် သားသမီးဆိုတာ မိဘကို ရွေးချယ်ခွင့် မရှိဘူးလေ။ သားသမီးကို မိဘတွေက ပုံသွင်းယူလို့ ရနိုင်သေးတယ်ဗျ။ ရာခိုင်နှုန်းတော်တော် များပါတယ်။ ဒါပေမယ့်(သုံးရပြန်ပြီ) မိဘဆိုတာကို သားသမီးက ကောင်းကောင်းဆိုးဆိုး မိဘပဲ မဟုတ်လား။ မြန်မာမိသားစုတွေရဲ့ ထုံးတမ်းအစဉ်အလာအရ အထက်လူ၊ အကြီးလူကို ပြန်ပြောခွင့် မရှိကြဘူး။

ကလေးတွေဟာ ခေါက်ပြီး ပစ်လိုက်တဲ့ အန်စာတုံးလေးတွေလို…..ဘယ်မိဘနဲ့ ဆုံရမလဲဆိုတာ ဘုရားမှလွဲပြီး ကြိုမသိနိုင်ဘူးလေ။ ရှေးရှေးဘ၀က ကုသိုလ်ကံနဲ့ ဆိုင်တယ်ဆိုပေမယ့် လက်ရှိဘ၀မှာ ကြုံနေရတဲ့ မိဘရဲ့ စိတ်နေသဘောထားပေါ်မှာပဲ ကလေးတစ်ယောက်ရဲ့ ကံကြမ္မာက မူတည်နေတယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။ သူ့သွေးကနေ ကိုယ်သားဖြစ်လာတဲ့ ကလေးငယ်တွေကို ပစ်ခဲ့ရတဲ့ မိခင်တို့ရဲ့ စိတ်အခက်အခဲကို လှမ်းမြင်နိုင်ပေမယ့်….. (ပြောလာမှာဗျ ဘယ်သူကတော့ ကိုယ့်ကလေးကို ပစ်ချင်မှာလဲ မဖြစ်လို့သာပေါ့ ဆိုတာတွေလေ..) တကယ်ဆို အစကတည်းက ထိန်းသိမ်းသင့်တာလားလို့ ပြောချင်တယ်။

ပြောရရင်တော့ ကိုယ့်ပေါင်ကိုလှန်ထောင်းရသလိုပါပဲ……. မိန်းကလေးတွေကိုပဲ အပြစ်တင်ချင်တယ်။ ယောင်္ကျားလေးဆိုတာကတော့ ရရင် ရသလောက် ယူမှာပဲဗျ။ (စော်ကားတာ မဟုတ်ပါ၊ ကိုယ့်မောင်၊ ကိုယ့်အစ်ကိုက အစ မြင်ဖူးပြီးသားမို့ပါ…) ရှေးတုန်းကလို သုံးနှစ်သုံးမိုးစောင့်ပြီး ၊ ဆယ်နှစ်ဆယ်မိုး ရှိမှ လက်ထပ်ဖို့ ပြောတာမဟုတ်ပါ။ ခေတ်အရ မြင်မြင်ချင်းလဲ ချစ်နိုင်ပါသည်။ မမြင်လဲပဲ ချစ်နိုင်ပါသည်။ အသံလေးနဲ့လဲ ချစ်လို့ ရပါသည်။ အသည်းပေါက်မတက် ချစ်တယ်ပြောပြော၊ အသက်ထက် ချစ်တယ်ပြောပြော…..ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်စေ. ချစ်လို့ ရပါသည်။ သို့ပေသိ(ဒါပေမယ့် မသုံးချင်တော့လို့ဗျ)………လက်မထပ်ခင်အချိန်ထိတော့………… မိန်းကလေးများ ကိုယ့်ကိုကိုယ့် စောင့်ရှောက်စေချင်ပါသည်………တန်ဖိုးထားစေချင်ပါသည်…….. တင့်တယ်စေချင်ပါသည်………………။

(ကိုယ့်ကိုကိုယ်မှ တန်ဖိုးမထားပဲ တခြားလူက တန်ဖိုးထားမှုကို မမျှော်လင့်ပါနဲ့တော့) ပြောသံကြားဖူးပါသည်။ ယောင်္ကျားတွေက အိုင်တွေ့ရင်ခြေဆေးတက်ကြသည်တဲ့။ ဒါက ကိုယ်က အိုင်အမျိုးအစား ဖြစ်နေရင်တော့ အဆေးခံရကောင်း ခံရပါလိမ့်မည်။ တစ်ကယ်လို့သာ ကိုယ်က သောက်ရေ ဖြစ်နေရင်တော့ လွယ်လွယ်ကူကူတော့ ခြေဆေးခံရလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် မိမိကိုယ်မိမိ ခြေဆေးစရာ အိုင်အဖြစ် မရောက်အောင် ဆင်ခြင်ထိန်းသိမ်းစေချင်ပါသည်။ ”မှားတက်တာက လူ့သဘာဝ၊ အမှားနည်းတာ လူ့အရည်အချင်း” ဆိုတာ သိစေချင်ပါသည်။

အဓိက ပြောချင်တာကတော့ ……… ကမ္ဘာ့ရွာကြီးထဲမှာ……. အိုင်စီတီခေတ်ကြီးထဲမှာ…. .မီဒီယာလောက ကြီးထဲမှာ……. အင်တာနက်အ၀န်းအ၀ိုင်းကြီးထဲမှာ……အန်စာတုံးလေးတွေ ဓါးစာခံ မဖြစ်စေချင်ဘူးဗျာ..။ ဒါဟာ လက်သီးတစ်ဆုပ်စာ ဦးဏှောက်လေးနဲ့ စဥ်းစားပြီး လက်တစ်ဝါးစာ ရင်ဘတ်ထဲက …. ကမ္ဘာကြီးလောက် ကြီးမားသော ဆန္ဒတစ်ခုလို့ပဲ ယူဆပါစို့..။
”အန်စာတုံးလေးများ ဓါးစာခံဘ၀က လွတ်ကင်းကြပါစေ………….”

(ကိုယ်ကိုတိုင်က တော်လွန်း၊ တက်လွန်း၊ သိလွန်း၍ ပြောနေခြင်း မဟုတ်ပါ။ ကြုံခဲ့၊ ကြားခဲ့၊ မြင်ခဲ့ရသမျှကို တက်နိုင်သလောက် လက်ဆင့်ကမ်းခြင်း ဖြစ်ပါသည်။ ကိုယ်တိုင်လဲ perfect ဖြစ်သူ မဟုတ်ပါ။ ကြိုးစားဆဲ အဆင့်သာ ဖြစ်ပါသည်။ လူဆိုတာ ကိုယ့်ခံယူချက်နဲ့ ကိုယ်တွေမို့ ကြိုက်သလို သဘောထား ကွဲလွဲခွင့်ရှိပါသည်။ စိတ်ကြိုက် ဝေဖန်ခွင့်ရှိပါသည်။ အဆင်ပြေသလို ဆင်ခြေပေးခွင့်ရှိပါသည်။ အပြုသဘောကိုဆောင်၍ ဒီပို့စ်လေးအား တင်ခြင်းဖြစ်ပါသဖြင့်….မိမိကိုယ်ကို လိပ်ပြာသန့်ပါသည်။ တက်နိုင်သမျှ လက်ဆင့်ကမ်း ပြောပေးဖို့လဲ တိုက်တွန်းပါသည်။ မည်သို့ မှတ်ချက်မျိုးမှ မပေးသည့်တိုင်အောင် ဆုံးအောင်အထိ ဖတ်ပေးသူများအား ကျေးဇူးတင်ပါသည်။)

လူမိုက်

June 26, 2010
“မှန်တာလုပ် ဟုတ်တာပြော”
သင်ရိုးညွှန်းတမ်းအပြင်ဖက်မှာ ဒီစကားအတွက်
ခြေတစ်ဖက်ချသာရုံတောင် နေရာမရှိခဲ့….

လည်ပတ်နေတဲ့ ယန္တရားကိုက
ဒီစနစ် ဒီခေတ်ဆိုတော့လည်း
လည်မလိုက်ဘူးဆိုရင် ညပ်ပါသွားရုံ….

“ကျွန်တော်/ကျွန်မကတော့ လိမ်တာကို အမုန်းဆုံးပဲ”
သူသူကိုယ်ကိုယ် ပြောဖြစ်ပေမယ့်
လက်တွေ့ဘ၀မှာ မဆိုစလောက်ကတော့ လိမ်ဖြစ်နေကြတုန်း….

“မုသားမပါ လင်္ကာမချော”

ပထမတစ်ခါကတော့ ကြားကောင်းရုံ..
ဒုတိယတစ်ခါက ဖုံးရုံဖိရုံ….
တတိယတစ်ခါက လိမ်ထားတာ မပေါ်ရုံ……

ကြိမ်ဖန်ရေများလာတော့လဲ
လိမ်တာက လိမ်တာ မဟုတ်တော့သလို

ထမင်းစား ရေသောက် ကျူးလွန်နေကြတာများ
မှန်တဲ့သူက လူမိုက်ကြီးလုံးလုံးကို ဖြစ်လို့…………။ ။

ပလပ်စတစ်(ကလေကချေ)

အရောင်တူ ပုံစံကွဲ

June 22, 2010
“လာကွာ ဘူတာကြီးရောက်တုန်း အာဆင်နယ်မှာ ထမင်းကြော်သွားစားကြရအောင်”။ ပခုက္ကူကို ပြန်မယ့် သူငယ်ချင်း နှစ်ယောက် ဖြစ်တဲ့ ကိုဇော်မိုးနဲ့ ကိုသက်ကြီးတို့ကို လိုက်ပို့တဲ့အချိန်မှာ ကိုစောကြီးက ပြောလိုက်ခြင်းဖြစ်သည်။ စကားဆုံးတာနဲ့ 78 လမ်းကို ဖြတ်ဆင်းကာ 77 လမ်း 31 နဲ့ 32 ကြားမှာ ရှိတဲ့ အာဆင်နယ် ထမင်းကြော်ဆိုင်လေးဆီကို မီးမီးတို့ အဖွဲ့ ချီတက် လာကြသည်။

ကိုစောကြီး။ သူက နောက်ပြောင် ပျော်ရွှင်တတ်သောသူ..။ သူမို့ ကျောင်းခန်းထဲမှာ ရှိလျှင် အတန်းသူ အတန်းသားမှန်သမျှ ပါးစပ်မစေ့ရအောင်ပင် တစ်မျိုးပြီး တစ်မျိုး ရယ်စရာတွေ ပြောနေတတ်သည်။ အသံအကျယ်ကြီးနှင့် လူအမြင်ကပ်အောင် ရယ်တတ်သောသူလဲ ဖြစ်သည်။ စာရေးဆရာပုံစံဖမ်းကာ လွယ်အိတ်အစုတ်ကြီးအား မပြတ်တမ်းလွယ်ကာ “စော်က ၀ယ်ပေးထား တာကွ” ဟု မဟုတ်ပဲ ပြောလေ့ရှိသောသူပင်။

