Archive for the ‘တ၀မ်းပူ’ Category

အမှတ်တရ ရှိသော အကြောင်းအရာများ

July 17, 2010
အမှတ်တရဆိုတာ ဘာကို ပြောတာပါလိမ့်……။
အဖြစ်အပျက်၊ အကြောင်းအရာ၊ နေရာဒေသ၊ နေ့စွဲ၊ စိတ်ခံစားမှု၊ လူပုဂ္ဂိုလ် ဒါမှမဟုတ် ပစ္စည်းတွေလား…….။ လူတစ်ယောက်အတွက် အမှတ်တရ ရှိခဲ့တဲ့ အရာဟာ သူနှစ်သက်သော ပစ္စည်းကို လက်ဆောင်ရတဲ့နေ့ ဒါမှမဟုတ် ဆုံးရှုံးလက်လွှတ်ရတဲ့နေ့ ဖြစ်နေနိုင်တယ်။ နေရာဒေသ တစ်ခုဟာလဲ အမှတ်ရစရာ ပဲပေါ့။ ပျော်ရွှင်မှုတွေ ရရှိပိုင်ဆိုင်တဲ့နေ့ကို အမှတ်ရနေနိုင်သလို ၀မ်းနည်းနာကျင်ခံစားခဲ့ရတာကလည်း အမှတ်တရ ဖြစ်နေနိုင်တာပဲလေ….။ 
ကိုယ့်အပေါ်မှာ ဂရုစိုက် ကြင်နာတဲ့သူကို အမှတ်ရတက်သလို စိတ်နာကျည်းမှုတွေ ပေးတဲ့သူကိုလဲ မမေ့တက်ကြဘူးပဲ။ ကျွန်မအတွက် အမှတ်တရတွေကရော ဘာတွေများလဲ……တွေးကြည့်မိတယ်။ အခုအသက်အရွယ်အထိ ဖေဖေရဲ့ အရိုက်ကို သုံးခါတိတိ ခံခဲ့ရဖူးပါသည်။ 


မှတ်မှတ်ရရ…… ကလေးဘ၀က မေမေ့လက်ပတ်နာရီကို ယူဝတ်ပြီး သူငယ်ချင်းများနဲ့ ပျော်ပွဲစားတမ်းကစားတုန်း ငရုပ်သီးထောင်းလိုက်တာ နာရီတစ်ခုလုံး ညက်ညက်ကြေ သွားစဉ်က တစ်ခါ။ (မငိုဘူးတဲ့ဗျ အကြောကတင်းတယ်နော်) ကျန်တဲ့ နှစ်ကြိမ်ကတော့ အငယ်လေးကို မရိုက်အောင် ၀င်ပြောမိလို့ချည်းပါပဲ။ (မိဘကို ဆရာပြန်လုပ်လို့ ဆိုလား……) အဲလောက်အထိ ချစ်ခဲ့ရတဲ့ ညီမလေးကို ကုတင်ပေါ်က တွန်းချခဲ့ဖူးတာကလဲ အမှတ်တရပေါ့။ (တကယ်တော့ တမင်မဟုတ်ပါဘူး လက်လေးနဲ့ တွန်းလိုက်တာ..အတွင်းအားက ကောင်းလွန်းတော့ ပြုတ်ကျသွားတာပါ :))

