Archive for the ‘ချစ်သူအတွက်’ Category

လင်းလက်နေစေချင်ပါသည်

August 2, 2010
      တိတ်ဆိတ်တယ်လို့ မဆိုသာသော်လည်း ဆူညံသံများနဲ့ ကင်းဝေးတဲ့ ဒီနေရာလေးကို ကျွန်မ တစ်ယောက်တည်း ရောက်ခဲ့ပြန်ပြီကောကွယ်…..။

    နှင်းတို့ရဲ့ အငွေ့အသက်နဲ့ အေးစက်နေတဲ့ ကျောက်သားလှေကားထစ်များကို တစ်ထစ်ချင်း လှမ်းတက်ရင်းနဲ့ပဲ ကျောက်တောင်ဘုရားပေါ်ကို ကျွန်မ ရောက်လာခဲ့ပြီ။ ပင့်သက်တစ်ချက်ကို ရှိုက်ထုတ်လိုက်ရင်း အမောဖြေကာ ဘုရားဝတ်ပြုဖို့ နေရာကို မျက်လုံးဝေ့ပြီး ရှာကြည့်လိုက်သည်။ အဟက်..  ရုတ်တရက် စိတ်ထဲက ရယ်ချင်ပက်ကျိ ဖြစ်ကာ အသံထွက်ရယ်လိုက်မိသည်။ ကျွန်မဆိုတာက ဘယ်အရပ်၊ ဘယ်ထောင့်ဆိုတာတွေ အစွဲရှိသူမှ မဟုတ်ပဲလေ။ ဘယ်နေရာက ဝတ်ပြုပြု ယုံကြည်သဒ္ဓါစိတ်ကသာ အဓိကလို့ လူအမြင်ကပ်အောင် ကြွေးကြော်ခဲ့သူပေပဲ.. ဘယ်နှယ့်ကြောင့် နေရာရွေးနေရတာလဲ နန်းနုရယ်။

      အင်း.. အရင်တစ်ခေါက်က နေရာရွေးကာ ထိုင်ခဲ့စေသူကို သတိရနေတာပဲ မလား…….။ အတွေးထဲက အမေးနဲ့အတူ မဆိုစလောက်လေး  တိုက်ခတ်သွား သော လေနုအေးက အရိုးထဲထိပါ စိမ့်သက်သွားစေသည်။ လက်နှစ်ဖက်ကို အသာထွေးပိုက်ရင်း အနွေးထည်မပါသော အဖြစ်ကို ကျွန်မ သတိထားမိလိုက် သည်။

    “ဒီလောက်အေးနေတာကွာ အနွေးထည်က မယူလာဘူး
     လာ ဒီဖက်တိုး…. ကိုယ်နွေးအောင် လုပ်ပေးမယ်”

     ဆိုတဲ့ စကားနဲ့အတူ အနားတိုးကပ်ကာ ရင်ခွင်ထဲ ထွေးပွေ့ထားမည့်သူလဲ မရှိတော့ပြီပဲ။

   လေထုထဲက အမှိုက်တစ်စများ မျက်လုံးထဲ ဝင်သွားရော့လားမသိ ကျွန်မ မျက်လုံးတွေ ကျိန်းစပ်လာသည်။ လျှပ်တပြက် အတွေးတွေနဲ့ ရောက်နေတဲ့ နေရာမှာ တွေတွေကြီး ရပ်နေမိရာကနေ ဘုရားရင်ပြင်ဆီကို ကျွန်မ လျှောက်လာလိုက်သည်။ ပြီး အမေ့ရှေ့ရောက်နေတဲ့ အပြစ်ရှိ ကလေးငယ်လို ကျုံ့ကျုံ့လေး ထိုင်ကာ နဖူးပေါ်လက်စုံတင်ကာ ကျွန်မ စိတ်လိုလက်ရ ဘုရားဝတ်ပြုလိုက်သည်။ ဝတ်ပြုအပြီး ပုံမှန်အတိုင်း  ဆုတောင်း၊ အမျှဝေလိုက်သည်။ ရွတ်နေကျ စာသားတွေ ဖြစ်နေတဲ့အတွက်     နှုတ်က သူ့အတိုင်းသား ထွက်ကျလာတဲ့ ဆုတောင်းတွေပေါ့လေ။

    “ဖေဖေနဲ့ မေမေ ကျန်းမာပါစေ၊ ချမ်းသာပါစေ
     ညီမလေးလဲ ကျန်းမာစွာနဲ့ လိုအင်ဆန္ဒပြည့်ဝပါစေ
     သူငယ်ချင်းများအားလုံး ဘေးမသီရန်မခနဲ့ ကျန်းမာကြပါစေ.
     ချစ်သူ “မောင်” လဲပဲ ကျန်းမာ…”

         တုံ့ခနဲ ဖြစ်သွားတဲ့ ဆုတောင်းအတွက် ကျွန်မ စိတ်လက်မသက်သာစွာနဲ့ပဲ မျက်ခုံးတွန့်လိုက်မိပါရဲ့။ သြော်.. ချစ်သူတွေမှ မဟုတ်တော့ပဲလေ……။ သူငယ်ချင်း များထဲမှာပဲ ထည့်လိုက်တာပေါ့ အင်း……..။

    “ယနေ့ပြုသမျှ ကောင်းမှုကုသိုလ်အမျှ အားလုံး အမျှ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်…”

      အဆုံးသပ် သာဓုခေါ်ပြီးတာနဲ့ ကျွန်မ ထရပ်လိုက်တယ်။ မိုက်ခနဲ ဖြစ်သွားလို့ လက်တစ်ဖက်ထောက်ပြီး ပြန်ထိုင်လိုက်တဲ့ အချိန်မှာတော့ အမှိုက်ဝင်ထားတဲ့ မျက်လံုးကနေ မျက်ရည်တစ်စက် ကျလာတယ်….။  သြော်.. ခုချိန်မှာတော့  အမှိုက်လေးတစ်စကလဲ မျက်ရည်လမ်းကြောင်း တစ်ခုပဲပေါ့…။ ကြမ်းခင်းရဲ့ အေးစက်တဲ့ အတွေ့ကြောင့် ကျွန်မ ကြာကြာ ထိုင်မနေသင့်ဘူးဆိုတာ သိနေတယ်။ ကြိုးစားပြီး ကျွန်မ … ရင်ပြင်ဝရံတာဆီကို လျှောက်လာလိုက်တယ်။
    ဟိုးအဝေးမှာ ကြယ်ပွင့်လေးတွေ လက်နေလိုက်တာ……….။ ကျွန်မကို စွန့်ခွာသွားခဲ့ပြီဖြစ်သော မောင်တစ်ယောက်ရော.. သူနေထိုင်ရာ ဘဝဝန်းကျင်မှာ လင်းလက်နေပါရဲ့လား။ ဖြစ်နိုင်မယ်ဆိုရင်ဖြင့် ကျွန်မရဲ့ စိတ်နဲ့ခန္ဓာ မှာ လောင်ကျွမ်းနေသော အလွမ်းများဖြင့် သူ့ဘဝလေး …………………………
                   လင်းလက်နေစေချင်ပါသည်။
                   လင်း လက် နေ စေ ချင် ပါ သည်။
                   လ င်း လ က် ေ န ေ စ ခ် င် ပါ သ ည်။
                   လ င်း လ က် ေ  န  ေ စ ခ ် င် ပါ သ ည် ။
                   လ  င်း  လ  က်  ေ  န   ေ  စ ခ  ်  င် ပါ သ  ည်။