ကိုဇော်မိုး။ အမှန်အကန်သမားဟု နာမည်ပြောင်ပေးရလောက်အောင် ကန်ပစ်ချင်လောက်အောင် မှန်သောသူ ဖြစ်သည်။ စာအုပ်ကြီးသမား ဖြစ်ကာ လှေနံဓါးထစ် တစ်ယူသန်ကာ စိတ်ဆက် ဒေါသထွက်လွယ်သောသူ။ မာနကြီးကာ စကားတစ်ခွန်းပင် အမှားမခံသော၊ ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ စာအုပ်ကို အကြိုက်ဖတ်ကာ အကောင်းဆုံး အဆိုတော်သည် မာမာအေးဖြစ်သည်ဟု လက်ခံထားကာ အရာရာမှာ အငြင်းသန်သောသူ။

ကိုသက်ကြီး။ အရပ်ပုပုနှင့် အေးဆေး သဘောကောင်းသောသူ။ ရွာသားမြို့တက် ဂျင်းဝမ်းဆက် ဟု နောက်ပြောင်ရလောက် အောင်အထိ ဂျင်းအင်္ကျနှင့် ဂျင်းဘောင်းဘီကို နှစ်သက်စွာ ၀တ်ဆင်တတ်သော သူ ဖြစ်သည်။ သူ့အား ဘာပြောပြော စိတ်ဆိုးခြင်း လုံးဝမရှိပဲ ပြုံး၍သာ နေတတ်သောသူလဲဖြစ်သည်။

မီးမီး။ ကျောင်းတွင် ရှစ်ဦးတွဲသည် အဖွဲ့ထဲတွင် အငယ်ဆုံးလိုဖြစ်ကာ ချွဲနွဲ့ပူဆာတတ်သောသူ။ မှန်တယ်ထင်ရင် ဘယ်သူ့မှ ဗိုလ်မထားပဲ မိဘပါမကျန်ရန်ပြန်တွေ့တတ်သောသူ ဖြစ်သည်။ သူငယ်ချင်းများအား ညီအစ်ကိုမောင်နှစ်မသဖွယ် ခင်မင်တွယ်တာ တတ်သောသူလဲ ဖြစ်သည်။ အလိုလိုက်ခံရသူ ပီပီ နားရင်းထရိုက်ချင်စရာကောင်းလောက်အောင် သိသိရက်နဲ့ ဆိုးတတ်သူပင် ဖြစ်သည်။

” ထမင်းကြော်လေးပွဲ နှစ်ပွဲက ၀က်ချက်နဲ့ တစ်ပွဲက ကြက်ကြော်နဲ့ တစ်ပွဲက ဆိတ်သားခြောက်ကြော်နဲ့ ဒညင်းသီးတစ်ပွဲပါချ” ဆိုင်စားပွဲမှာ ထိုင်လိုက်သည်နှင့် ရောက်ဖူး၊ စားဖူးထားသော ကိုစောကြီးက ဦးဆောင်မှာလိုက်ခြင်း ဖြစ်သည်။ သုံးမိနစ်လောက် အကြာမှာတော့ စားပွဲပေါ်သို့ ပန်းကန်များအလျှိုအလျှို ရောက်လာသည်။ ကျန်းမာရေး ချုချာသော မီးမီးဖက်ကို ဆိတ်သား ခြောက်နဲ့ ထမင်းကြော်ပန်းကန်ကို လှမ်းပေးသည်။ “မင်းကတော့ ရွာသားဆိုတော့ မြို့ရောက်တုန်း ကြက်သားကြော်နဲ့စား” ဟု ဆိုကာ ကိုသက်ကြီးအား ကြက်သားကြော်နှင့် စားစေသည်။

“ငါတို့ကတော့ အကောင်းဆုံးအသားပဲ စားမယ်” ဟု ကိုစောကြီးက စပ်ဖြီးဖြီးနှင့် စပါသည်။ အဲ့ဒီအတွက် မီးမီး စောဒက တက်စရာ မရှိပါ။ သင့်တော်နေတာပဲ မဟုတ်လား။ သို့သော် စားပွဲ ဟိုဖက်စွန်းဖက်က ဒညင်းသီးပန်းကန်ကိုတော့ မျက်စောင်းလှမ်းထိုးမိ သည်။ ဒညင်းသီးက မီးမီးမှာ ရှိသောရောဂါများနှင့် အတိုက်အခံဖြစ်ထားသည်ဆိုလား မတည့်သဖြင့် မစားရပါ။ သို့သော် လူတွေကိုက မလုပ်နဲ့ဆိုလေ လုပ်ချင်လေ၊ တားမြစ်ခံရလေ ချိုးဖောက်ချင်လေ ဖြစ်သည်။ မီးမီးကလဲ လူတွေထဲက တစ်ယောက်ဆိုတော့ .. စားချင်ပါသည်။ သို့နှင့် ဒညင်းသီးပန်းကန်ဖက်ကို ဇွန်းလှမ်းလိုက်သည်။

“အဲ့ကောင်မလေးက ကိုယ်နဲ့မတည့်တာကို ဘာလို့စားမှာလဲ ပြန်ချ” ကိုဇော်မိုး၏ အော်သံအဆုံးတွင် မီးမီးတစ်ယောက် ဇွန်းကို ပြန်ချကာ စူပုတ်ကောက်ချိတ်နေတော့သည်။ “မင်းကလဲကွာ တစ်ခါတစ်လေပဲ ကလေး စားပါစေ .. မီး တစ်လုံးပဲ စားနော်” ကိုစောကြီးက ပြောပြောဆိုဆို မီးမီး ပန်းကန်ထဲ ဒညင်းသီး ထည့်ပေးရန် ပြင်သည်။ “ပြောလို့မရလို့ကတော့ ဆွဲထိုးပစ်မှာဗျ ဘာမှတ်နေတုန်း” တကယ်လုပ်မယ့် မျက်နှာထားရော အသံရောကြောင့် “ တော်ပြီ မစားတော့ဘူး” ဟု ဆောင့်အင့်အင့် ပြောကာ ထမင်းပန်းကန်ကို မီးမီး မွှေနေလိုက်သည်။

“မီးကလဲ ဒညင်းသီးက မတည့်လို့ မကျွေးတာလေ နော် ရော့ ကြက်သားကြော်လေးစား” ဟု တစ်ချိန်လုံး ငြိမ်ထိုင်နေသော ကိုသက်ကြီးက မီးမီး၏ ထမင်းထဲသို့ မြုပ်ပေးရင်း ပြောသည်။ တိုက်ပွဲကျသွားမှန်း နားလည်လိုက်သော မီးမီး ကိုသက်ကြီး ထည့်ပေးသော ထမင်းနှင့် ကြက်သားဖက်ကိုပဲ ပါးစပ်ထဲထည့် ၀ါးလိုက်သည်။ နှစ်ချက်မြောက် ၀ါးမိသောအခါတွင်တော့ ကိုသက်ကြီးအား မီးမီး မော့ကြည်လိုက်မိသည်။

ပြုံးနေသော ကိုသက်ကြီးကတော့ ပုံမှန်အတိုင်းပဲ။ သို့သော် မီးမီး မျက်ရည်ဝဲလာသည်။ ပါးပေါ်ကို မျက်ရည်ကျလာတဲ့ အခါမှာတော့ ကိုစောကြီးရော ကိုဇော်မိုးပါ “မီး မငိုနဲ့လေ တိက်တိက် ပြီးရင် မန်းမြို့တော် ပေါက်စီ ၀ယ်ကျွေးမယ်နော်” ဟု အစားမက်သော မီးမီးကို ချော့ကြပါသည်။ သူတို့စိတ်ထဲမှာ ဒညင်းသီး မစားရလို့ မီးမီး ငိုတယ်ပဲ ထင်နေတာလေ။

တကယ်တမ်း ကိုသက်ကြီး ထည့်ပေးသော ကြက်သားဖက်ကြောင့် မီးမီးငိုသည်ကို သူတို့တွေ မသိကြပါ။ ကြက်သားဖက် မဟုတ်ပဲ သေးသေးလေးဖြစ်အောင် ဖဲ့ထားသော ဒညင်းသီးသာလျှင် ဖြစ်တယ်ဆိုတဲ့အကြောင်း သူတို့ မသိလိုက်ကြပါ။ “ဟင့်အင်း” တစ်ခွန်းသာ မီးမီး ပြန်ပြောလိုက်လေတော့သည်။

(အိမ်ထောင်ကိုယ်စီနှင့် ဝေးကွာနေကြသော သူငယ်ချင်းများအား အမှတ်တရ ရေးဖွဲ့ပါသည်။)
(မှတ်ချက်။ အာဆင်နယ် ထမင်းကြော်ဆိုင်မှာ ယခု 76 လမ်းသို့ ပြောင်းရွှေ့သွားပြီ ဖြစ်သည်)

ဝေဒနာမြို့သို့ တစ်ရက်ခရီး

June 21, 2010
စိတ်ညစ်စရာ၊ လွမ်းစရာ၊ ဆွေးစရာ၊ သတိရစရာတို့မှ ထွက်ပြေးတိမ်းရှောင်တက်သော လူ့သဘာဝကို ဆန်ကျင့်စွာပင် နန်းနုသည် သတိရစရာများနှင့် ပြည့်နှက်နေသော ထို့မြို့လေးဆီသို့ ရူးမိုက်စွာ တိုးဝင်သွားခဲ့သည်။ မြို့ပြရဲ့အငွေ့အသက် တို့ နည်းနိုင်သမျှ နည်းပါးကာ တောင်ပေါ်မြို့လေးတို့၏ အစဉ်အလာအတိုင်း အေးမြသောရာသီဥတုနှင့် ပန်းတွေဝေဆာ နေတဲ့ ဒီမြို့လေးကို နန်းနု တော်တော်လေး နှစ်သက်ပါသည်။
ကားပြတင်းပေါက်မှတဆင့် တိုးသက်လာတဲ့ လေတို့ကြောင့် အပေါ်ဝတ်အင်္ကျီကို တစ်ချက်တင်းတင်း ဆွဲစေ့လိုက်သည်။ မြို့ဝင်ဆိုင်းဘုတ်ကိုတောင် လှမ်းမြင်နေရပြီပဲ။ နာရီကို ကြည့်လိုက်တော့ 11း20။ “အင်း နေ့လည်စာကိုတော့ တစ် ယောက်တည်း စားရဦးတော့မှာပဲ” ခေါင်းထဲဝင်လာတဲ့ အူကြောင်ကြောင်အတွေးကြောင့်  နန်းနု ပြုံးလိုက်မိသည်။ ဟုတ်ပါရဲ့.. တစ်ယောက်တည်းစားနေရတာက အမြဲတမ်းလိုလိုပဲဥစ္စာ ဘယ်မှာဆန်းလို့လဲ။ စားပွဲထိပ်မှာ ထိုင်ပြီး တင် ထားသော ထမင်းပန်းကန်၊ ဟင်းပန်းကန်တို့ကို စိတ်မသက်မသာနဲ့ ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ရေနဲ့မျှောချခဲ့ရတဲ့ ရက်တွေ. နေ့တွေ..နှစ်ပြည့်တော့မယ် ထင်ပါရဲ့။