မိန်းမမဟုတ် ယောင်္ကျားမဟုတ်နဲ့ သိုင်းချတမ်းကစားတာ ခုနှစ်တန်းနှစ် အတန်းတင် စာမေးပွဲအတွက် ခုံစီသောနေ့မှာ လက်ကျိုးခဲ့တာကလဲ အမှတ်ရစေတာပဲ။ (ရှောင်လင်မင်းသားလေးဇာတ်လမ်းတွဲ လာတုန်းကပေါ့ဗျာ) ဆောင်းတွင်းတစ်မနက်မှာ ညီမနှစ်ယောက် စာထကျက်ရင်း စောင်ခြုံကိုယ်စီနဲ့ သိုင်းချကြတာ…… စိတ်ထဲမှာတော့ ၀တ်ရုံကြီးတွေ တစ်ဖါးဖါးပေါ့……….။ ၀ှီးကနဲ ၀ှီးကနဲ……စောင်တွေကို ဝေ့ကာရမ်းကာနဲ့ သိုင်းကစားကြတာ……. ချလွမ်……ချွမ်….ခွမ်…….အသံမျိုးစုံ ထွက်လာမှပဲ နှစ်ယောက်သား ဂုတ်ပု၊ လျှာထုတ်ပြီး ၀ပ်သွားကြတာ။ 🙂
စောစောစီးစီး မေမေ က ထိုင်ငိုပါလေရော……. ”မိန်းကလေးတွေ ဖြစ်ပြီး သိုင်းချတမ်း ကစားကြတာတဲ့ အောင်မလေး စိတ်ညစ်တယ်…… စာတော်ကြတာကလွဲပြီး ဘာမှကို သုံးမရကြဘူး…….” ဘာညာသရကာနဲ့ အရင့်အရင်က အပြစ်တွေပါ ပါလာတာပေါ့ဗျာ။ ငိုမှာပဲဗျ…..ဖန်ခွက်က တစ်လုံးမှမှ အကောင်းမကျန်တာကိုး……။ ခဏကြာတော့ တစ်လမ်းကျော်က သူငယ်ချင်းဆီကို ကျွန်မသွားတယ်။ ”ငါ….မေမေ့ကို ဖန်ခွက်တွေ ပြန်ဝယ်ပေးချင်တယ်ဟာ ဘယ်လိုလုပ်ရမလဲ….” ဆိုပြီး ရေချိုးနေတဲ့ သူငယ်ချင်းနားမှာ ရေစိုခံပြီး မျက်နှာငယ်လေးနဲ့ပေါ့။ သူငယ်ချင်းကလဲ အကြံကောင်းကို ပေးလိုက်တာပါ ”နင့်အမေဆီက ပိုက်ဆံတောင်းလိုက်ပေါ့…”တဲ့။
အူကြောင်ကြောင်နဲ့ ကျွန်မက အမေဆီမှာ ပိုက်ဆံတောင်းတဲ့အခါ..ခေါင်းခေါက်ခံခဲ့ရတာကိုလဲ ခုထိ အမှတ်ရနေမိတယ်။ ကျွန်မဆိုတာက ငယ်ငယ်လေးကတည်းက စာကျက်မယ်၊ စာလုပ်မယ်၊ စာရေးမယ်၊ စာဖတ်မယ် နဲ့ ကြိုးစားတယ်လို့ နာမည်ရခဲ့သူပါ။ (စာကျက်နေရင် အိမ်က ဘာမှမှ မခိုင်းတော့ဘူးလေ….:) မေမေကို ပြန်မပြောကြေး ) နှစ်စဉ် ဆုတွေ ရခဲ့တဲ့ ကျွန်မက ငါးတန်းနှစ် လပါတ်စာမေးပွဲမှာ ဖျားနေလို့ အဆင့်(၁၃)ရတာကို ရှိုက်ကြီးတငင်နဲ့ ငိုခဲ့ဖူးတယ်။ 
တက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူးတစ်ခုတည်းပါလို့ အိမ်မပြန်တော့ဘူးဆိုပြီး နံရံနဲ့ ခေါင်းနဲ့ ဆောင့်ကာ သေကြောင်းကြံခဲ့တာလဲ ကျွန်မပါ။ ရိုးရိုးပဲအောင်တဲ့ ကျွန်မသူငယ်ချင်းမကို သူ့အိမ်က ဂုဏ်ပြုတဲ့အနေနဲ့ ကွန်ပျုတာ ၀ယ်ပေးတဲ့အချိန်မှာ……. မှန်းထားသလောက် ဖြစ်မလာခဲ့တဲ့ ကျွန်မကို ဖေဖေက သုံးလလောက် စကားမပြောခဲ့တာကလဲ အမှတ်တရ ဖြစ်စေတယ်။(T_T) အဲလောက်အထိ စာမေးပွဲရလဒ်တို့၊ အဆင့်တို့ကို တန်ဖိုးထားတဲ့ ကျွန်မ……. တက္ကသိုလ်တက်တဲ့အချိန်မှာ…. ရိုးဝမ်းရဖို့ မလိုပါဘူး……. တကယ်တက်ရင် ပြီးတာပဲလို့ ကြွေးကြော်ခဲ့သေးတာ။ (ပြီး….တကယ်လဲ မတက်ခဲ့ပါဘူး……:))
ကျောင်းတက်မယ်၊ စာလုပ်တယ်ဆိုတဲ့သူ ဖိုင်နယ်မှာ ကျောင်းခေါ်ချိန်မပြည့်လို့ လက်မှတ်ထိုးခဲ့ရတုန်းက အားလုံးထဲမှာ မိန်းကလေးက ကိုယ်တစ်ယောက်တည်း ဖြစ်နေခဲ့တာကိုလဲ မှတ်မိပါရဲ့။ အမှတ်ပြည့်နီးပါး ရမှ ဖြေနိုင်တယ်လို့ သတ်မှတ်ထားတဲ့သူက ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ ကျစဉ်က ၀မ်းနည်းမနေခဲ့တာကလဲ အမှတ်တရတစ်ခုပဲ ထင်ပါရဲ့…။ အင်း……တွေးကြည့်မှ အမှတ်တရတွေက တော်တော်များတာပဲကိုး…။ 
အမှတ်တရဆိုတာက…….အဖြစ်အပျက်၊ အကြောင်းအရာ၊ နေရာဒေသ၊ နေ့စွဲ၊ စိတ်ခံစားမှု၊ လူပုဂ္ဂိုလ်နဲ့ ပစ္စည်းတွေပဲပေါ့လေ။ သာယာပျော်မြူးဖွယ်ရာတွေ၊ စိတ်ညစ်ညူးဖွယ်ရာတွေ၊ ရယ်ရွှင်ဖွယ်ရာတွေ၊ ငိုကြွေးပူဆွေးစရာတွေ… လွမ်းဆွတ်ဖွယ်ရာတွေ၊ မေ့ပျောက်ဖွယ်ရာတွေ……. အားလုံး အားလုံး ရောပြွန်းနေတာကိုက ဘ၀ရဲ့ အမှတ်တရတွေပါ.။ ကွန်ပျူတာရဲ့ မန်မိုရီလို Format ချမရနိုင်တဲ့ လူတွေရဲ့ ဦးဏှောက်အသိညဏ်ထဲမှာ ကြုံခဲ့သမျှတွေဟာ အမှတ်တရချည်းပါပဲလေ။
တိုက်ဆိုင်မှုတွေ ကြုံတဲ့အခါတိုင်း အမှတ်တရ ဖြစ်တတ်ကြတာကိုက အမှတ်တရတစ်ခု ဖြစ်နေလေရဲ့….။