မည်သို့ပင်ဖြစ်စေ…………. ကျွန်မကတော့ လွမ်းနေဦးမည်သာ ဖြစ်သည်။

July 27, 2010
 27.12.2009 တွင် ရေးဖြစ်ခဲ့သော စာစုလေး ဖြစ်ပါသည်။
2008 ခုနှစ် ဒီဇင်ဘာလ 27 ရက် ကနေ ဒီနေ့ 2009 ခုနှစ် ဒီဇင်ဘာလ 27 ရက်နေ့အထိ ရက်ပေါင်း 365 ရက်တိတိ။ နာရီဖြင့်ဆိုလျှင် 8760 နာရီ၊ မိနစ်ဖြင့်ဆိုလျှင် 525600 မိနစ်၊ စက္ကန့်ဆိုပါက သုံးရာတစ်ဆယ့်ငါးသိန်းနှင့် သုံးသောင်း ခြောက်ထောင် စက္ကန့်ခန့် ကြာလေပြီ။ တစ်လလောက် ခွဲရတာလေးကိုတောင် မျက်ရည်ကျမိအောင် ၀မ်းနည်း တက်သော ကျွန်မဒီမျှအထိ သူနဲ့ ခွဲခွာနေနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ဘူးပါ။ သို့သော် မယုံကြည် နိုင်လောက်အောင်ပင် သူနဲ့ ကျွန်မ ဝေးကွာခဲ့တာ တစ်နှစ်တင်းတင်း ပြည့်လေပြီ။
လေးနှစ်စာ တည်ဆောက်ခဲ့သော ချစ်ခင်မှု၊ ရင်းနှီးမှု၊ တွယ်တာမှု၊ မြတ်နိုးမှု၊ ယုံကြည်မှု၊ လေးစားမှု၊ ကြင်နာမှုတို့ကို မေ့ ပစ်ဖို့ရာ တစ်နှစ်ဆိုသော အချိန်သည် လုံလောက်ပါရဲ့လား။ သူရော ကျွန်မကို မေ့ပစ်လိုက်နိုင်ပြီလား။ သို့တည်းမဟုတ် ကျွန်မလို မဟုတ်ရင်တောင် တိုက်ဆိုင်မှု ရှိတဲ့အခါတိုင်း ကျွန်မကို သတိရဖြစ်ပါရဲ့လား။ အရာရာကို လက်တွေ့ကျကျ ရှု့ မြင်တတ်သော သူသည် ကျွန်မလို အချိန်တိုင်း လွမ်းဆွတ်ခံစားနေမည့်သူ မဟုတ်တာ သေချာပါသည်။ သို့ဆိုလျှင် အပြီးတိုင် ဖျောတ်ဖျတ်၍ မရသော မှတ်ညဏ်အစိတ်အပိုင်းထဲမှ အပ သူ့ရင်ထဲတွင် ကျွန်မ ရှိမနေတော့မှာလဲ သေချာ ပါသည်။
ကျွန်မကတော့ လွမ်းဆွတ်မှုကို ရေလဲလို စားသုံးကာ သူနဲ့ ပါတ်သက်သမျှကို ရင်ထဲမှာ သိမ်းဆည်းပြီး ဝေဒနာကို ထမ်းပိုးနေသူဖြစ်သည်။ လွမ်းတယ်ဆိုတာ ရင်ထဲမှာ ဆို့နစ်လာအောင် သတိရတတ်တာမျိုး မဟုတ်လား။