”အစ်မ ရှေ့ကလမ်းချိုးထဲ ၀င်ပေးရမှာမလား”
ကားမောင်းသမားရဲ့ အမေးစကားသံကြောင့် တွေးလက်စတို့ အသာရပ်ကာ သွားမယ့်နေရာကို အရင်စဉ်းစားလိုက်သည်။ ကြိုဆိုမယ့်သူ ကင်းမဲ့သော အိမ်လေးဆီကို တန်းသွားလိုက်ရင်တော့ နေ့လည်စာ စားဖြစ်တော့မည် မထင်။။ မနက်ထ ကားစီးလာကတည်းက ဘာမှမစားခဲ့ရသော ဗိုက်ကလဲ ဆာလောင်မှုကို သတိပေးနေပြီ။ အစာအိမ်ရောဂါနှင့် ဆေးရုံတက် စဉ်က ”ကိုယ့်အတွက်ကို မစားချင်နေပါ ဗိုက်ထဲက ပိုးကောင်လေးတွေ အတွက် အာဟာရပြုပေးဖို့ မမေ့ပါနဲ့” ဟုဆိုခဲ့ သော သူငယ်ချင်း ဆရာဝန် ပိုင်စိုးလင်းရဲ့ စကားကို သတိရလိုက်မိသည်။
”ဟင့်အင်း… မြို့ထဲထိပဲ လိုက်ခဲ့မယ်.. GECရှေ့မှာပဲ ချပေးပါ” နန်းနုရဲ့ နှုတ်ကနေ ရည်ရွယ်ရင်းမရှိတဲ့ စကားတစ်ချို့ ထွက်ကျသွားသည်။ နန်းနုရဲ့ စကားကို ပြန်မရုတ်သိမ်းလိုက်နိုင်မှီမှာပင် ကားသမားက အရှိန်တင်ကာ ဆက်မောင်းထွက် လာခဲ့သည်။ အင်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက်၊ ကြုံခဲ့တဲ့ အကြောင်းအရာ၊ သွားခဲ့တဲ့နေရာတို့ဟာ အာရုံထဲကနေ အပြီးအပိုင် ထွက်သွားတက်သော အရာတို့မှ မဟုတ်တာလေ။
ကားပြတင်းပေါက်ပေါင်ပေါ် လက်ကိုတင်ကာ လက်သည်းကို တစ်ချက်ကိုက်လိုက်သည်။ သြော် ဒီအကျင့်ကလဲ မပျောက် သေးသော အကျင့်ဟောင်းတစ်ခုပဲလေ။ နှစ်တွေသာ ကြာလာတယ်။ အဖြစ်ဟောင်းတို့ကို သတိရနေဆဲ။ အကျင့်ဟောင်းတို့ကို ထွေးပိုက်ဆဲ၊ ခုတောင် နေရာဟောင်းလေးကို လာနေတာမဟုတ်လား မိနန်းနုရယ်။
အပြင်ကိုငေးပြီး ဘာတစ်ခုမှမမြင်ပဲ အတွေးတို့နဲ့ ထိုင်နေသာ နန်းနု ကားရပ်သွားသောအခါမှ ရောက်နေတဲ့ နေရာကို သတိထားမိသည်။ နောက်ခန်းမှ ကောင်လေးနှင့် ကောင်မလေး အတွဲ အိတ်တွေကို ယူပြီး ဆင်းသွားသည်။ အ၀ိုင်းကြီးကို ရေက်နေပြီပဲ။ လွန်ခဲ့သော လေးနှစ်ခန့်က ဒီအ၀ိုင်းကြီးကို စက်ဘီးပတ်စီးခဲ့ဖူးသည် မလား။ ညီမလေးရဲ့ ပြိုင်ဘီးလေးကို ကိုကိုက ရှေ့မှစီးကာ နောက်ကယ်ရီယာမှာ နန်းနုက ကို့ယို့ကားယားနဲ့ မူးလာသည့်အထိ ပတ်စီးခဲ့ဖူးသည်ပဲလေ။
မျက်လုံးထဲ မြင်ယောင်လာကာ နှုတ်ခမ်းက တွန့်သွားတဲ့အထိ ပြုံးလိုက်မိပေမယ့် ရင်ဘတ်ထဲမှာ စူးကနဲ ဖြစ်သွားတာက တော့ နန်းနု ပြုပြင်ပြောင်းလဲယူလို့ မရနိုင်သေးတဲ့ ကိစ္စတစ်ခုဖြစ်သည်။ ဆရာဝေမှုးသွင် လေသံနဲ့ဆိုရင်တော့ ကိုကို ဆိုတာ နန်းနုရင်ထဲက ဆူညံပေါက်ကွဲနေတဲ့ မီးတောင်လေးတစ်ခုပဲမလား။ သူ့အကြောင်း တွေးမိရုံနဲ့ နန်းနုရင်ထဲမှာ အမြဲတမ်း လှိုက်မောပြိုစီးနေရတက်တယ်။
”ဟင့်အင်း.. မတွေးတော့ပါဘူး..”လို့ စိတ်ကူးပြီး နှုတ်ခမ်းကိုကိုက်ကာ ခေါင်းရမ်းမိချိန်မှာပဲ ”အစ်မ GEC နော်” ဟုဆိုကာ ကားသမားက ကားစထွက်သည်။ မြို့လေးကတော့ ပြောင်းလဲမှုတွေ ရှိနေလည်းပဲ နှင်းငွေ့မှုန်မှုန်တို့နဲ့ တင်းတင်းအိအိ လှနေတုန်းပဲ။ ရုပ်ရှင်ရုံရှေ့က ဖြတ်သည့်အခါတိုင်း တစ်ခါမှ ၀င်မကြည့်ဖူးပဲ ဘာကားတင်နေသလဲဆိုတာ စူးစမ်းလေ့ရှိ သည့် နန်းနု မော့ကြည့်လိုက်သည်။ ဟာသကားတစ်ခုပဲ၊ စိတ်ပြေလက်ပျောက်ပေါ့ ညကျထွက်ကြည့်ဦးမှလို့ တွေးမိ သည်။
နာရီစင်ရှေ့မှာ ကားသမားက ခဏရပ်ကာ ဘေးက ကိတ်မုန့်တိုက်အတွင်းသို့ ပါဆယ်ဝင်ပေးပေးလေသည်။ ခေါင်းကို ညဖက်အသာငဲ့ကြည့်မိတယ်ဆိုရင်ပဲ လစ်ကာကော်နာဆိုင်လေးကို လှမ်းမြင်ရသည်။ ညနေဖက် လမ်းလျှောက်ထွက်ရင် တော့ ၀ိုင်တစ်ပုလင်းလောက် ၀ယ်ရမယ်လို့ စိတ်ထဲ မှတ်ထားလိုက်သည်။ တစ်ယောက်တည်း ထမင်းစားရသည်ကို ရွံ့မုန်းသလောက် အစိမ်းရောင် သုတ်လိမ်းထားတဲ့ အခန်းရဲ့ ပြတင်းပေါက်မှာ မှီရပ်ကြည့်ငေးရင်း တစ်ယောက်တည်း အေးစိမ့်စွာ ၀ိုင်သောက်ရခြင်းကို နန်းနု စွဲလန်းသည်။
ကားသမား ပြန်ရောက်လာကာ မောင်းထွက်သည်။ မိနစ်ပိုင်းအတွင်းမှာပဲ GEC ရှေ့သို့ ရောက်လာသည်။ မိန်းမသုံး လက်ကိုင်အိတ် ခပ်ကြီးကြီးကလွဲရင် ဘာပစ္စည်းမှ မပါသော နန်းနု ကားခကို ရှင်းပေးကာ ဆင်းလာလိုက်သည်။ ညောင်ပင်အောက်မှာ ရပ်နေရင်း ပင်စည် လ္ဘက်ရည်ဆိုင်ထဲကို ၀င်ရမလား၊ GEC ထဲက လ္ဘက်ရည်ဆိုင်ထဲကိုပဲ ၀င်ရမလား စဉ်းစားနေမိသည်။
”Jingle bell.. Jingle bell. Jingle all the way…” ကြားလိုက်ရတဲ့ ခရစ္စမတ်တီးလုံးသံလေးကြောင့် နန်းနု ကိုယ် လေး တောင့်သွားရသည်။ အင်း ဖုန်းကို ပိတ်ထားဖို့ မေ့သွားသည်ပဲ။ စိတ်အလိုမကျမှုကို သက်ပြင်းအဖြစ် မှုတ်ထုတ်ကာ နံပါတ်ကို ကြည့်လိုက်သည်။ မရင်းနှီးသော နံပါတ်မို့ ပြန်ပိတ်ရန် စဉ်းစားမိသည်။ ဖုန်းကို ကြည့်ရင်း စဉ်းစားနေစဉ်မှာပင် ကောင်မလေးတစ်ယောက် နန်းနုရှေ့ကို ရောက်လာသည်။ မော့ကြည့်လိုက်တော့ ဖုန်းကို ထောင်ပြကာ နောက်ပြောင်နေသော ခင်ခဲ့ဖူးသည့် ညီမလေး ခမ်းအေး ဖြစ်နေသည်။
”မ ကြီး နန်းနု ကိုကို မပါလာဘူးလား..” ခမ်းအေးရဲ့ စကားအဆုံးမှာ ပျက်ယွင်းလုနီးပါး မျက်နှာကို နန်းနု အတည်ငြိမ်ဆုံးဖြစ်အောင် ကြိုးစားကာ အပြုံးတစ်ပွင့်ကို ချက်ချင်းတပ်ဆင်လိုက်ရသည်။ “ခမ်းအေးပါလား.. မတွေ့ရတာတောင် ကြာပေါ့ ညနေဖက်မှ အိမ်ကို အလည်လာခဲ့မယ်နော် ခု သွားစရာလေး ရှိနေလို့” ဟုဆိုကာ နန်းနု ထွက်လာခဲ့လိုက်သည်။ ပင်စည် ဒါမှမဟုတ် GEC ထဲကို ၀င်မယ်လို့ စိတ်ကူး ထားပေမယ့် ခြေလှမ်းတွေက အရှေ့ဖက်ဆီ ဦးတည်ပြီး လျှောက်လာမိလိုက်သည်။ မွန်းတည့်ခါနီး ဖြစ်ပေမယ့် ရာသီဥတု က အေးမြနေလို့ တော်ပါသေးရဲ့။ ဒါတောင် ရင်ထဲက အပူရှိန်နဲ့ နန်းနုမျက်နှာ ချွေးစို့နေသေးသည်။
ကိုကိုရေ နင်က နေနိုင်ပေမယ့် မနေနိုင်သူတွေက မေးကုန်ပြီ။ နန်းနု ဘယ်လိုဖြေရပါ့မလဲ။ ကိုယ်တိုင်တောင် အခြေအနေ မှန်ကို မသိခဲ့ရပဲ ပစ္စလက်ခက် ကျန်ခဲ့တာဆိုတော့ ဖြေစရာစကား နန်းနုမှာ ဘယ်ရှိပါ့မလဲကွယ်။ တကယ်ဆို ချန်ထားခဲ့ မယ်ဆိုရင်တောင် အကျိုးအကြောင်းလေးလောက်တော့ ပြောသွားသင့်တယ်မလား။ ရှိပါစေလေ.. ဘယ်လိုပဲဖြစ်ဖြစ် နန်းနုပဲ ကျန်ခဲ့တာပါပဲ။
တွေးရင်း လျှောက်ရင်း လျှောက်လာလိုက်တာ မိုးက ရုတ်တရက် ရွာချလိုက်မှပဲ လက်ရှိအခြေအနေကို သတိထားမိတော့ တယ်။ ကြက်လျှာစွန်းလမ်းထောင့်က ဆိုင်လေးဆီကို အလျှင်အမြန် ၀င်လိုက်ရတော့သည်။ ဆိုင်ထဲကို ရောက်ရောက် ချင်းပဲ မှားပြန်ပြီ လို့ နန်းနု သိလိုက်သည်။ စားပွဲပေါ်မှာ အင်ဒိုးပလန့်လေးတွေ တင်ထားတက်တဲ့ ဒီဆိုင်လေး ကို နှစ်ခြိုက် စွာ အတူတူ ခဏ၊ ခဏလာစားခဲ့ဖူးသည်ပဲလေ။ နန်းနုဟာ အတိက်ကနေ မလွတ်မြောက်သေးတဲ့ ခပ်ညံ့ညံ့မိန်းကလေး တစ်ယောက်ပါ ကိုကို။ ပစ္စုပ္ပန်မှာ နေထိုင်ရင်း အတိက်ရဲ့ လွမ်းဆွေးမှု ဒဏ်ရာကို အကြိမ်ကြိမ်တူးဆွကာ ခံစားနေသူ တစ်ယောက်လည်း ဖြစ်သည်။
“ကြက်ဥ ထမင်းကြော်ပဲမို့လား မ နန်း သကော မပါဘူးပေါ့” မျက်မှန်းတန်းမိရုံသာမကပဲ မှတ်မိလွန်းနေတဲ့ ဆိုင်က ၀န်ထမ်းကောင်လေးကိုပဲ နန်းနု အပြစ်တင် ရမလား၊ မှတ်မိလောက်အောင်အထိ ဆိုင်ထဲမှာ တစ်ယောက်ကို တစ်ယောက် ခွံ့ကျွေးကာ ယုယကြင်နာခဲ့ဖူးသော နန်းနု တို့ကိုပဲ အပြစ်တင်ရမလား ကိုကိုရေ။ လာမြင်ကြည့်ပေးဦးလို့ တောင်းဆိုခွင့်မရှိတော့တဲ့သူကို စူးစူးနစ်နစ် တောင့်တမိ ပါရဲ့ကွယ်။ 