အမှတ်တရ……….။

ကျွန်မ ရင်ဘတ်ထဲက မြန်မာအက္ခရာများ

June 9, 2010
မြန်မာအက္ခရာထဲမှာ ဗျည်း သုံးဆယ့်သုံးလုံး ရှိတယ်ဆိုပေမယ့် ကျွန်မရင်ဘတ်ထဲမှာတော့ မြန်မာအက္ခရာ လေးလုံးပဲ ရှိတယ်။ အက္ခရာစဉ်အလိုက် စီထားတာမဟုတ်ဘူး။ ရင်ဘတ်ထဲကို ၀င်လာတဲ့အချိန်အလိုက် စီထားတာလို့ ပြောရင် ရမယ်ထင်တယ်။ ဘယ်လိုပဲ စီထားထားပါ ကျွန်မရင်ဘတ်ထဲမှာ အက္ခရာလေးလုံး ရှိနေတာတော့ သေချာတယ်။

တ၀မ်းပူ
ကျွန်မရင်ဘတ်ထဲက ပထမဆုံး အက္ခရာ။

တိုမိုကိုလေး လို့ ခေါ်တဲ့ ကျွန်မရဲ့ တစ်ဦးတည်းသော ညီမလေး။ ကျွန်မဘ၀ရဲ့ အရေးကြီးဆုံးသော လူတစ်ယောက်။ တွယ်တာစရာ ရှိတဲ့အထဲမှာမှ အတွယ်တာဆုံးသော အက္ခရာ။ ချစ်တယ်ဆိုသော သူတွေထက် ပိုချစ်ရသော သူ။ ကျွန်မဘ၀ရဲ့ အချိန်တော်တော်များများမှာ တ၀မ်းပူအတွက် စဉ်းစားရင်း ကြိုးစားရင်း ကုန်ဆုံးခဲ့ရတာ။ မိသားစုဆိုတာတောင် ဖေဖေနဲ့ မေမေထက် ပိုလို့ တွယ်နှောင်မိတဲ့ သူ။