သူနဲ့ ချစ်သူ စဖြစ်တဲ့နေ့ ကနေ ခွဲခွာခဲ့တဲ့ ဒီနေ့အထိ သူ့အကြောင်း၊ သူ့သတင်း၊ သူမှတ်ရာ အားလုံးကို စကားလုံး တစ်လုံးချင်းစီကအစ သတိရနေတုန်းပဲလေ။ “ ကိုယ် ဒိုင်ယာရီ ရေးစရာ မလိုတော့ဘူးကွ သိချင်တာရှိရင် မေလေးကိုပဲ မေးမယ် မေလေးက ပိုစုံတယ်” ဟု သူပြောယူရတဲ့အထိ သူ့အကြောင်းကို သူ့ထက် ကျွန်မ ပိုသိခဲ့ပါသည်။ ပို၍ အလေး အနက်ထားခဲ့ပါသည်။ သူပြောတဲ့ စကားတွေထဲမှာ ဘယ်လိုအရိပ်အငွေ့တွေ ပါဝင်နေသလဲ၊ သူရေးတဲ့ စာတွေမှာ ဘယ်လိုစိတ်ခံစားမှု တွေ ရောထွေးနေသလဲ ဆိုတာ ခံစားရိပ်မိသည့်အထိ ကျွန်မ သူ့ကို တစိမ့်စိမ့် ဖတ်ရှု့နားလည် ခဲ့သည်။
ဝန်ထမ်းတစ်ယောက်ရဲ့ အခက်အခဲတွေ၊ အရာရှိတစ်ယောက်ရဲ့ တာဝန်တွေ၊ မိဘနှစ်ပါး၏ တစ်ဦးတည်းသာ ကျန်ရှိ သော လူပျိုလူလွတ်တစ်ယောက်ရဲ့ ၀တ္တရားတွေ၊ ရာထူးနေရာ အဆင့်အတန်း ခွဲခြားမှုတွေ၊ ဆန္ဒအချို့နဲ့ ငွေကြေး မပြည့်စုံမှုတွေ၊ မိသားစုပြဿနာတွေကို သူပြောပြသည့်အခါတိုင်း ကျွန်မက နားထောင်ကာ ဖြေရှင်းဖို့ နည်းလမ်း ကောင်း မပေးနိုင်ရင်တောင် နွေးထွေးစွာ နှစ်သိမ့်ခဲ့သည်လေ။ အဆင်မပြေမှုတွေနဲ့ ပြည့်နှက်နေသော သူ့ကို ကျွန်မ၏ စကားလုံးများဖြင့် ထပ်ပြီး ၀န်မပိစေရန် နေ့ညမပျက် လွမ်းနေသည် အကြောင်း မပြောရက်လောက်အောင် ကျွန်မက သူ့ကို ချစ်ခဲ့သည်။
ကျွန်မမှာ ရှိတဲ့ အခက်အခဲမှန်သမျှကို တစ်ဦးတည်း သို့မဟုတ် ကျွန်မတစ်ယောက်တည်း ဖြေရှင်း၍ မရသောအခါတွင် သူငယ်ချင်းများ၏ အကူအညီနှင့် ဖြေရှင်းလိုက်သည်က များသည်။ ဤသည်မှာလည်း သူ့အခက်အခဲနှင့်သူ မနိုင်ရင်ကာ ဖြစ်နေသူအား ကျွန်မအတွက်နှင့် စိတ်မညစ်ညူးစေချင်သောကြောင့်သာ ဖြစ်သည်။ ထိုသည်ကို နားမလည်နိုင်သော သူက “ငါက မင်းအတွက် မင်း သူငယ်ချင်းတွေလောက်တောင် အရေးမပါဘူးလား အားမကိုးလောက်ဘူးလား” ဟူ၍ အမြဲစကားနာထိုးလေ့ ရှိသည်ပင်။
ရိုးသားသည်ဟု မဆိုသာသော်လည်း ပွင့်လင်းစွာ ဆက်ဆံတတ်သော ကျွန်မမှာ မိန်းကလေး သူငယ်ချင်းများသာ မကပဲယောင်္ကျားလေး သူငယ်ချင်းများပါ ရင်းနှီးစွာ ပေါင်းသင်းတတ်သည်ကို တစ်မြို့စီ ခြားကာ နေရသော သူက စိတ်မချနိုင်စွာ ပူပန်ပြောဆိုတတ်လေသည်။ သူငယ်ချင်းများကို ခင်တွယ်တတ်လွန်းကာ အကျင့်သိက္ခာကို တန်ဖိုးထား ထိန်းသိမ်းသော ကျွန်မက ကျွန်မ၏ သိက္ခာကို ထိပါးသည်ဟု ယူဆကာ အမြဲလိုလို စကားများရလေ့ ရှိသည်။ သို့အချိန်တိုင်းတွင်“မင်းက မင်းသူငယ်ချင်းတွေနဲ့ ပတ်သက်လာရင် ငါ့ကို အမြဲတမ်း Against ပဲနော်” ဟု မနာလို ၀န်တိုမြဲပင်။
အလှမ်းဝေးဝေး၊ အနေစိမ်းစိမ်းသည် အချစ်ကို လျှော့ပါးစေပါသလား။
ကျောင်းစာကိုသာ မကပဲ အရာရာကို သိချင်၊ တက်ချင်လွန်းသည့် ကျွန်မ၏ သင်တန်းအချိန်ဇယားမှာ မနက်မိုးမလင်းမှီ
ကနေ တစ်နေ့တာ ကုန်ဆုံးချိန်အထိ အပြည့်ဖြစ်နေတတ်သည်။ ကိုယ့်ကိုကိုယ်မပိုင်သည့် ၀န်ထမ်းတစ်ယောက်၏ ရှားပါးလှသော အားလပ်ရက်များတွင် ကိုးနာရီခန့်ကားစီးရသော နေရာမှ နေ၍ ညအိပ်ခရီးဖြင့် ကျွန်မဆီ လာတွေ့ သောအခါ“ချစ်သူကလဲ ခက်တယ် ချိန်းတွေ့ ခိုးနမ်းဖို့တောင် အချိန် မရှိ” ဟု ဖွင့်ပြောရလောက်အောင်အထိ ကျွန်မ သူ့ကို အချိန်ပေးနည်းခဲ့သည်။
သို့သော် ကျွန်မဘက်မှ သူ့အတွက်နှင့် ပြောင်းလဲယူခဲ့ရသော အချက်ပေါင်း များစွာ ရှိခဲ့သည်ကိုလဲ သူအသိပင် ဖြစ်သည်။ ငယ်စဉ်ကတည်းက စာရေး၊ စာဖတ်၊ စာကျက်သည်ကို အလုပ်တစ်ခုဟု ထင်မှတ်ကာ ပညာရေးကို အစဉ်တစိုက် လုပ်လာခဲ့သော ကျွန်မ၏ အိမ်မက်မှာ နိုင်ငံခြားတက္ကသိုလ် တစ်ခုခုတွင် ပညာဆက်လက် သင်ကြားရန် ပင် ဖြစ်သည်။ ထို့အတွက်လဲ အမြဲအားစိုက်ခဲ့သည်။ “အဲလောက် အကြာကြီး ကိုယ် ဘယ်လိုလုပ် ခွဲနိုင်မှာလဲ မသွားပါနဲ့ကွာ” ဟုသော သူ၏ နှုတ်မှစကားတစ်ခွန်းဖြင့်ပင် ငှင်းတက္ကသိုလ်ဝင်ခွင့်ကို ကျွန်မ လက်လွှတ်ခဲ့သည်။
ကွန်ပျုတာကီးဘုတ်နှင့် မောက်စ်တို့ကိုသာ အသားတကျ ကိုင်တွယ်လာသော လက်ချောင်းလေးများက သားလှီးဓါးကို ကိုင်ဆောင်ပြီး သူနှစ်သက်သော ဟင်းလျာတို့ကို ချတ်ပြုတ်တတ်အောင် သင်ယူဖို့ ကြိုးစားခဲ့သည်။လက်သည်းရှည်တို့ ကို တယုတယထား မွေးမြူထားသော ကျွန်မက အိမ်မှာ အ၀တ်ကို ကိုယ်တိုင်လျှော်မ၀တ်ရပေမယ့် သူ့အ၀တ် အစားများ ကို ဖြူစင်သည့်အထိ လျှော်ဖွပ်ပေးခဲ့ဖူးသည်။ မဟုတ်မခံ၊ မမှန်ပြန်ပြောတတ်သည့် ကျွန်မ၏ ကြွတ်ဆတ် ဆတ် စိတ်ထားကို ချိုးနှီမ်ကာ သု့အထက်အရာရှိကို ဟန်လုပ်ပြုံးပြဖို့လည်း ကျွန်မ ကြိုးစားခဲ့သည်။