“အင်း ကြက်ဥ ထမင်းကြော်ပဲ ပေးပါ ဟင်းချိုမှုန့် မထည့်ဘူးနော်” မေးလာတဲ့ မေးခွန်းကို အကုန်မဖြေပဲ ခေါင်းတစ်ချက် ဆက်ကာ ပြုံးပြလိုက်တဲ့ နန်းနုကို ဘယ်လိုနားလည် သဘောပေါက် သွားသလဲတော့ မသိပါ။ ၀န်ထမ်းလေး ထွက်သွားတော့သည်။
တံစက်မြိတ်ကနေ ကျနေတဲ့ မိုးစက်တွေကို ကြည့်ရင်း နန်းစိတ်တို့ အတိက်ကို ပြန်တွေးမိဦးတော့မှာပဲ။
“ကိုကို ပြန်ကြမယ်…”
“နန်းကလဲကွာ ဟိုမှာ မိုးရွာနေတယ်လေ စိုကုန်မှာပေါ့”
“စိုစိုပေါ့ ကိုကိုကလဲ တူတူစိုမှာပဲကို”
”နန်း ဒီမှာခဏစောင့် ကိုကို ထီးပြန်ယူလိုက်မယ်”
“ဟင့်အင်း ဟင့်အင်း နန်းပါ လိုက်မှာ….” ထွက်ဖို့ရာ ခြေလှမ်းပြင်နေသော ကိုကို့လက်မောင်းကို တွဲလွဲခိုကာ နန်းနု ပြောသည်။
နန်းနုကို ပြောမရသည့်အခါတိုင်း လုပ်နေကျအပြုအမှုဖြစ်သည့် စိတ်ပျက်လက်ပျက်နဲ့ကြည့်မယ်၊ ပြီး ခေါင်းကို နှစ်ချက် လောက်ယမ်းမယ်။ နောက် နန်းလက်ကို တွဲဆုပ်ကာ တစ်.. နှစ်.. သုံးလို့ တိုင်းမင်းခေါ်ကာ နှစ်ယောက်သား ဒီဆိုင်လေး ထဲကနေ မိုးထဲကို ပြေးထွက်ခဲ့ဖူးကြသည်။ အဲဒီနေ့က ရွာမိရင် လွယ်လွယ်မစဲတက်သည့် အဲဒီ့မြို့လေးရဲ့ အစဉ်အလာ အတိုင်း တစ်နေ့ကုန်၊ တစ်ညလုံး ရွာနေခဲ့တာလေ။
မိုးရေတွေနဲ့ စိုကပ်နေတဲ့ အ၀တ်အစားကိုယ်စီနဲ့ ဘုရားကြီးဖက်ကို ဆက်သွားခဲ့ကြသေးတာ။ ရေစိုတွေနဲ့မို့ အတွင်းမ၀င်ပဲ မိုးတွေကျနေတဲ့ ရင်ပြင်တော်ပေါ်ကနေပဲ ကျုံ့ကျုံ့လေးတွေ ၀တ်ပြုခဲ့ကြတာ။ ကုန်းမြင့်ပေါ်ကနေ မြင်နေရတဲ့ အရာအား လုံးကို လက်ညှိုးထိုးပြီး တစ်ခုချင်း ရှင်းပြနေတဲ့ ချစ်သူရဲ့ ပုခုံးကို ကိုင်ဆုပ်အားယူပြီး မမှီ့တမှီ ခုန်နမ်းခဲ့ဖူးတာကိုလည်း နန်းနု သတိတရရှိမိရဲ့။ ရှက်သွားတဲ့ မျက်နှာမှာ ကျေနပ်မှုတွေအပြည့်နဲ့ “နန်းလေးနော်……….”လို့ မချင့်မရဲ ပြောကာ လက်ဖ၀ါးကြီးကြီးတွေနဲ့ နန်းနုဦးခေါင်းကို အုပ်မိုးခဲ့တဲ့ ကိုကိုဟာ တစ်ချိန်ကျ နန်းနုကို ထားခဲ့မယ့်သူလို့ ဘယ်လိုလုပ် ရိပ်မိခဲ့မှာလည်းကွယ်။
ကြက်ဥထမင်းကြော် ပူပူနွေးနွေးကို တစ်ဇွန်းချင်း စားရင်း နန်းနု အတွေးတွေ တဖြည်းဖြည်း အေးစက်လာသည်။ ငါးဇွန်း မြောက်မှာတော့ နန်းနု ဘယ်လိုမှ တင်းမထားနိုင်တော့ပါ။ အတားအဆီးမဲ့ လိမ့်ကျလာတဲ့ မျက်ရည်စတို့ကို နန်းနု မသုတ် မိဘူး။ ဘာ ထမင်းမှလည်း စားမ၀င်တော့ဘူး။ ရေပဲသောက်တော့မယ် ဆိုတော့ ဟိုးတုန်းကလို ငှဲ့ပေးထားမယ့်သူ မရှိ တော့ အဆင်သင့် မဖြစ်။ တုန်ယင်နေတဲ့ လက်ချောင်းတွေနဲ့ ရေသန့်ဗူးကို လှမ်းအယူ…
“ခွမ်း……..ချလွမ်……”
နန်းနု အယောင်ယောင်အမှားမှားနဲ့ မတ်တပ်ထရပ်မိလိုက်သည် ထင်သည်။ ကြမ်းခင်းပေါ်မှာ ထမင်းကြော်တို့နဲ့ ပြန့်ကျဲ ကုန်သည်။ ဆိုင်မှ ၀န်ထမ်းလေး ရောက်လာကာ..
“ ရတယ် မ နန်း ဘာမှမဖြစ်ဘူး
ဟိုဖက်ဝိုင်း ပြောင်းလိုက် ငေါ် စီစဉ်ပေးမယ်”
“ဟင့်အင်း ဟင့်အင်း…”
အပြစ်ရှိတဲ့ ကလေးငယ်တစ်ယောက်လို ကြောက်အားလန့်အားနဲ့ ခေါင်းယမ်းမိသည်။ မျက်ရည်တွေ စိုလက်နေတဲ့ နန်းနု မျက်နှာကို ကြည့်ပြီး ၀န်ထမ်းလေး တွေသွားသည်။ နန်း လက်ကိုင်အိတ်ထဲမှ တစ်ထောင်တန် လေးရွက်လား၊ ငါးရွက်လားမသိ ဆွဲထုတ်ကာ စားပွဲပေါ်တင်ပေးပြီး ဆိုင်ထဲမှ ကသောကမျော ပြေးထွက်လာခဲ့သည်။
မိုးရေထဲမှာ ဘယ်လောက်တောင် ပြေးနေမိသလဲ နန်းနု မသိတော့။ ကားတစ်စီး ဘေးကနေကျော်ပြီး ရှေ့မှာပိတ်ရပ်မှပဲ ခြေလှမ်း တွေ ရပ်သွားတော့သည်။ ကားပေါ်မှ ထီးနှင့်ဆင်းလာသူက သူငယ်ချင်း ပိုင်စိုးလင်း ……။
“အေး ငါထင်တဲ့အတိုင်းပဲ.. နင် ဒီလိုဖြစ်မှာ သေချာသိလို့ ငါ လိုက်လာတာ တက် ကားပေါ်ကို…” ဟု ပြောပြောဆိုဆို လက်မောင်းမှ ဆွဲကာ ကားပေါ်ကို တက်စေသည်။ ကားပေါ်ရောက်သည်နှင့် နန်းနု ငိုလေပြီ။ နန်းနု ငိုရင် ဘယ်တုန်းကမှ မချော့တက်ခဲ့သူ တစ်ဦးပီပီ စိုးလင်း က တက်တစ်ချက် ခေါက်သည်။ ပြီး
“ ခုမှ ငိုမနေနဲ့ ပညာတွေ သင်ထားပြီး စဉ်းစားတက်တဲ့ ဦးနှောက်မှ မရှိပဲ ဒီနေရာလာရင် ဒီလို ခံစားရမယ်ဆိုတာ မသိဘူးလား ခံနိုင်ရည်မရှိပဲနဲ့ မီးထဲခုန်ချတာ နင်မှ အစစ် နင် ရူးများနေလား နန်းပု ဟမ်..”
စိတ်တိုသည့်အခါ အရပ်ပုပုလေးနှင့် နန်းနုအား နန်းပုဟု ခေါ်ဆိုတက်သည့် စိုးလင်းရဲ့ စေတနာဒေါသကို နန်းနု ခံစားမိ ပါသည်။ ဟုတ်သည်လေ နန်းနု တကယ်လည်း မခံစားနိုင်ပဲ ၀မ်းနည်းမှုတို့ ရှိသည့်နေရာကို လာခဲ့မိတာကိုး။ ဒီမြို့လေးမှာ နန်းနုနဲ့ ကိုကို တို့ခြေရာချင်းထပ်မျှ သွားလာပျော်ရွှင်ခဲ့ဖူးသည်ပဲ။ မြို့အထွက်နားက ဧကရီလို့ နာမည်ပေးထားတဲ့ တစ် ထပ်ခွဲတိုက်ပုလေးကို ၀ယ်ဖြစ်သွားတဲ့အထိ နန်းနု ကိုကို့ဆီကို လာခဲ့ဖူးသည်လေ။ နန်းနုနဲ့ကိုကို့ကို ခွဲမမြင်တက်ကြသည့် ဒီမြို့လေးဆီကို လာခဲ့မိတာကိုက နန်းနု အမှားတစ်ခုပါပဲ။
နန်းနု ဆေးရုံတက် ဗိုက်ခွဲပြီး နားနေတဲ့ အချိန်အတွင်းမှာပဲ အိမ်က စီစဉ်ပေးသော အမျိုးသမီးနဲ့ ကိုကို လက်ထပ်လိုက် တယ်။ ခွဲတဲ့နေ့ကတောင် နန်းနုအတွက် လိုအပ်တဲ့ သွေးတစ်လီတာကို ကိုကို ထုတ်ပေးသွားခဲ့သေးတယ်လေ။ စိုး ကြောက် စိတ်တွေနဲ့ အားငယ်နေတဲ့ နန်းနုကို ကိုကိုပဲ နဖူးလေးကို အသာနမ်းပြီး အားပေးခဲ့တာ။ ခွဲခန်းထဲကထွက်ရင် ကိုကို့ကို မတွေ့ရတော့ဘူးဆိုတာသာ နန်းနု သိခဲ့ရင်.. “ကိုကို့ကို နန်းနု ချစ်တယ်” လို့ နောက်ဆုံးအနေနဲ့ ပြောလိုက်နိုင် သေးတာပေါ့ ကိုကိုရယ်။ ခုတော့……………….။ ကုတင်ပေါ်မှာ ပက်လက်အနေအထားကနေ မရွှေ့နိုင်သေးတဲ့ နန်းနုလေ သူငယ်ချင်းယူလာပေးတဲ့ မင်္ဂလာယပ်တောင်လေးကို ကြည့်ပြီး မျက်ရည်ကျရုံကလွဲပြီး ဘာမှမတက်နိုင်ခဲ့ပါဘူး။ တက်နိုင် မယ်ဆိုရင်လဲ လက်ဖွဲ့ပို့ပေးတာကလွဲပြီး ကျန်တာမဖြစ်နိုင်ဘူးဆိုတာ ကိုကို ကြိုသိနေမှာပါ။ ပိုင်ဆိုင်သည်ဖြစ်စေ၊ ဆုံးရှုံး သည်ဖြစ်စေ၊ နန်းနုက ကိုကို့ကို မချစ်ပဲမှ မနေနိုင်တာ၊ မလွမ်းပဲမှ မနေနိုင်တာလေ။
ဒီမြို့လေးမှာ ကိုကိုမရှိတော့ဘူး..ဆိုတာလည်း သိနေရက်နဲ့၊ ရှင်ဘုရင်တို့ နန်းစိုက်ရာ အရပ်မှာ ချစ်စဖွယ် ဇနီးချောနဲ့ အတူတူရှိနေမယ်ဆိုတာကို သိသိရက်နဲ့၊ ကိုကို့ရင်ထဲမှာ နန်းနုအတွက် နေရာ မရှိတော့ဘူးဆိုတာလဲ သိပါရက်နဲ့ နန်းနု အဖြစ်က မီးထဲဝင်တိုးနေတဲ့ ပိုးဖလံငယ်လို ဝေဒနာမြို့လေးထဲကို တိုးဝင်သွားခဲ့မိတာ။
“နန်းကို ဧကရီမှာ ၀င်ချထားပေးခဲ့”
နန်းနုရဲ့ စကားကို မကြားမိသလိုနဲ့ တုံ့ပြန်စကားတစ်ခွန်းတောင် မဆိုပဲ မိုးသည်းထဲမှာ ကားကို အာရုံစိုက်မောင်းနေသော ဒီ သူငယ်ချင်းကို နန်းနု ပြောနေလို့လည်း မထူးဘူးဆိုတာ နားလည်လိုက်သည်။
နန်းနု…………. မျက်လုံးကို အသာမှိတ်ပြီး တောင်ပေါ်မြို့လေးဆီမှ ပြန်လာခဲ့တော့သည်။ နောက်တစ်ကြိမ် လာဖြစ်သော အခါတွင် ရင်ထဲက ဝေဒနာကို ထိန်းချုပ်နိုင်ပြီး အတိက်နေ့ရက်တွေဆီကနေ လွတ်မြောက်အောင် ရုန်းထွက်နိုင်တဲ့ နန်းနု ဖြစ်နေပါစေလို့ပဲ ဆန္ဒပြုမိပါရဲ့။ နှုတ်ဆက်လိုက်ပါတယ် ပန်းပွင့်ကြွေတွေနဲ့ မြို့ငယ်ရေ…………………………..။
ရင်ငြိမ်းပန်း(ပခုက္ကူ)