ခခွေး
ကျွန်မရင်ဘတ်ထဲက ဒုတိယ အက္ခရာ။

ချိုကြီးလို့ ခေါ်တဲ့ ကျွန်မရဲ့ အစ်မအရင်းသဖွယ် ချစ်ခင်ရသော သူငယ်ချင်း။ ခိုကိုးရာမဲ့တိုင်း သူ့လက်ကို ဆွဲကိုင်ထားရမှ လုံခြုံတယ်လို့ ခံစားရတဲ့အထိ စောင့်ရှောက်ပေးနိုင်သူ။ ကျွန်မ ပြုံးနေရင်တောင် နင် ဘာလို့ ငိုနေတာလဲ ဟု ဟိုးရင်ဘတ်ထဲထိ လိုက်ကြည့်ငေး မေးတတ်သူ။ ကျွန်မ ကိုယ်တိုင် မသိတဲ့ ကျွန်မရဲ့ ခံစားမှုတွေကို အလိုလို သိရှိနားလည်သူ။

နငယ်
ကျွန်မရင်ဘတ်ထဲက တတိယ အက္ခရာ။

နော်ကို လို့ခေါ်တဲ့ ကျွန်မရဲ့ ချစ်လှစွာသော သူငယ်ချင်း။ ကျွန်မဘ၀ရဲ့ နေ၀င်ချိန်လို့ ပြောရမယ့် လဲပြိုချိန်၊ ကျဆုံးချိန်၊ နစ်မွန်းချိန်တွေမှာ ပြစ်တင်စကားသော်လည်းကောင်း၊ ဝေဖန်စကားသော်လည်းကောင်း အားပေးစကားသော် လည်းကောင်း တစ်ခွန်းမျှ မဆိုပဲ တိက်ဆိတ်စွာ နေပေးခြင်းဖြင့် ကျွန်မကို အားအင်ဖြည့်တင်းပေးသောသူ။ အတိက်နေ့ရက်တွေမှာ နငယ်သာ ကျွန်မဖက်က မရပ်တည်ခဲ့ဖူးဆိုရင် အခုလို ကျွန်မ စာရေးနေနိုင်ပါ့မလားဆိုတာ သံသယ၀င်မိတဲ့အထိ ကျွန်မအပေါ်မှာ သက်ရောက်မှုများသူ။

ဇကွဲ
ကျွန်မရင်ဘတ်ထဲက စတုတ္ထ အက္ခရာ။

ကျွန်မဘ၀တစ်သက်လုံးစာအတွက် ဝေဒနာ၊ သေရာပါမယ့်အထိ စူးနစ်လွန်းတဲ့ ကျွန်မရဲ့ ဒဏ်ရာ။ ဖျော့ဖျတ်လို့ မရနိုင်တဲ့ ကျွန်မရဲ့ မှတ်ညဏ်၊ ချန်ထားလို့ မရနိုင်တဲ့ ကျွန်မဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း။ ပျော်စေလိုလဲ သူ၊ ငိုစေလိုလဲ သူ၊ ခံစားချက်အားလုံးကို သိမ်းပိုက်ထားသောသူ။

ဘယ်လိုဖြစ်စဉ်မျိုးပဲ ဖြစ်လာလာ၊ ဘယ်လိုအကြောင်းရင်းမျိုးပဲ ရှိလာလာ ကျွန်မရင်ဘတ်ထဲက ဒီအက္ခရာလေးလုံးကတော့ လျော့သွားလိမ့်မယ် မဟုတ်ဘူး။ ကျန်နေသေးတဲ့ ဘ၀ရဲ့ ခရီးစဉ်မှာ ဒီအက္ခရာတွေရဲ့ ကူညီလမ်းပြမှုနဲ့ ဆက်လျှောက်သွားမှာမို့ ကျွန်မဘ၀ရဲ့ မှတ်တိုင်တွေလို့ပဲ ဆိုကြပါစို့ရှင်။

တဝမ်းပူ နှင့် အမှတ်တရများ အပိုင်း – 3 –

June 9, 2010

p, pre {margin: 0;} input.blogger-ie-hack {position: absolute; left: -9999px;}hr.more {border-width:1px 0 0 0; border-style:dashed; border-color: #666; height: 8px; background:#ddd}table.tr-caption-container {padding: 6px; margin-bottom: .5em} td.tr-caption {font-size: 80%}