“ကိုယ်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်တဲ့ မိန်းမတွေက အိမ်ထောင်ပြုဖို့ မလိုအပ်လှပါဘူး” လို့ အမြဲ ကြွေးကြော်ခဲ့တဲ့ ကျွန်မလေ သူ့သွေးကနေ ကျွန်မသားဖြစ်လာမယ့် ကလေးတွေကို ချီပိုးထိန်းကျောင်းချင်လာသည့်အထိ ပြောင်းလဲလာတယ်ဆိုတာ သူ့ကို ချစ်တဲ့ စိတ်သပ်သပ်ကြောင့်မှန်း သူ သိနားလည်ခဲ့လိမ့်မည် ဟု ကျွန်မ ထင်ပါသည်။
ညီအစ်မနှစ်ယောက် ရှိသည့်အနက်တွင် အကြီးဖြစ်သော ကျွန်မက ရင့်ကျက်မှု ရှိသင့်သလောက် မရှိပဲ ကလေး ဆန်တတ်သည်မှာလဲ အမှန်ပင်။ ချစ်စ၊ ကြင်နာစတွင်တော့ ထိုကလေးဆန်မှုကိုက ချစ်စရာတစ်ခု ဖြစ်နေခဲ့သလောက် အချိန်ကြာလာသည်နှင့်အမျှ ငြီးငွေ့ဖွယ်တစ်ခုအဖြစ် ပြောင်းလဲသွားတတ်သည်ကိုလဲ ကျွန်မက မသိသား၊ ဆိုးရွားစွာ နားမလည်ခဲ့။“မင်း ကလေးလို မတွေးနဲ့ ကလေးလို မပြောနဲ့ကွ ဒါ ကလေးကစားစရာ မဟုတ်ဘူး” ဆိုသော သူ၏စကားကို ၀မ်းနည်းစွာ ငိုရှိုက်ရုံကလွဲပြီး နာကျင်ဖို့ မတွေးမိခဲ့သူပဲ ဖြစ်သည်။
သူနဲ့ ကျွန်မအကြားတွင် ရှိသော အရာများထဲမှာ နားလည်မှုက နည်းပါးခဲ့ပါလိမ့်မည်။ သူက ကျောင်းသားတစ်ယောက် မဟုတ်သလို ကျွန်မကလဲ ၀န်ထမ်းတစ်ယောက် မဟုတ်ခဲ့သည့်အတွက် မတူညီသော နယ်ပယ်နှစ်ခုတွင် တည်ရှိနေကြ သူများပီပီ တွေ့ဆုံသောအခါတွင်လည်း ပြောစရာစကား ရှားပါးခဲ့သည်။ ခြားနားချက်များကို နည်းနိုင်သမျှ နည်းပါး အောင်ကြိုးစားခဲံ့ကြပေမယ့်လည်း လေးနှစ်ပြည့်ဖို့ရန် ရက်ပိုင်းအလိုတွင် သူကျွန်မကို ချန်ထားခဲံ့ရန် ဆုံးဖြတ်လိုက်သည်။
လူနှစ်ယောက် အတွက် ချစ်နေဖို့ရာက အထူးတလည် စဉ်းစားနေစရာ မဟုတ်သော်လည်းပဲ ဘ၀နှစ်ခုကို ပေါင်းစည်းရာ တွင် အစစအရာရာကို ထည့်သွင်းစဉ်းစားဖို့ လိုသည်ဆိုတာကို ကျွန်မ နားလည်ပါသည်။ ထို့သို့ နားလည်သည့်အတွက် ကြောင့်ပင် ကျွန်မ သူ့ကို အပြစ်မြင်မရခြင်းပင် ဖြစ်သည်။ ယောင်္ကျားတစ်ယောက်အတွက် အထူးသဖြင့် ဆန္ဒကို အတ္တဖြင့် ပုံဖော်တတ်သော သူ့အတွက် လိုအပ်သည်မှာ ပညာတတ်မိန်းမ တစ်ယောက် မဟုတ်ပေ။ အရာရာကို အလိုက်တသိဖြင့် ရိုကျိုးစွာ တောင်းပန်တတ်သော သာမန်မိန်းမ တစ်ယောက်သာ ဖြစ်သည်။
လူတစ်ချို့ အထင်အမြင်ကြီးလောက်စေသော ဘွဲ့လက်မှတ်များ၊ သာမန်မဟုတ်သော ခပ်ကြောင်ကြောင် အတွေး အခေါ်များ။ လှသည်ဟု မဆိုသာသော်လည်း လူအများကြား ထင်ရှားစေသော ရုပ်ရည်နှင့် လူလတ်တန်းစား ချမ်းသာ ကြွယ်ဝမှုထက်အနည်းငယ် ပိုလွန်သော မိဘတို့၏ ပံ့ပိုးမှုတို့မှ အပ ကျွန်မသည် ကျန်းမာရေး ပြည့်စုံသော အမျိုးသမီး မဟုတ်ခဲ့ဘူးလေ။ တနည်းအားဖြင့် ဆိုလျှင် သူ၏ မျိုးဆက်အား မွေးဖွားပေးနိုင်ရန်အတွက် အားအင်ချို့တဲ့သူ ဖြစ်နေခဲ့သည်လေ။
ဘယ်လောက်ပဲ သူ့ရင်သွေးကို ကျွန်မ ချီပိုးထိန်းကျောင်းချင်သော်လည်း “သားသမီးမရနိုင်တော့ပါ” ဟုသော မီးယပ်နှင့် သားဖွားဆရာဝန်မကြီး၏ စကားတစ်လုံး၏ အောက်တွင် ကျွန်မ၏ အတ္တ နှင့် သူ့၏ဆန္ဒများ သေဆုံးသွားခဲ့ရသည်။ ထူးချွန်ထက်မြတ်တဲ့ မိန်းမတွေကို ယောင်္ကျားတွေက သဘောကျတတ်သော်လည်း အနားမှာ ခေါ်ထားဖို့ ၀န်လေးသလိုပဲ ကျန်းမာရေး မပြည့်စုံတဲ့ သူတွေကို အသနားပိုတတ်ကြပေမယ့်လည်း တစ်သက်လုံးစာ ဘ၀နှင့် ယှဉ်လာသောအခါတွင် ချန်ထားရစ်ဖို့ ဆုံးဖြတ်တတ်ကြတာကို ကျွန်မ နားလည်ပါသည်။
နားလည်မှုနှင့်အတူ ချစ်မြတ်နိုးရသော သူ့ကို ကျွန်မ ခွင့်လွှတ်ပါသည်။ ခွင့်လွှတ်မှုနှင့်အတူ စာနာမိသော ကျွန်မသည် သူ့ကို မမုန်းရက်နိုင်လောက်အောင် တွယ်တာပါသည်။ သူ ဘယ်လိုပင် ဆုံးဖြတ်သွားခဲ့ပါစေ တစ်ချိန်က ကျွန်မအပေါ်မှာ ထားရှိခဲ့သော ချစ်ခြင်းနှင့် ကြင်နာမှုများကို ကျွန်မ မမေ့နိုင်စွာပင် ပြင်းပြင်းရှရှ သတိရ လွမ်းဆွတ်ပါသည်။ ကျွန်မ မဟုတ်သော အမျိုးသမီးတစ်ဦး၏ ခင်ပွန်းလင်ယောင်္ကျားအဖြစ် တည်ရှိနေသော သူ့ကို ပြန်လာစေလိုသော ဆန္ဒ မပါသဖြင့်၊ လွမ်းဆွတ်ခြင်းသပ်သပ် တစ်ခုသာ ဖြစ်သဖြင့် သတိရခြင်းအပေါ်မှာ ကျွန်မ လိပ်ပြာလုံပါသည်။
ကျွန်မက သူ့ကို ကျွန်မ၏ ဖြန့်ထားသော လက်ဖ၀ါးပေါ်သို့ ပျံလာနားနေခွင့် ပြုခဲ့သည်။ သူ့ကို ဖမ်းထားဖို့ ကျွန်မ လက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မထားခဲ့။ ချစ်သူကို လိုရာသွားစေဖို့ ကျေနပ်စွာ ခွင့်ပြုလိုက်ရခြင်း၏ ပိတိကို ကျွန်မ နှစ်သက်စွာ စားသုံးပါမည်။ ကျွန်မ ဆုံးရှုံးခဲ့ရသည့် နုပျိုငယ်ရွယ်မှု နှင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ ယုံကြည်မှုတို့အစား သူ ချန်ထားရစ်ခဲ့သော သတိရစရာ အမှတ်ရစရာများကို ပွေ့ဖက်ကာ ကျွန်မ ဖြည့်ဆည်းမပေးနိုင်ခဲ့သော အရာများအား သူ့အား ပေးနိုင်ခဲ့သော ထို အမျိုးသမီးအား ကျေးဇူးတင်နေပါမည်။
မည်သို့ပင်ဖြစ်စေ…………. ကျွန်မကတော့ လွမ်းနေဦးမည်သာ ဖြစ်သည်။