ဘ၀တစ်လျှောက်မှာ အမှားမလုပ်ခဲ့ဖူးဘူးလို့ ဘယ်သူပြောရဲခဲ့သလဲ?

June 19, 2010
လူအဖြစ် မွေးဖွားလာတာကိုက သဘာဝတရားကြီးရဲ့ သဘာဝကျကျ အလွဲတစ်ခု ဖြစ်နေခဲ့တော့လည်း.. အားလုံးဟာ အမှားအယွင်းတွေနဲ့ ကြီးပြင်းရှင်သန်လာရတာ ဆန်းတယ်လို့ မပြောသာဘူးပေါ့။

မှတ်မိသလောက် ပြန်တွေးကြည့်ကြရင် မှားခဲ့တဲ့ အမှားတွေဟာ… အသက်ရှင်သန်ဖို့အတွက် ရှိုက်သွင်းခဲ့တဲ့ လေထုရဲ့ ပမာဏထက်တောင် များနေကြမယ် ထင်တယ်။

မှားခဲ့ကြတဲ့ အမှားတွေထဲမှာ…… မှားမှန်းမသိ မှားခဲ့တာတွေ….. မှားမှန်းသိသိနဲ့ မှားခဲ့တာတွေ… မမှားဘဲ မနေနိုင်လို့ မှားခဲ့တာတွေ…. မမှားချင်ပဲ မှားခဲ့ရတာတွေ………… မှားနည်းပေါင်းမျိုးစုံနဲ့ မှားခဲ့ကြဖူးတယ်…။

ဘ၀တစ်လျှောက်မှာ အမှားမလုပ်ခဲ့ဖူးဘူးလို့ ဘယ်သူပြောရဲခဲ့သလဲ?