နန်း ဂုဏ်ထူးတန်းအရောက်မှာပဲ တ၀မ်းပူက ပထမနှစ် စတက်ရတယ်။ မန္တလေးမြို့ရဲ့ မိန်းမလှကျွန်းလို့ သတ်မှတ်ရလောက်အောင် မိန်းကလေးကျောင်းသူများ ကြီးစိုးရာ M.U.F.L။ နန်း တစ်ခေါက်တစ်ခါမှ မရောက်ဖူးတဲ့ ကျောင်းဖြစ်ပေမယ့် ရှစ်တန်းကျောင်းသူ ဘ၀ကတည်းက ယူလာခဲ့တဲ့ ကျောင်းအပ်တာဝန်ကို နန်းပဲ ဆက်လက်ထမ်းဆောင်ရတာလေ။
မြေညီထပ်က ကျောင်းသားရေးရာမှာ ဖောင်ဝယ်ဖြည့်၊ ပထမထပ်က ငွေစာရင်းဌာနမှာ ငွေသွင်း၊ ဒုတိယထပ်က ဂျပန်ဘာသာ ဌာနမှာ လက်မှတ်ထိုး..။ သုံးထပ်ကို လူးလာခေါက်ပြန်လုပ်ရင်း ကျောင်းအပ်ပြီးသွားတော့ “အငယ်လေးရေ ဒါက မေဂျာသင်ရမယ့် အခန်း၊ ဒါက မိုင်နာအခန်း၊ မိုင်နာကျရင် ဘာသာစုံကျောင်းသားတွေ လာတက်မှာနော်၊ ဒါကတော့ LAB ခန်း” ဆိုပြီး တစ်ခန်းချင်း စီ နေရာလိုက်ပြပေးနေတဲ့ နန်းကို တ၀မ်းပူလေး ပြောလိုက်တာက………။ “မကြီး Toilet က ဘယ်နားမှာလဲ ပြပေးခဲ့ဦး” တဲ့။ အဲလို အစ်မကို နေရာတကာ အားကိုးတတ်တဲ့ တ၀မ်းပူ။
မိန်းထဲက တိုက်အမှတ် 22 မှာ အဆောင်သာ ထားခဲ့ရတာ ကလေးကို စိတ်မချဘူး။ အိမ်မှာ ဘာမှမလုပ်ဖူးတဲ့ ကလေးဆိုတော့ လေ။ နေ့တိုင်း ဖုန်းဆက်၊ တစ်ပါတ်တစ်ခါ စားစရာပို့။ တစ်လတစ်ခါ လွှဲတဲ့ငွေတောင် ဘဏ်သွားမထုတ်တတ်လို့ ဦးလေးကနေ တဆင့် လွှဲပို့ပေးရတာလေ။ အဲ…။ ပထမနှစ်ပြီးလို့ ပြန်သွားကြိုတော့ ဖေဖေ့မိတ်ဆွေတစ်ယောက်ရဲ့ သားက ကားမောင်းပို့ပေးတာ။ အဲ့အစ်ကိုကြီးက တိုးတိုးလေး လာကပ်ပြောတယ်။ “အကြီးမ.. နင့်ညီမ ခြင်းထဲမှာ ဖဲထုပ်တွေ တွေ့တယ်” တဲ့။ စိတ်ပူပြီး မေးကြည့် တော့ အဆောင်က အစ်မကြီးတွေနဲ့ စက္ကူပိုက်ဆံကြေး ကစားတာတဲ့။ ဖဲချိုးတာများ တော်ရုံဖဲသမားတောင် သူလို လှအောင် မချိုးတတ်ဘူး။ အဲလို တ၀မ်းပူ။
နေ့လည်စာ ထမင်းသွားစားမယ်.. ဘယ်ဆိုင်ကောင်းလဲဆိုတော့.. “ ညီမလေးက ပုံစားဆိုင်ပဲ သိတာ” တဲ့။ မန်းလေးမှာက ထမင်း ပေါ်မှာ အသားနှစ်မျိုး၊ အရွက်နှစ်မျိုး ဟင်းတွေကို ပုံပေးပြီး ရှမ်းထမင်းဆိုပြီး ရောင်းကြ၊ စားကြတာလေ။ အစ်ကိုကြီးက ငါ ပုံစား တော့ မစားနိုင်ဘူး လို့ ပြောပြီး ဖရန့် လဖက်ရည်ဆိုင်ကို မောင်းတယ်။ အဲ့ဒီမှာ တ၀မ်းပူလေး မှာစားတာက ကြက်ကီးမား။ ကီးမား ကို ခက်ရင်းနဲ့ ဖြဲပြီး တစ်ဇွန်းစာ ပါးစပ်ထဲ သူထည့်လိုက်တယ်။ နန်း ကြည့်နေတယ်။ မျက်နှာက ရဲလာပြီး မျက်ရည်တွေ ၀ဲလို့။ “ အငယ်လေး ထွေးလိုက်လေ.. ပူသေးတယ်မလား” ပြောတယ်။ ဆိုင်ထဲမှာဆိုတော့ ရှက်ရှက်နဲ့ မထွေးပဲ ဒီတိုင်း ကြိတ်ခံနေတာ အာခေါင်တွေ အပူလောင်သွားတယ်။ အဲလို တ၀မ်းပူ။
သူတို့ နိုင်ငံခြားဘာသာတက္ကသိုလ်က ပွဲတော်တော်များတဲ့ ကျောင်း။ လစဉ်လတိုင်း ပွဲတစ်ခုမဟုတ် တစ်ခု ရှိနေတာလေ။ လေမှုတ် ပိန်ပေါင် ပြိုင်ပွဲ၊ ထမင်းနှဲထိုးပြိုင်ပွဲ၊ စက်ဘီးအနှေးစီးပြိုင်ပွဲ၊ မော်ဒယ်လ်ရှိုး၊ ခြင်းခတ်၊ သစ်ပင်စိုက်၊ ဘယ်တော့မှ မရိုးဘူး။ တစ်ရက် .. တ၀မ်းပူလေးက ပြောလာတယ်။ “မကြီး.. ညီမလေး လမ်းလျှောက်ပြိုင်ပွဲ ၀င်မလို့ ဖိနပ်ဝယ်ပေးပါ”တဲ့။ နန်း ညီမလေး က အားကစား စိတ်ဝင်စားသားပဲပေါ့..။ ဖိနပ်ဆိုင် သုံးနေရာလောက် ပြောင်းပြီး သူ့စိတ်ကြိုက် ဖိနပ်ကို ၀ယ်ပေးလိုက်တာပေါ့။ ပြိုင်ပွဲက ပြန်လာရင် အဆင်သင့်စားဖို့ သူကြိုက်တတ်တာလေးတွေ ၀ယ်ပြီး နန်းက စောင့်နေတာ။
ပြန်လာတော့ စူပုတ်စူပုတ်နဲ့…။ အခြေအနေ ဘယ်လိုလဲဆိုတော့ မဖြေဘူး။ ကိုရီးယားဘာသာက သူ့သူငယ်ချင်းလေးက ၀င်ဖြေ တယ်.။ နောက်ကရေရင် ဒုတိယတဲ့။ နန်းတို့ အတူတူနေတဲ့ မေကျော်အပါအ၀င် သူငယ်ချင်းတွေ အကုန်ရယ်ကြပါလေရော။ စိတ်ကောက်ပြီး အပေါ်ထပ်ကို ခြေဆောင့်တက်သွားတယ်။ သူ့သူငယ်ချင်းမလေးက ဆက်ပြောတယ်။ “ဒါတောင် နောက်ဆုံး တစ်ယောက်က ခဏထိုင်နားလိုက်လို့ သူ့နောက် ရောက်သွားတာ”တဲ့။ သူ ရှီဆူအိုကာ မှာ ကျောင်းဆက်တက်မယ်ဆိုတော့.. ဖေဖေက ပြောတယ် နိုင်ငံခြားက ကျောင်းတွေမှာ အားကစားပါ ထူးချွန်ရတယ်တဲ့ သမီးငယ် ဘာကစားတတ်လဲတဲ့။ သူက ဖြေတယ် “ဖဲ”တဲ့။ အဲလို အားကစား ထူးချွန်တဲ့ တ၀မ်းပူ။