………………………….

July 26, 2010

အခုဆို
နှင်းတွေလည်း ကျိတ်ကျိတ်ပြီး ငိုလို့
မြေနီတိုက် (၃၆ )ရှေ့က ပုဏ္ဍရိပ်တန်းလေးလည်း
ဗိုလ်ကတော်ပင်တန်းလေးလည်း တိက်တိက်လေး စိုလို့။
ပျော်ရွှင်ခြင်း သွေးကြောတွေ
အေးခဲရပ်ငေးနေသွားတဲ့ည
မျှော်လင့်ခြင်း မျက်ဝန်းတွေ
အားလျော့နာကျင်သွားတဲ့ည
လောကဓံရဲ့ ဘက်တော်သားတွေ
ဗုံမောင်း ခြိမ့်ခြိမ့်ခတ်လိုက်တဲ့ည
ရင်တစ်ခုလုံး မတို့ထိရဲအောင် ကြေမွနစ်စူး
ငါ့ရင်ခွင်မှာ မင်းမရှိဘူး
မင်းမရှိတဲ့ ငါ့ရင်ခွင်မှာ ဘာဆိုဘာမှလဲ မရှိတော့ပါဘူး…………….။

ညည်းချင်း

July 22, 2010
ခုတလော ဘာစာမှ ရေးချင်စိတ်မရှိဘူး ဖြစ်နေတယ်ဗျာ..
ကျောင်းမှာလဲ အဆင်မပြေဘူး
ဒါက ညည်းစရာတစ်ခု မဟုတ်တဲ့အတွက် မညည်းတော့ပါဘူး
…. နဲ့လဲ အဆင်မပြေဘူး
ဒါလဲ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ မညည်းတော့ပါဘူး
ဒါဆို ဘာညည်းချင်သေးတာလဲ
ဘာကိုမှ မညည်းချင်တဲ့အကြောင်း ညည်းလို့လဲ မရတဲ့အကြောင်း
ညည်းမလို့လေ.
ဟုတ်တယ်ဗျာ…

ရာသီဥတုကလဲ ပူလိုက်တာ
လေကလဲ တိုက်တာ ကြမ်းလိုက်တာ
ကြယ်တွေကလဲ မှိန်နေလိုက်တာ
ငှက်လေးတွေလဲ ငြိမ်နေလိုက်တာ
ပန်းပွင့်လေးတွေလဲ မှိုင်နေလိုက်တာ
ဖုန်းလိုင်းတွေလဲ ကြပ်နေလိုက်တာ
အင်တာနက်လိုင်းတွေလဲ နှေးနေလိုက်တာ

ရာသီဥတု ပူတာကို ပြုပြင်ဖန်တီးယူဖို့ မတက်နိုင်သေးဘူး
လေတိုက်ကြမ်းတာကိုလဲ ညှိယူဖို့ မတက်နိုင်သေးဘူး
ကြယ်တွေမှိန်နေတာကိုလဲ တောက်ပစေဖို့ မတက်နိုင်သေးဘူး
ပန်းပွင့်လေးတွေ လန်းဆန်းစေဖို့ မတက်နိုင်သေးဘူး
ဖုန်းလိုင်းတွေ ကြပ်တာကလဲ နည်းလမ်းမတွေ့သေးဘူး
အင်တာနက်လိုင်းတွေ မြန်နှုန်းမြှင့်ဖို့ …….. အင်း မတွေ့သေးဘူး မတက်နိုင်သေးဘူး

ညည်းတော့ပါဘူးဗျာ ဒါတွေအကြောင်းကို
ကဲ…
ခွင့်လွှတ်ပါ
ငါ နင့်ကို ချစ်တယ်…………။

တစ်မိုးအောက်

July 20, 2010
မြေကမ္ဘာကြီးရဲ့အပေါ်
ကောင်းကင်တစ်ခုတည်းအောက်
ရှင်သန်ခွင့်တူညီနေသရွေ့
မဝေးဘူးဆိုပေမယ့်လည်း….

ချစ်ခြင်းတွေ ရှင်းသန့်နေရင်
တို့နှစ်ယောက်ရဲ့ကြား
ဘယ်လိုအရာနဲ့မျိုးနဲ့မှ
ကာဆီးမထားဘူးဆိုပေမယ့်လည်း…

အနားမှာအတူရှိမနေတာကလွဲရင်
ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊
ပြည့်စုံခြင်း၊ လိုအပ်ခြင်း
အားလုံးကို ထပ်တူဆိုပေမယ့်လည်း

မောင်ရေ
ကျွန်မရင်ထဲက အလွမ်းတွေကို…
စာနာနားလည်ဖို့ အခွင့်ရှိမယ်ဆိုရင်
တစ်မိုးအောက်မှာ နေခွင့်ပြုပါနော်…။

ရင်ငြိမ်းပန်း(ပခုက္ကူ)
18-3-10 (17:14)

ပန်းပွင့်အမုန်း

July 16, 2010

ရင်နဲ့ရင်းကာ

ပေးအပ်လိုက်သော

ချစ်ခြင်းများတွက်

ပြန်ရလိုက်သော…..