”အမှားလုပ်ခဲ့ဖူးတာ အပြစ်မဟုတ်ဘူး…….. မှားတာကို သိရက်နဲ့ အမှန်ကို မပြင်နိုင်တာကသာ အပြစ်” လို့ ယူဆတယ်…။

အပြစ်လုပ်ပြီးမှ တောင်းပန်တာကို မလိုချင်ဘူး အပြစ်လုပ်ချင်တဲ့စိတ် ဖြစ်မလာတာကိုပဲ လိုချင်တယ်” လို့ အိန္ဒိယနိုင်ငံရဲ့ ဖခင်ကြီး မဟတ္တမ္မ ဂန္ဒီက ပြောခဲ့ဖူးတယ်ဗျ။ တောင်းပန်စကားဆိုတာက အမှားလုပ်မိတဲ့ သူတိုင်း ဆိုသင့်တဲ့ စကားဆိုတာမှန်ပေမယ့်.. လူတိုင်းဟာ တောင်းပန်စကားကြားချင်တာထက် အဲဒီအဖြစ်လေး ဖြစ်မလာခဲ့တာပဲ ကောင်းမယ်လို့ တွေးတက်ကြတယ်။ အဲလိုတွေးတက်ရင် ……… ကိုယ်တိုင်လဲ တောင်းပန်စကား ပြောဖို့ထက် တောင်းပန်စကားဆိုရမယ့် အကြောင်းကို ရှောင်နိုင်ကြရင် ကောင်းမယ်လို့ တွေးမိတယ်။

မှားခဲ့တာက မှားပြီးခဲ့ပြီ…. ဘ၀ဆိုတာက တစ်လမ်းမောင်းစနစ် ဖြစ်တဲ့အတွက် အဖြစ်အပျက်ကိုတော့ ပြန်ပြင်ယူလို့ မရတော့ဘူး သေချာတယ်… ဒါဆို ဘာဆက်လုပ်ရမလဲ………………

”ထက်မြတ်သူတွေက နေရာမှာတင်ထိုင်ပြီး သူတို့ ဆုံးရှုံးနစ်နာခဲ့တာတွေကို တွေးပြီး ၀မ်းနည်းကြေကွဲနေမှာ မဟုတ်ဘူး။ အဲဒီထိခိုက်ဝမ်းနည်းမှုကို ဘယ်လိုဖာထေးရမလဲဆိုတဲ့ နည်းကိုပဲ သူတို့ ရှာကြမှာ ဖြစ်တယ်။” ( ရှိတ်စပီးယား)

ဟုတ်တယ်……. နောက်ထပ် မမှားအောင် ဘယ်လိုပြင်ဆင်ထားရမလဲ… ဘယ်လိုပုံစံနဲ့ ကြိုးစားရမလဲ. ဘာတွေ ဆင်ခြင်ရမလဲ… ဘာ ဆက်လုပ်ရမလဲဆိုတာကိုပဲ စဥ်းစားတွေးခေါ်ရမှာပေါ့…. ပြီးခဲ့တာတွေအတွက် ထိုင်ဝမ်းနည်းနေရုံနဲ့တော့ အမှားတွေက အမှန်ဖြစ်မလာနိုင်ဘူး… အမှားကြောင့် သိမ်ငယ်တဲ့ စိတ်တွေကို ဖြေဖျောက်ယူလို့ ရမှာမဟုတ်ဘူး…….. ဘ၀နဲ့ ချီတဲ့ အမှားဖြစ်ပါစေ…….. နောက်ထပ်တစ်ကြိမ် မမှားအောင် ထိန်းသိမ်းလို့ ရရမယ်.. ကိုယ်ရဲ့ အမှားတွေကို သေချာဆန်းစစ်… လေ့လာ ဝေဖန် ကြည့်ရမယ်… လက်ရှိအခြေအနေကိုပဲ အာရုံစိုက်ရမယ်… ရည်မှန်းချက်ကို အသုံးပြုပြီး လောလောဆယ် အရေးကြီးနေတဲ့ ကိစ္စ ကို တုံ့ပြန်ဆောင်ရွက်ရမယ်… အတိက်မှာ မှားခဲ့တဲ့ ဖြစ်ရပ်တွေထဲကနေ သင်ခန်းစာ ထုတ်ယူရမယ်.. အမှားတစ်ခုကို ထပ်ခါထပ်ခါ မမှားမိအောင် လုပ်ရမယ် အနာဂတ်အတွက်… စီမံကိန်းချပြီး လက်တွေ့ အကောင်အထည် ဖော်နိုင်အောင် ကြိုးစားရမယ်…။

ဆုံးရှုံးခြင်း၊ ကျဆုံးခြင်း လို့ အမြဲတမ်း ထင်မြင်နေတာတွေဟာ တကယ်တော့ ခဏတဖြုတ် အခက်အခဲတွေပါ။ ဒီအခက်အခဲတွေကို ရှုံးနိမ့်ခြင်းလို့ လက်ခံယူဆလိုက်ရင်… ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ဘူး..။ မှားခဲ့ဖူးသော အမှားတွေ… ကျဆုံးမှုတွေကို ကိုယ့်ဘ၀ အောင်မြင်မှုအတွက် လမ်းညွှန်တစ်ခုအနေနဲ့ အသုံးချရမယ်..။ စိတ်ညစ်စရာတွေ၊ အခက်အခဲတွေ၊ အမှားတွေ၊ အပြစ်တွေကို ခါချပြီး နင်းတက်ကာ အောင်မြင်မှုကို ရအောင်ယူရမယ်..။ ဘာအတွက်နဲ့မှ ရည်မှန်းချက်တွေကို လွှတ်မချရဘူး……. ဘာအတွက်နဲ့မှ လက်မလျှော့ရဘူး……… မဖြစ်နိုင်ပါဘူးလို့ မင်းပြောတဲ့ အချိန်မှာ ဘယ်နှစ်ကြိမ်အထိ အကောင်းဆုံး ကြိုးစားခဲ့ပြီပြီလဲ ဆိုတာ ပြန်မေးကြည့်လိုက်မယ်

သူငယ်ချင်းတို့ရေ….
အမှားတွေကို အောင်မြင်မှုအတွက် လှေကားထစ်လို အသုံးပြုဖို့ ကြိုးစားနေတဲ့ ငါ့ကို ကျေးဇူးပြုပြီး အားပေးကြပါ… အတိက်ရဲ့ အမှားတွေထဲမှာ ကျင်လည်မနေပဲ လက်ရှိ ပစ္စုပ္ပန်မှာ အမှားထပ်မဖြစ်အောင် ငါနဲ့အတူ ကြိုးစားလိုက်ကြရအောင်ပါ…။

頑張れ
kyar yo!!!!!
har jar har jar fighting!!!
try try!!!!

လိုက်နာတယ်ဆိုတာ ပြောသလောက် မလွယ်ဘူး … မှန်ပါတယ်..။ ဒီလို စာတွေကို ရေးတိုင်း.. ဖတ်တိုင်း ကိုယ်တိုင် လိုက်နာနိုင်လား………. ဟင့်အင်း… အမှားကတော့ မကင်းသေးဘူး။ ကင်းဖို့ထက် နည်းသွားဖို့ကို မနိုင်ရင်ကာ ကြိုးစားနေသူ တစ်ယောက်ပါ။ ဒါဆိုလဲ.. အထင်ကြီး လေးစားစရာ မရှိတဲ့ လူတစ်ယောက်ရဲ့ စာတွေကို ဘာကြောင့်မို့ အချိန်ပေး ဖတ်မလဲဗျ ပြောနိုင်ပါတယ်..။ မတော်တဆ ဖြစ်စေ… မကောင်းတက်လို့ ဖြစ်စေ.. မျက်လုံးထဲ ၀င်လာလို့ ဖြစ်စေ.. ဖတ်မိသွားတယ်ဆိုရင်ပဲ.. အမှတ်တမဲ့ ဖြစ်နေတဲ့ ဒီစာထဲက

ဗလာတစ်ယောက်ရဲ့ ခရီး

June 18, 2010
ကောင်းကင်က ကောင်းကင်
မြေကြီးက မြေကြီး
အရာအားလုံးဟာ ဟိုးအရင်ကလိုပဲ
နေသားတကျ……..။

“ရပ်နေတာနဲ့ စာရင်
သွားနေတာက ရောက်ဖို့ သေချာတယ်”
ဘယ်ကိုလဲ…?
ဘယ်တော့လဲ….?

ငါဆိုတဲ့ မျဉ်းမှာ
မြှားခေါင်းမပါခဲ့လို့
ဦးတည်ရာလဲ မရှိ
သွားနေလားလဲ မသိ…..။

ကိန်းဂဏန်းတွေ……..
အက္ခရာတွေ…….
ဝိသေသတွေ……
ပညတ်ချက်တွေ……..

ဖြောင့်တယ်ဆိုတာကလဲ
ကောက်ကွေ့မှုတွေ ပေါင်းထားတာ
မှန်တယ်ဆိုတာကလဲ
မှားယွင်းမှုတွေ သက်သေပြထားတာ

တည်ရှိတယ်လို့ ထင်ထားတာတွေက မမြဲဘူး…
မမြဲဘူးလို့ ထင်ထားတာတွေက မသေချာဘူး…

ခြေဗလာ၊ လက်ဗလာနဲ့ လာတဲ့ ဘ၀မှာ
အသိဗလာ၊ အတွေးဗလာနဲ့
ထွက်သွားရမှာလဲ ဗလာနဲ့…
…. ဗလာနဲ့။

ပလပ်စတစ် (ကလေကချေ)

ခေါက်တုံ့ချည် ကြိုးတစ်စ

June 16, 2010

တကယ်တော့ ကျွန်မဟာ မောင် မျှော်လင့်ထားသလို နူးညံ့မှု မရှိသေလာက် နည်းပါးခဲ့ပေမယ့်
အချစ်ဆိုတာက မောင် ထင်မှတ်ထားတာထက် ပိုပြီး သိမ်မွှေ့ပါတယ်။
စကားလုံးတွေ အများကြီး သုံးပြီး နှုတ်ဖျားက ဖွင့်ချမှ အချစ် မဟုတ်ဘုး

အကြည့်တစ်ချက်၊ လက်တစ်ဖက်တည်းနဲ့တင် တစ်သက်စာအတွက် အချစ်က ကုံလုံပါတယ်ဆိုတာ မောင် သိနားမလည်ခဲ့ဘူး။ ကျွန်မက ချိုသာပြီး နားဝင်လွယ်တဲ့ စကားတွေ မပြောတတ်ခဲ့ဘူး။ ဒါပေမယ့် ကျွန်မရဲ့ အကြည့်တွေထဲမှာ အချစ်တို့ စီးမျှောပျော်ဝင်နေခဲ့တာ မောင်ကလဲ မြင်အောင် မကြည့်တတ်ခဲ့ဘူး။ ပြုစုယုယမှုတွေ မလုပ်တတ်ခဲ့ပေမယ့် မောင့်ကို ကိုင်ဆွဲထားတဲ့ ကျွန်မရဲ့ လက်တွေမှာ အားကိုးမှု၊ လေးစားမှုတို့နဲ့ ချစ်မေတ္တာတွေ အုံကျင်းဖွဲ့နေခဲ့တာ မောင် ခံစားမသိနိုင်ခဲ့ဘူး။ မောင်ရဲ့ အားနည်းချက်တို့ကို ကျွန်မ သိနားလည်ပေးနိုင်ခဲ့ပေမယ့် ကျွန်မရဲ့ အားနည်းချက်ကို အပြစ်တစ်ခုလို့ မောင် မြင်တတ်ခြင်းဟာလဲ ကျွန်မ မယုံကြည်ခဲ့သော ကံတရားလို့သာ သတ်မှတ်စွပ်စွဲရုံကလွဲပြီး တခြား ဘာမှတ်ချက်မျိုးမှ မပေးချင်ပါဘူး မောင်။