တဝမ်းပူ နှင့် အမှတ်တရများ အပိုင်း – 2 –

June 8, 2010

တ၀မ်းပူလေးက အအိပ်မက်တဲ့ ကောင်မလေးတစ်ယောက်ပါ။ သူ တက္ကသိုလ်ဝင်တန်းမှာ နန်းက ဒုတိယနှစ်လေ။ ကလေးကို ကောင်းကောင်းမောင်းတာပေါ့။ အဲဒီတော့ ဒေါ်တိုမိုကိုလေး လူလည်မက ခဏ ခဏ ဖျားတယ်။ တစ်ချက်လောက် ဆူမိရင် မျက်ရည်ကျတယ်။ သူ ငိုပြီဆိုတာနဲ့ မေမေက “ နင့် ငါ့သမီးကို ဆူစရာမလိုဘူး သူ့သူ ကျက်နိုင်သလောက် ကျက်လိမ့်မယ်” ဆိုပြီး နန်းကိုပဲ မဲတာလေ။ နန်းကလဲ မေမေ လစ်ရင် လစ်သလို ခေါင်းခေါက်တယ် လိမ်ဆွဲတယ်။ အလကားနေရင်းတော့ ဘယ်ဟုတ်မှာလဲ သူ အိပ်ငိုက်ရင်တို့ စကားများရင်တို့ ပေါ့။ ညီမ၀မ်းကွဲလေး တစ်ယောက်ပါ ရှိတာဆိုတော့ သူတို့ စာကြည့်စားပွဲထိပ်မှာ နန်းက ထိုင်ပြီး ကိုယ့်စာကို ကြည့်တယ်။ သူတို့ အိပ်မငိုက်ရဲအောင်ပေါ့လေ။