အမုန်းများ……

ပန်းသို့ပြောင်းကာ

လောကအားလုံး

ရနံ့သင်းပျံ့

စေသတည်း……….။

ခွဲခွာချိန်

July 8, 2010

ရင်ထဲမှာ နာကျင်လွန်းလို့
စကားတစ်ခွန်းတောင် မပြောချင်ဘူး
”ကျန်းမာရေးကို ဂရုစိုက်.
သတိရရင် စာရေး”
မင်း ပြောခဲ့တဲ့ စကား……
ငါ ခုထိ ကြားယောင်ဆဲပါ.။

စိတ်မကောင်းဘူး ချစ်သူရယ်
ငါ ကြိုးစားဖန်တီးပေမယ့်
အရည်ကြည်ဝိုင်းတဲ့ မျက်လုံးတွေနဲ့မို့
အပြုံးဆိုတာ…
မပီပြင်ခဲ့ဘူး………။

ရခဲလှတဲ့ အတူရှိနေချိန်တွေရဲ့
နောက်ဆုံးမိနစ်တွေမှာ
မလွှတ်တမ်း ဆုပ်ကိုင်ခဲ့ကြတဲ့..
တို့နှစ်ယောက်လုံးရဲ့ လက်တွေဟာ
ဘာလို့ အေးစက်နေရတာလဲ..။

ကားဟွန်းတီးသံ၊ စကားပြောသံ
အော်ဟစ်ဆူညံသံတွေရဲ့ ကြားမှာ
ငါတို့နှစ်ယောက်ရဲ့ ကမ္ဘာက
ဘာလို့များ……
တိက်ဆိတ်နေခဲ့တာလဲ..။

တွဲလက်ကိုဖြူတ်ပြီး
မင်းကို ကျောပေးလိုက်ချိန်မှာ
ငါ့ ပါတ်ဝန်းကျင်တစ်ခုလုံး
အောက်ဆီဂျင်တွေ ပျောက်ဆုံးသလိုမျိုး
ရင်ထဲမှာ မွန်းကျပ်…
ကလေးတစ်ယောက်လို အော်ငိုမိမတက်ပါပဲ..။

အနားမှာ အမြဲအတူနေချင်ပေမယ့်
မဖြစ်နိုင်သော.. မဖြစ်သင့်သော..
…………………..သော
ခေါင်းစဉ်ပေါင်းများစွာနဲ့
နင်နဲ့ငါ ခွဲရဦးမယ်….။

ချစ်သူရေ
ပြန်မဆုံသေးခင်အချိန်အထိ
တစ်ယောက်တစ်နေရာစီနေ
တို့…..
သတိတွေ ရနေကြမယ်နော်…….။ ။

ရင်ငြိမ်းပန်း( ပခုက္ကူ)

ဘာအကြောင်းကြောင့်မှ ကျွန်မ ဟန်မဆောင်တော့ပါ။

June 29, 2010
“……”
“ အိုး နင်တောင် ပြောင်းလဲသွားသေးတာ ငါက ဒီအတိုင်းလေးပဲ ကျန်မယ်လို့ နင် ဘာလို့မျှော်လင့်နေရတာလဲ”
“………”
“အချစ်အကြောင်းကို စဉ်းစားရင်း အချိန်ကုန်နေရအောင် ငါ ကလေး မဟုတ်တော့ဘူး ကိုကို ငါ့မှာ ဆက်လျှောက် ရမယ့် လမ်းတွေ အများကြီး ကျန်သေးတယ်”
“……..”
“နင် လက်ထပ်ခြင်း လက်မထပ်ခြင်းအပေါ်မှာ ငါက ဘာလို့ မိန်းမူးနေရမလဲ ဒါ နင့်ဘ၀လေ ငါ့ဘ၀မှ မဟုတ်တာ နင့်ဘ၀ နင့်လမ်း နင်လျှောက်တာ ငါက ဘာဆိုငိလို့ ခံစားနေမလဲ နင်နဲ့ငါ ချစ်ခဲ့ကြတယ် မှန်တယ် ဒါပေမယ့် ချစ်တိုင်း လက်ထပ်ဖြစ်တာမှ မဟုတ်တာ ငါ့ကို အဲလောက် နင် လျှော့မတွက်သင့်ဘူး ကိုကို”