“မင်းရောငါပါ အစကတည်းက မချစ်သင့်ခဲ့ကြဘူးကွ” တဲ့လား။ တကယ်ဆိုတော့ သင့်တယ် မသင့်ဘူးဆိုတာ အချစ်နဲ့ သက်ဆိုင်မှုမရှိတဲ့ စကားလုံးတွေပါ မောင်ရယ်။ ကျွန်မ မောင့်ကို ချစ်သင့်တယ် ထင်လို့ ချစ်ခဲ့တာမှ မဟုတ်တာ။ မောင်နဲ့ ကျွန်မဟာ ခံယူချက်မတူ ခံစားချက်ချင်းကွဲလွဲ ဦးတည်ရာအရပ်တွေ ဆန့်ကျင်နေကြတဲ့ သူတွေမှန်း သိသိရက်နဲ့ ချစ်မိခဲ့တာဟာ ရွေးချယ်မှုမှ မဟုတ်တာ။ ဖန်တီးယူလို့ မရသလို ဖျတ်ဆီးပစ်ဖို့လဲ ခက်ခဲတဲ့ ရင်ဘတ်ထဲက အချစ်တစ်ခုတည်းနဲ့ပဲ မောင်နဲ့ ကျွန်မ ချစ်ခဲ့ကြတာလေ။

အချစ်ဆိုတာ ခေတ်အစဉ်အဆက်က ဖြစ်ပေါ်လာပြီး ပျက်သုန်းမသွားနိုင်တဲ့ ယဉ်ကျေးမှုတစ်ခုပါ၊ ကစားပွဲမဟုတ်တဲ့အတွက် အရှုံး၊ အမြတ်အနိုင်၊ အဆုံး ဘာကိုမှ သုံးစရာ တိုင်းတာစရာ မလိုပါဘူး မောင်။ ကျွန်မ မောင့်ကို ပေးလိုက်သေသာ အချစ်တို့အတွက် ပြန်ရလိုက်သောအရာတို့သည် ကျွန်မပေးလိုက်သော အချစ်တို့နဲ့ ထပ်တူမကျလို့သာ အချစ်မဟုတ်ရဘူးဆိုရင် မောင် အချစ်ကို ဘယ်လိုပုံစံ၊ နှုန်းထားမျိုးနဲ့ သတ်မှတ်သုံးစွဲနေပါသလဲ မောင်။

ကျား/မ၊ ရာထူး/ ဂုဏ်ရှိန်၊ အမည်/နာမ အားလုံးသော ၀တ်ရုံတို့ကို ဖယ်ရှားလိုက်ရင် လူဆိုတာပဲ ကျန်တာပါ မောင်ရယ်။ ကျွန်မက မောင်ဆိုသော မောင်ကိုသာ ချစ်ခဲ့တာပါ။ “မိုးထက်” ဆိုသော နာမည်ထက် မောင့်ကိုသာလျှင် ကျွန်မ ချစ်ခဲ့တာပါ။ “ဒေါက်တာ”ဟုသော ဂုဏ်ပုဒ်ထက် မောင့်ကိုသာလျှင် ကျွန်မချစ်ခဲ့တာပါ။ သူတို့တွေ မပါရှိလဲ မောင်ရဲ့ ဖြစ်တည်မှုကို ကျွန်မ ချစ်နေမှာပါ။

နံပါတ် 13 သို့မဟုတ် ကံမကောင်းသော ဂဏန်း

June 15, 2010
အတန်းပညာ မရှိသော တောခြုံအုံကြားမှ လူများမှ အစ၊ အတန်းပညာ မိုးထိအောင်မြင့်မားကြသော လူတန်းစားအထိအယူသီးမှုလေးများ ကိုယ်စီရှိကြသည်။ အယူသီးမှုတစ်ခုတိုင်းတွင် အခြေခံဇာစ်မြစ် ဇာတ်ကြောင်းကိုယ်စီတော့ ရှိနေကြသည်။ ပညာအဆင့်အတန်းနှင့် ဘ၀အနေအထား မည်သို့ပင် ရှိရှိ လူတိုင်းပင် တစ်ချိန်ချိန်တွင် အယူသီးမှု၏ ကျေးကျွန်ဖြစ်ကြရသည်။ အချို့သော အယူသီးမှုများကို လူအများစု လက်ခံကျင့်သုံးကြသည်ဖြစ်ရာ တစ်ခါတစ်လေ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု အစဉ်အလာဖြင့်ပင် လွဲမှားစွာ ခံယူသည်အထိ ဖြစ်ကြရသည်။ ထို့ကြောင့် အယူသီးမှုများ၏ ဇာစ်မြစ် နောက်ခံကို စူးစမ်းလေ့လာပြီး အယူသီးသင့်၊ မသီးသင့်ကို စဉ်းစားဆင်ခြင်အပ်ပေသည်။

အယူသီးမှုများအနက် ကမ္ဘာနိုင်ငံပေါင်းမြောက်များစွာက တစ်ညီတစ်ညွှတ်တည်း လက်ခံထားကြသော အယူသီးမှု တစ် ခုမှာ ကံမကောင်းသော နံပါတ် (13 ) ပင်ဖြစ်သည်။

13 ဂဏန်းနှင့် ပါတ်သက်ပြီး ကံမကောင်းစေသော ဂဏန်းအဖြစ် အယူသီးမှု၏ ဇာစ်မြစ်တစ်ခုကို ခရစ်တော်၏ နောက်ဆုံးညစာစားပွဲတွင် တွေ့ရှိရသည်။ 12 ယောက်သော သာဝကတို့  န်းရံထိုင်လျှက်ရှိသော ဆယ့်သုံးယောက်မြောက် ခရစ်တော်သည် ထိုညစာစားပွဲ၏ နောက်ရက်တွင် ကားစင်တင်ကာ ကွပ်မျက်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် 13 ဂဏန်းအားကံမကောင်းခြင်းနှင့် သေခြင်းတို့၏ နိမိတ်ဆိုးအဖြစ် မှတ်ယူခဲ့ကြသည်။

နောက်ထပ်တွေ့ရှိချက်တစ်ခုမှာ ရက်ထပ်နှစ်တွင် ရှိသော လပြည့်ရက် အရေအတွက်မှာ 13 ဖြစ်နေသည့်အတွက် ကံမ ကောင်းသော ဂဏန်းအဖြစ် ယုံကြည်ကြခြင်း ဖြစ်သည်။ သို့သော် ပြက္ခဒိန်လ တစ်ခုအတွင်း လပြည့်နှစ်ကြိမ်ဖြစ်ခြင်းမှာ ငါးနှစ်တစ်ကြိမ်မှသာ ဖြစ်ပေါ်လေ့ ရှိသည်။ ယင်းအဖြစ်အပျက်မျိုးအား 1940 ပြည့်နှစ်များဆီက မဂ္ဂဇင်းတစ်ခုတွင် အပြာရောင်လအဖြစ် မှားယွင်းစွာ ဖော်ပြခဲ့ဖူးသည်။

လူနာနှစ်ကို ရေတွက်ရာတွင် အသုံးပြုသော လ၏ သဘာဝလည်ပတ်မှုကြောင့် တစ်နှစ်တွင် ဆယ့်သုံးလရှိရမည်ဟု အ စောပိုင်းလူတို့ ယုံကြည်ခဲ့ကြသည်။ အင်္ဂလန်နိုင်ငံတွင် Tudor ခေတ်အထိ ပြက္ခဒိန်၏ ဆယ့်သုံးခုမြောက်လ၏ 28 ရက်တိုင်းတွင် တစ်ရက်အပိုထည့်သွင်းခဲ့ကြသည်။ ထိုသည်ကို တစ်နှစ်နှင့် တစ်ရက်( a year and a day ) ဟု မှတ်ယူခဲ့ကြသည်။ လူနီဆိုလာ ပြက္ခဒိန်တွင် ပုံမှန်အားဖြင့် 12 လသာ ရှိသော်လည်းပဲ နှစ်နှစ်၊ သို့မဟုတ် သုံးနှစ်မြောက် နှစ်များတွင်မူ 13 လ ရှိသည်။
13 ရက် သောကြာနေ့ အယူသီးမှုမှာ နော်ဝေးဒဏ္ဍာရီပုံပြင်မှ စတင်ခဲ့သည်။ ထိုဒဏ္ဍာရီသည် ဗယ်ဟာလာတွင် ကျင်းပ သော နတ်ဘုရား ဆယ့်နှစ်ပါးတို့၏ စားသောက်ပွဲအကြောင်း ဖြစ်သည်။  ယင်းပုံပြင်တွင် စားသောက်ပွဲအတွက် နတ်ဘုရား ဆယ့်နှစ်ပါးအား ဖိတ်ကြားထားခဲ့သည်။ သို့သော် မထင်မှတ်ပဲ မိစ္ဆာနတ် လိုခီသည် မဖိတ်ကြားပဲနှင့် ရောက်ရှိလာကာ စားပွဲတော်ကို ဖျတ်ဆီးပစ်ခဲ့သည်ဟု ဆိုသည်။ ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှုတို့၏ နတ်ဘုရားဖြစ်သော ဘယ်လ်ဒေါအား အမှောင်ထု၏ နတ်ဘုရားဖြစ်သော မျက်မမြင် ဟို့ဒ်မှ မျှားနှင့် ပစ်သတ်မိစေရန် ဟိုခီက စီစဉ်ခဲ့သည်။ ငြိမ်းချမ်းပျော်ရွှင်

ခြင်း၏ နတ်ဒေ၀တာ ဘယ်လ်ဒေါ အသတ်ခံလိုက်ရသည့်အတွက် ကမ္ဘာကြီးမှာ မှောင်မဲမှုနှင့်  ညည်းတွားငိုယိုမှုတွေသာ ကျန်ရှိတော့ခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။

နောက် ဒဏ္ဍာရီတစ်ခုမှာ နော်ဝေးလူမျိုးတို့၏ လက်ထပ်ခြင်း နတ်ဘုရားဖြစ်သော Frigg ၏ ပုံပြင်ပင် ဖြစ်သည်။ သူမ သည် နောင်အခါတွင် သောကြာ (Friday) ဟု အမည်မှည့်ခြင်း ခံရမည့် အချစ်နတ်ဘုရား Freya နှင့် ရှုပ်ထွေးမိသည်။ နော်ဝေးလူမျိုးများနှင့် ဂျာမန်လူမျိုးများ ခရစ်ယာန်ဘာသာဝင်များအဖြစ် ပြောင်းလဲလာချိန်တွင် Freya သည် တောင် တန်းများဆီသို့ စုန်းအဖြစ် သွားရောက်နေထိုင်ရန် အပြစ်ပေးခြင်း ခံရသည်ဟု ယူဆလာကြသည်။ ထို့ကြောင့် သောကြာနေ့တိုင်းတွင် ဆယ့်နှစ်ယောက်သော စုန်းများနှင့် နတ်ဆိုးတစ်ပါးတို့ ပေါင်းစုံကာ မိစ္တာစေတမန် ဆယ့်သုံးဦး ဖြစ်လာကြသည်ဟု ယုံကြည်ကြသည်ဟု ဆိုသည်။