နှစ်ယောက်စလုံး နန်း ရှိတဲ့အချိန်ဆို စာကို အသားကုန်ကျက်ကြတာ။ အသံတစ်ချက်လေးမှ မလျော့ဘူး။ နန်းကတော့ ပီတိတွေဖြာလို့ပေါ့လေ။ သိပ်မကြာပါဘူး… အိပ်ငိုက်တဲ့ ပြစ်မှုနဲ့ ကလေးကို စိတ်ဆိုးဆိုးနဲ့ အော်လိုက်တာ.. တိုမိုကိုလေးတို့ ဖျားပြန်ရော..။ အဲ့ဒီအချိန်မှာ နန်းကလဲ လေးဖက်နာရောဂါ စဖြစ်တဲ့အချိန်ဆိုတော့ ဆေးကုဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ နန်းကို ရန်ကုန်ကို ပို့လိုက်ကြတယ်လေ။ နန်းလဲ မရှိရော.. ဟိုတစ်ယောက်က ရည်းစားထား၊ တိုမိုကိုလေးလဲ စပါယ်ရှယ် အိပ်။ နန်းလဲ စိတ်ဆိုးဆိုးနဲ့ စာမေးပွဲဖြေခါနီးမှကို ပြန်လာတယ်။ အောင်စာရင်းလဲ ထွက်ရော ဟိုတစ်ယောက်က အောင်ရုံ၊ တိုမိုကိုလေးက ဂုဏ်ထူးနှစ်ခုလားပါတယ်လေ။

ကျောင်းသားတို့ထုံးစံလေ ဘယ်လောက်ပဲ ပေါ့လျော့နေခဲ့ခဲ့ အချိန်တန်ရင်ကျ အမှတ်လေးက ကောင်းချင်ကြသေးတာကိုး..။ အောင်စာရင်းမှာ ဂုဏ်ထူးနှစ်ခုတည်းပါတာလို့လဲ ပြောရော.. လူကြားထဲ သတိလစ်သွားသလို ကြောင်ကြောင်ကြီး ရပ်နေတာ။ မသိရင် စိတ်ထိခိုက်သွားတာလိုလိုပေါ့လေ။ အမှန်က အစ်မလုပ်သူက ဆူမှာသိလို့ ကြိုပြီး အကာအကွယ်ယူထားတာ။ ဒါကို သိပေမယ့်လည်း နန်း က ဘယ်ဆူရက်တော့မှာလဲ။ ပြီးလဲပြီးသွားပြီလေ..။ အဲလို Defence ကောင်းတဲ့ တ၀မ်းပူ။

စာမေးပွဲပြီးတာနဲ့ တစ်နေကုန်အိပ်ပလိုက်မယ်လို့ စာမေးပွဲဖြေနေရတဲ့ ကျောင်းသားတိုင်း ကြိမ်းဝါးတတ်ကြပါတယ်။ တကယ်တမ်းပြီးတော့ ဂိမ်းကစားချင်တာ၊ ရုပ်ရှင်ကြည့်ချင်တာ… များစွာနဲ့ မအိပ်ဖြစ်တတ်ကြဘူးလေ။ ဟင့်အင်း တိုမိုကိုလေးကတော့… ကြိမ်းဝါးထားတဲ့အတိုင်း အိပ်တာ။ စာမေးပွဲနောက်ဆုံးနေ့ ပြန်လာတာနဲ့ အိပ်တယ်။ ညစာ ထမစားဘူး။ နောက်နေ့ မနက်ကို နေမြင့်မှ ထတယ်။ မျက်နှာလေးသစ် ထမင်းလေးစားပြီး ခဏလှဲလိုက်တာ နေ့လည် တစ်နာရီကျော်တဲ့အထိ မထဘူး။ မေမေက “ဘယ်လောက်အထိ အိပ်နိုင်မလဲ ထားကြည့်ဦးမယ်” တဲ့။ ညနေ လေးနာရီထိုးတဲ့အထိပေါ့။