“…….”
“ဘာ ငါ့ကို စိတ်ချချင်တယ် ဟုတ်လား အဟက် အားမနာတတ်ရင် ရယ်လိုက်ချင်တယ်ဟာ တကယ် စိတ်မချဘူး လို့ပြောရအောင် ငါက ဘာဖြစ်နေလို့လဲ ငါ့မိဘ ငါ့အသိုင်းအ၀ိုင်း ငါ့အဆင့်အတန်း ငါ့ပညာနဲ့ ငါ့ဘာသာငါ ရပ် တည်လို့ ရနေတာပဲ နင်နဲ့ ဝေးရလို့ ငါက ဘ၀ပျက်သွားမယ့် မိန်းမမှ မဟုတ်တာ ဘာလဲ နင် ငါ့ကို ချန်ထားခဲ့လို့ ကိုယ်ကိုကိုယ် သေကြောင်းကြံမယ်များ ထင်နေတာလား ဟားဟားဟား”
“……..”
“အေးဆေးပါ ကိုကိုရ မွန်မွန်ကိုပါ ငါ ဒီနာမည်ကို အလွယ်တကူ ထုတ်သုံးလေ့မရှိပါဘူး ငါ့နာမည်ကို အပေါင်ထား
ပြီး ပြောပြီဆိုရင် သေချာတယ် ငါလုပ်နိုင်တဲ့ ကိစ္စမို့ပဲ…. နော် စိတ်သာချလိုက်ဟာ ငါ အာမခံတယ် ဟားဟား” “……..”
“sorry ဟာ လှောင်သလို ဖြစ်သွားရင် …. နင့် စေတနာကို ငါ နားလည်ပါတယ်”
“…….”
“ခဏ ကိုကို ငါ ပြောစရာ ရှိတယ်… နင်နဲ့ငါ ချစ်နေကြတုန်းမှာ အကောင်းဆုံး မဟုတ်ပေမယ့် ငါ အစွမ်းဆောင် နိုင်ဆုံး လုပ်ပေးခဲ့တယ် ငါ နင့်အပေါ်မှာ ထားရှိခဲ့တဲ့ ချစ်ခြင်းနဲ့ စေတနာမေတ္တာတွေကို ငါကိုယ်တိုင် ကျေနပ်အား ရခဲ့တယ် အဲဒီ့အတွက် ငါမှာ နောင်တမရှိဘူး အေး အတူတူသွားနေတဲ့ လမ်းမှာ နေရစ်ခဲ့တော့လို့ နင်ချန်ထားခဲ့ လို့ ရတယ် နေရစ်တော့မယ်လို့ ပြောပြီး ကျန်နေရစ်လို့ ရတယ် ငါ လက်ခံတယ် ဒါပေမယ့် ချန်ထားခဲ့ပြီးမှ၊ ကျန် နေရစ်ခဲ့ပြီးမှ နင့်ဘက်က တစ်ဖက်သက်ဖြူတ်ထားခဲ့တဲ့ ငါ့လက်ကို ပြန်လာတွဲဖို့ စိတ်မကူးနဲ့ ငါက နင်ပြန်လှည့် ကြည့်တိုင်း အမြဲကပ်ပါနေမယ့် အရိပ်မဟုတ်ဘူး အဲဒါလေးကိုတော့ နင်နားလည်ထား နင် ပြန်လည်လာမလား လို့ စောင့်နေမှာ မဟုတ်ဘူး အသနားလဲ ခံမှာ မဟုတ်ဘူး သိလား”
“……..”
“အော် ဒီလိုတော့ အပြစ်မဆိုနဲ့လေဟာ နင့်မှာလဲ မာနရှိသလို ငါ့မှာလဲ မာနရှိနေနိုင်တာပဲ ဒါတွေ ထားပါ ပြောနေစရာမလိုတော့ပါဘူး အရေးကြီးတာက နင့်ဘ၀မှာ နောင်တကင်းကင်းနဲ့ အသက်ဆက်ရှင်နိင်ဖို့ပဲဟ သိလား…. နောင်တဆိုတာကလဲ virus တစ်မျိုးပဲလေ တရိရိကိုက်စားပြီး အသက်ပါသွားတတ်တာမျိုး အဟ ”
“…….”
“အိုး… နောက်တာမဟုတ်ပါဘူးကွယ် ဒါ ရင်ထဲက စကားပါ ဘယ်နှယ့် ချစ်သူတစ်ယောက်ကိုလဲ ဆုံးရှုံးသေး… ရှိနေတဲ့ ဘ၀ကိုလဲ မပျော်ရဘူးဆိုရင် ဘယ်တန်ပါ့မလဲ ငါနဲ့အတူနေရတာထက် ပိုကောင်းမယ်ထင်လို့ နင်ရွေးခဲ့ တာပဲလေ ကိုယ့်ရွေးချယ်မှုကို ကိုယ်နောင်တရနေရင် နင် ရှင်ရက်နဲ့ သေသလို ဖြစ်သွားမှာပေါ့ဟ မဟုတ်လား” “……”
“တော်စမ်းပါ ကိုကိုရယ် အရူးထမနေပါနဲ့ ငါက နင့်အတွက်နဲ့ ကျန်းမာရေး ထိခိုက်ရမယ်လို့ ဘာမှမဖြစ်ဘူး နေ ကောင်းတယ် ဟိုးတုန်းကတည်းက မကောင်းတဲ့ ကျန်းမာရေးပါဟ နင့်ကြောင့်မဟုတ်ပါဘူး အံမယ်လေးဟယ် ဖြစ်မှဖြစ်ရလေ စိတ်ချစမ်းပါဟာ ငါက စိတ်ညစ်လေ စားဝင်လေပဲ နင်သိပါတယ် ဟဟ”
“……”
“အိုကေ အိုကေ ကိုကို နင်မပြောနဲ့တော့ ငါပဲ ပြောမယ် နင်နဲ့ငါဟာ ချစ်သူဖြစ်ခဲ့ကြဖူးတဲ့ သူစိမ်းတွေပါ နင်နဲ့ငါ ကြားမှာ ချစ်သူဆိုတဲ့ ပါတ်သက်မှုသာ မရှိတော့ဘူး ဆိုရင် နင်နဲ့ငါဟာ သူစိမ်းပဲ ဟုတ်တယ်မလား သူငယ်ချင်း လို မိတ်ဆွေလိုနဲ့ လာပြီး ငြိမ်းချမ်းရေး ယူမနေစမ်းပါနဲ့ ပြောရမယ်ဆိုရင် ငါက နင့်ကို ကျေးဇူးတောင် တင်သေး”
“…..”
“ဟင် ဘာဖြစ်လို့ရမလဲ နင် ငါ့ကို သစ္စာရှိလို့လေ ငါ့ကို တစ်သက်လုံးစာ လက်မတွဲနိုင်တာကို ပွင့်ပွင့်လင်းလင်း ပြောပြီး လမ်းခွဲသွားလို့လေ ဒီလို သစ္စာရှိရှိနဲ့ နင် ထားသွားခဲ့တာကို ငါ ကျေးဇူးတင်တာ မဟုတ်ရင် ငါ့ဘ၀တစ်ခု လုံး နင် လိမ်ညာမှုတွေနဲ့ သစ္စာမဲ့နေမှာလေ.. ခုတော့ စောစောစီးစီး သိရတော့ ငါ့မှာ ရွေးချယ်ခွင့် ရတာပေါ့… ဟုတ်တယ်မလား ကျေးဇူးတင်တယ်ဟာ နော်”
“……”
“ကဲပါ ဘာမှ စိတ်မကောင်းဖြစ်မနေနဲ့ ဘယ်လိုမှလဲ သဘောမထားပါနဲ့ ငါ့အတွက်လဲ စိတ်ချ ပညာရေးမှာပဲ ဖြစ်ဖြစ် စီးပွားရေးမှာပဲ ဖြစ်ဖြစ် ငါ အောင်မြင်မှာပါ ငါ့ကိုယုံတယ်မလား စိတ်ကို ငြိမ်းချမ်းစမ်းပါဟာ ခက်ခက်ရချည့် ငါကတောင် ပြန်နှစ်သိမ့်နေရသေးတယ် အံသြပါ့ ဟ ဟ ငါ သိပ်ကြိုက်တဲ့ တာရာမင်းဝေရဲ့ မီးတောက်ရစ်သမ် ကဗျာထဲကလိုပေါ့

မြက်ရိုင်းက
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက….
တစ်ယောက်ကို တစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ ……. တို့ ဝေးလိုက်ကြပါစို့..

ကဲ ဘာပြောဦးမလဲ ညလဲနက်နေပြီ ငါလဲ အိပ်ချင်နေပြီ မနက်ဖြန် သင်တန်းတွေ ရှိသေးတယ်ဟ”
“မေလေးကို ချစ်တယ်”
“တီ..တီ..တီ…”

ကျွန်မကို စိတ်ချချင်တယ် ဆိုတဲ့ ကိုကိုရေ ဒီလေသံ ဒီစကားတွေဆို စိတ်ချပြီမလား………..

“၀ုန်း…..”
“ဟဲ့ သမီး သမီး…. ဟဲ့ လုပ်ကြပါဦး ခေါ်မရတော့ဘူး……..”

နှစ်ရက်ခန့် ကြာသောအခါ…………….