13 ခု၊ ယောက်ရှိသော အုပ်စုတစ်ခုအား နှစ်ခု၊ သုံးခု၊ လေးခု၊ သို့မဟုတ် ခြောက်ခုအဖြစ် အညီအမျှ ခွဲဝေသည့်အခါ တိုင်းတစ်ခု၊ တစ်ယောက်မှာ အမြဲ ကျန်ရှိနေသောကြောင့် ထို 13 ခုမြောက် ပုဂ္ဂိုလ်၊ ပစ္စည်းသည် ကံမကောင်းဖြစ်ရသည်ဟုရိုးရှင်းစွာ စဉ်းစားယုံကြည်ခဲ့ကြသည်။

တစ်ချို့မှာလည်း Knights Templar မဟာအဖွဲ့ခေါင်းဆောင် Jacques de Molay နှင့် သူ့အပေါင်းအပါ 60 ဦးတို့ 1307ခုနှစ် အောက်တိုဘာလ 13 ရက်နေ့တွင် ပြင်သစ်ဘုရင် ဖိလစ် 4 ၏ ကွပ်မျက်ခြင်းခံရခြင်းမှ 13 ဂဏန်းအား ကံမကောင်းစေသော ဂဏန်းအဖြစ် လက်ခံခဲ့ကြသည်ဟု ယုံကြည်ကြသည်။

– စကော့တလန်နိုင်ငံရှိ လေဆိပ်တိုင်းတွင် ဂိတ်နံပါတ် 13 မရှိပါ။ 13 နံပါတ်အစား 12B ကိုသာ ထားရှိသည်။
– လုဖ်သန်ဆာ လေယာဉ်အတွင်းတွင် ထိုင်ခုံတန်းများမှာ 12 ပြီးလျှင် 13 ကို ကျော်လွန်၍ 14 ကိုသာ တွေ့ရမည် ဖြစ်သည်။
– တစ်ချို့ အထပ်မြင့် အဆောက်အဦးများသည် 13 ထပ်ကို ကျော်၍ 14 ထပ်ဟု လည်းကောင်း 12a ဟုလည်းကောင်း ခေါ်တွင့်လေ့ရှိသည်။ လက်တွေ့ကိုသာ အလေးထားသော အမေရိကန်လို နိုင်ငံမျိုးတွင်ပင် 13လွှာကို ခုန်ကျော်သွားကာ 14 လွှာဟု နံပါတ်စဉ်ပေးတတ်သည်။
– တစ်ချို့သော လမ်းများတွင် အိမ်နံပါတ် 13 မရှိကြပေ။ ပြင်သစ်ပြည်တွင်မူ အိမ်နံပါတ် 13 လုံးဝကို မထားရှိပေ။
– အီတလီထီများတွင် 13 နံပါတ်ကို အသုံးပြုခြင်း မရှိပေ။
– စက်တပ်ယာဉ် ပြိုင်ပွဲများ ဥပမာ ဖော်မြူလာဝမ်းကဲ့သို့ ကားပြိုင်ပွဲများတွင် ကားနံပါတ် 13 မပါဝင်ပါ။
– ဘီစီ 1760 နှစ်တွင် ထုတ်ပြန်ခဲ့သော ဟမ်မူရာဘီ ဥပဒေသများတွင် ဥပဒေသ 13 မပါဝင်ခဲ့ပေ။
– အပိုလို 13 လွန်းပျံယာဉ်သည် ဧပရယ်လ 11 ရက်နေ့ 13:13 CST တွင် လွှတ်တင်ခဲ့ပြီးနောက် ပျက်ဆီးယိုယွင်းမှုများရှိလာသဖြင့် လကမ္ဘာသို့ ခြေမချနိုင်ခဲ့ပဲ ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်ခဲ့ရသည်။
– ကမ္ဘာပေါ်တွင် အချမ်းသာဆုံးလူသားအဖြစ် 13 နှစ်ကြာ ရပ်တည်ခဲ့ပြီးနောက် မိုက်ကရိုဆော့၏ ဥက္ကဌဖြစ်သူ ဘီလ်ဂိတ်သည် အချမ်းသာဆုံးလူသားအဖြစ်မှ ရွေ့လျှောခဲ့ရသည်ဟု Forbes မဂ္ဂဇင်း၏ 2008 ခုနှစ် ကမ္ဘာ့သန်းကြွယ်စာရင်းများအရ သိရှိရသည်။
– မိုက်ကရိုဆော့သည် Office 12 နောက်ပိုင်းတွင် Office 13 အစား Office 14 ကိုသာ ဆက်လက်ထုတ်ဝေသွားမည်ဟု အစီအစဉ်ဆွဲထားသည်။
– အွန်လိုင်းဂိမ်းဖြစ်သည့် Kingdom of Loathing ကို ဖန်တီးသူများသည် ငှင်းတို့၏ ပရိုဂရမ်များအတွင်း နံပါတ် 13 ထည့်သွင်းခြင်းကို ရှောင်ရှားခဲ့ကြသည်။

ထိုသို့ ကမ္ဘာတစ်ခုလုံးနီးပါးက 13 ဂဏန်းအား ရှောင်ရှားကြသော်လည်း ကံမကောင်းသော နံပါတ်အဖြစ် အယူသီးကြ သော်လည်းပဲ တရုတ်နိုင်ငံတွင်မှု ကံကောင်းစေသော ဂဏန်းအဖြစ် လက်ခံယုံကြည်ကြပြန်သည်။ အဘယ်ကြောင့်ဆိုသော် 13 အား တရုတ်အသံထွက်ဖြင့် ထွက်ဆိုသောအခါ ခိုင်မာသောဘ၀ဟုသော အသံထွက်ဖြင့် ဆင်တူသော ကြောင့် ဖြစ်သည်။

13 ဂဏန်းအား ကြောက်ရွံ့သော ရောဂါအမည်မှာ Triskaidekaphobia ဖြစ်ပြီး 13 ရက် သောကြာနေ့အား ကြောက်ရွံ့သော ရောဂါမှာ paraskavedekatriphobia ဖြစ်သည်။

အယူသီးမှုမဟုတ်ပဲ ယုတ္တိတန်သော ရှင်းလင်းချက်တစ်ခု ရှိလေသည်။ အသက်အာမခံကုမ္ပဏီများကို လေ့လာစစ်တမ်း ပြုမှုများအရ 13 ယောက်အုပ်စုတွင် တစ်ယောက်သည် 12 လ သို့မဟုတ် ဒီထက်စောသော အချိန်တွင် သေဆုံးသည် ဟူ၍ ဖြစ်သည်။

13 ဂဏန်းအား ကံမကောင်းသော ဂဏန်းအဖြစ် လက်ခံကျင့်သုံးလာသော လူများ၏ 60 ရာခိုင်နှုန်းမှာ ထိုအယူသီးမှု၏ နောက်ခံဇာစ်မြစ်ကို မသိရှိကြသူများဖြစ်သည်။ 13 ဆိုလျှင် လပ်ကီးမကောင်းဘူးဟုသော အယူသီးမှုသည် လူမျိုးစုများ ၏ ဓလေ့ထုံးတမ်း အစဉ်အလာကဲ့သို့ စွဲထင်လာကြသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။

သင်သည်လည်းပဲ 13 ဂဏန်းကို ကြောက်ရွံ့သည်လား၊ ရှောင်ကျဉ်သူ တစ်ဦးပေလား၊ အဘယ်သို့သော အကြောင်းအ ချင်းအရာတို့ကြောင့် 13 ဂဏန်းအား ကံမကောင်းသော ဂဏန်းအဖြစ် လက်ခံယုံကြည်ပါသလဲ။ ထိုသည်မှာ ယုတ္တိတန် မှု ရှိပါသလား။ သင့်ဘ၀တွင် 13 ဂဏန်းသည် မည်သို့ စိုးမိုးနေပါသလဲ မေးစရာလေးတွေ ရှိလာမည် ထင်ပါသည်။

ချစ်ခင်စွာဖြင့်
နန်းလေပြေနု

Reference:
1. How did it Happen? by R.BRASCH
2. http://www.crystalinks.com/numerology.html

အပြီးတိုင်

June 15, 2010

မလိုတော့လို့ ချန်ထားတဲ့အခါ
ကြည်ဖြူစွာ နေခဲ့ပေးမှာပါ
စကားလုံးသာသာ စကားတွေကို
ဟန်ဆောင်ပြီး ပြောနေဖို့ မလိုပါဘူး မောင်။

မချစ်တော့လို့ ဖယ်ခွာတဲ့အခါ
တို့လက်တွေ ဖြေလျှော့ဖို့သာ ရှိတာပဲမို့
စိတ်ချထားပါကွယ်…
ကျွန်မ မျက်ရည်တို့နဲ့ အသနားမခံပါဘူး….။

တစ်ခန်းရပ်သွားတဲ့ ဒီဇာတ်လမ်းမှာ
ကျွန်မကိုယ်တိုင်က အညှာလွယ်ခဲ့သူမို့
အမည့်ခြွေခြွေခဲ့လေသူရယ်လို့
တစ်ဖက်သက်အပြစ်တွေလဲ မတင်ချင်ပါဘူး….။

ကျွန်မရဲ့ ရင်ခွင်ဟာ..မောင့်အတွက်
ကွန်းတစ်ထောက် နားခိုရာသက်သက်ဆိုပေမယ့်
လက်ခံရလိုက်တဲ့ အဖြစ်တို့အတွက်
နောင်တဆိုတာ ကင်းမဲ့ပါတယ် မောင်…။

မောင် ဆက်လျှောက်မယ့်လမ်းမှာ
ကျွန်မ အနီးကပ်လိုက်ပါခွင့်မရပေမယ့်
ရင်ထဲက ဆုတောင်းမိပါရဲ့
အေးချမ်းပျော်ရွှင်မှုတွေကိုသာ
ကျွန်မချစ်သော မောင် ပိုင်ဆိုင်ပါစေ……..။

ရင်ငြိမ်းပန်း(ပခုက္ကူ)