ကိုလေးဖြူရဲ့ မမေ့နိုင်သီချင်းကို တိုးတိုးလေး ဖွင့်ထားသော ဒီအခန်းထဲမှာ ကျွန်မ သိပ်ကြိုက်သော နှင်းဆီပန်း နံ့တွေထဲ ဆေးနံ့အချို့ ရောနှောပါမနေရင် သိပ်နှစ်လိုဖွယ်ကောင်းမှာပဲ။ ပိုးသတ်ဆေးနံ့တွေကို ကျွန်မ မုန်းသည်။ နှာခေါင်းကို ပိတ်ထားဖို့ ကျွန်မ လက်တွေကို မြှောက်လိုက်တော့ ဖြူဖျော့ခြောက်ကပ်နေတဲ့ လက်ချောင်းတွေဟာ ပိုက်တန်းလန်းနဲ့။ ရုတ်တရက် လှုပ်လိုက်၍ထင်သည် ပိုက်ထဲသို့ သွေးအချို့ စီးဝင်လာသည်။ ထိုသွေးများ အပ်ဝမှာ ခဲနေပြီဆိုလျှင် ကျွန်မ နာကျင်ရဦးမည်။ သို့သော် နာကျင်ရက်နဲ့ မနာကျင်သယောင် ဟန်ဆောင်ရသည် လောက် နာကျင်မည် မဟုတ်ပါ။ တစ်ချိန်လုံး သူ့အပေါ်မှာ ရိုးသားစွာ ဆက်ဆံခဲ့သော ကျွန်မသည် ပထမဆုံးနှင့် နောက်ဆုံးအကြိမ်အဖြစ် ဟန်ဆောင်ခဲ့သည်။ ထို့အတွက် ဟန်ဆောင်ခြင်းသည် စိတ်ရော ကိုယ်ပါ ပင်ပန်းသော အလုပ်တစ်ခု ဖြစ်ကြောင်း ကျွန်မ ကိုယ်တိုင်လက်တွေ့ကျကျ သိလိုက်ရသည်။

ဆုတောင်းခွင့် ရှိမည်ဆိုလျှင် သူနဲ့ နောက်ထပ်ပြန်မဆုံပါရစေနဲ့ ဟု ကျွန်မ ဆုတောင်းချင်သည်။ ဤသည်မှာ သူ့ ကို မုန်းတီး၍ မဟုတ်ပဲ ကျွန်မ ဟန်ဆောင်နိုင်စွမ်း မရှိမှာကို စိုးရိမ်၍ ဖြစ်သည်။ ဤမျှ စိတ်ရော ကိုယ်ပါ ပင်ပန်း သည့် ဟန်ဆောင်ခြင်းဟူသော အလုပ်ကို ကျွန်မ ဘယ်လိုနည်းနဲ့မှ မလုပ်ချင်တော့ပါ။ ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်သည်။

ဘာအကြောင်းကြောင့်မှ ကျွန်မ ဟန်မဆောင်တော့ပါ။

အပြီးတိုင်

June 15, 2010

မလိုတော့လို့ ချန်ထားတဲ့အခါ
ကြည်ဖြူစွာ နေခဲ့ပေးမှာပါ
စကားလုံးသာသာ စကားတွေကို
ဟန်ဆောင်ပြီး ပြောနေဖို့ မလိုပါဘူး မောင်။

မချစ်တော့လို့ ဖယ်ခွာတဲ့အခါ
တို့လက်တွေ ဖြေလျှော့ဖို့သာ ရှိတာပဲမို့
စိတ်ချထားပါကွယ်…
ကျွန်မ မျက်ရည်တို့နဲ့ အသနားမခံပါဘူး….။

တစ်ခန်းရပ်သွားတဲ့ ဒီဇာတ်လမ်းမှာ
ကျွန်မကိုယ်တိုင်က အညှာလွယ်ခဲ့သူမို့
အမည့်ခြွေခြွေခဲ့လေသူရယ်လို့
တစ်ဖက်သက်အပြစ်တွေလဲ မတင်ချင်ပါဘူး….။

ကျွန်မရဲ့ ရင်ခွင်ဟာ..မောင့်အတွက်
ကွန်းတစ်ထောက် နားခိုရာသက်သက်ဆိုပေမယ့်
လက်ခံရလိုက်တဲ့ အဖြစ်တို့အတွက်
နောင်တဆိုတာ ကင်းမဲ့ပါတယ် မောင်…။

မောင် ဆက်လျှောက်မယ့်လမ်းမှာ
ကျွန်မ အနီးကပ်လိုက်ပါခွင့်မရပေမယ့်
ရင်ထဲက ဆုတောင်းမိပါရဲ့
အေးချမ်းပျော်ရွှင်မှုတွေကိုသာ
ကျွန်မချစ်သော မောင် ပိုင်ဆိုင်ပါစေ……..။

ရင်ငြိမ်းပန်း(ပခုက္ကူ)

အဝေးရောက်ချစ်သူ

May 31, 2010
မင်းမှာလဲ အတိတ်ရှိသလို ငါ့မှာလဲ အတိတ်နဲ့ပဲလေ…
လူဆိုတာ အတိတ်မှာ ရပ်နေလို့မှ မရတာ
အနာဂတ်ဆီကို သွားတဲ့အခါမှာသာ
မင်းအနာဂတ်နဲ့ ငါ့အနာဂတ် တူညီနေဖို့ လိုတာပါကွာ

မင်းထိရှခဲ့တဲ့ ဒဏ်ရာတွေအတွက်
ငါ့စကားခွန်းရေတွေနဲ့ အနီးကပ်ပြုစုမယ်
ငါ့ကျဆုံးခဲ့တဲ့ မှတ်တိုင်တွေအတွက်
မင်း အရှေ့က လမ်းကူပြမယ်…

မင်းနဲ့ငါကြားမှာ
လေဟာနယ်တွေရှိမယ်…
ဒီဂျစ်တယ် ကိန်းဂဏန်းတွေ ရှိမယ်…
အသုံးချ နည်းပညာပစ္စည်းတွေနဲ့ များပြားလှတဲ့ မိုင်တွေ ရှိမယ်…

ကြိုးမဲ့ကိရိယာတွေက ဖြတ်သန်းလာတဲ့
မင်း အသံအက်ရှရှတွေရယ်…
စာလုံးလေးတွေထဲမှာ မျောပါလာတဲ့
မင်း အပြုံးပွင့်တွေရယ်…

အနားမှာ ရှိမနေပေမယ့်..
မင်း ရင်ခွင်မှာ ငါ ခိုဝင်တယ်…
အနားမှာ ရှိမနေပေမယ့်..
ငါ့ပုခုံးထက်မှာ မင်း မှီတွယ်တယ်..

ချစ်သူရယ်…
ယုံကြည်မှုအုတ်မြစ်ပေါ်မှာ
နားလည်မှုကို ကြားခံပြီးတော့
တွဲထားတဲ့ တို့နှစ်ယောက် လက်တွေ နွေးနေစေမယ် နော်။

ရင်ငြိမ်းပန်း(ပခုက္ကူ)