“သမီး ညနေဖက်ကြီး မအိပ်ရဘူး ဖျားတတ်တယ် ခဏထဦး”ဟု ပြောကာ နှိုးယူရသည်။ ထိုသို့ နေ့ခင်းဖက်ကို တစ်နေကုန်၊ တစ်နေခမ်း အိပ်ပြီးတော့.. ညဖက်ကျ တိုမိုကိုလေး ထငိုပါလေတော့သည်။ ဘာဖြစ်လို့လဲဆိုတော့ အိပ်မပျော်လို့တဲ့။ ဘယ်ပျော်မှာလဲ တစ်နေကုန်အိပ်ထားတာကိုး။ သူက ထငိုတော့ အိမ်ကလူတွေလဲ အငြိမ်မနေရ အိပ်ရေးပျက်ရော။ နောက်ဆုံး ဖေဖေက အိမ်ကလူတွေကို မှာထားရတယ် “ သမီးငယ်ကို နေ့ခင်း ပေးမအိပ်ရ” တဲ့။
အဲလို အိပ်ရေးမက်တဲ့ တ၀မ်းပူ။

အိပ်ရာကနေ နိုးလာရင်လဲ မျက်လုံးသာ ကောင်းကောင်းမဖွင့်တာ ရေခဲသေတ္တာဆီကိုကျ ခြေလှမ်းက အမှန်။ ရေဘူးကို အရှိန်နဲ့ မော့။ ပြီး ပြောလိုက်သေးတာ အိပ်ယာထဲကို ရေပိုက်လေး သွယ်ထားရရင် ကောင်းမယ်တဲ့။ ထသောက်ရတာက အိပ်ရေးပျက်တယ်လေ။ လူနံပိန်၊ ကျွဲချိုလိမ် ဆိုတာ အားသန်တာလား အစားသန်တာလား အတိအကျ မသိပေမယ့်.. တိုမိုကိုလေးအတွက်တော့ အစားက ပိုမှန်မယ်ထင်တယ်။ လူကောင်သေးသလောက် စားနိုင်တယ်။ သူ အကြိုက်ဆုံးက ငှက်ပျောသီး။ ငှက်ပျောတစ်ဖီးကို တစ်ထိုင်တည်းနဲ့ စားနိုင်တာ သူပဲ ရှိမယ်ထင်တယ်။ အဲလို အစားသန်တဲ့ တ၀မ်းပူ။

အဲလို အိပ်ရေးမက်တဲ့ တိုမိုကိုလေးတစ်ယောက် တစ်ညမှာတော့ ဧည့်ခန်းထဲမှာ တစ်ကုပ်ကုပ်နဲ့ တစ်စုံတစ်ရာကို လုပ်နေတာ တွေ့ရတယ်။ စားပွဲပေါ်မှာလဲ ဘော်ကြယ်ပွင့်လေးတွေနဲ့။ ထူးထူးဆန်းဆန်း ဖြစ်နေပေမယ့် ဘာတွေလုပ်နေတာလဲဆိုတာ နန်း မမေးလိုက်မိဘူး။ မနက်ဖက် နန်း အိပ်ယာနိုးတော့ နန်း ခေါင်းအုံးဘေးမှာ စာရွက်လေးတစ်ရွက် ရောက်နေတယ်။ ကြည့်လိုက်တော့.. ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေ ဆိုတာကို ဂျပန်လို ရေးပေးထားတဲ့ စာရွက်လေး။ ဘောပင်နဲ့ ရေးထားတာ မဟုတ်ပဲ ကြိုးမျှင်လေးတွေနဲ့ ရေးထားတာလေ။ စာရွက်နောက်ကျောဖက်ကို လှန်ကြည့်တော့ .. နန်း သဘောကျတယ်လို့ ပြောခဲ့ဖူးတဲ့ ကောင်းကင်က ကြယ်စုလေးတွေကို ပုံဖော်ပြီး ဘော်ကြယ်ပွင့်လေးတွေနဲ့ သီထားတာ။ အဲ့သီထားတဲ့ ကြိုးမျှင်က တစ်ဖက်မှာ May 4 ဆိုတဲ့ စာတမ်းလေး ဖြစ်နေစေတာလေ။

နန်း မျက်ရည်ဝဲမိတဲ့အထိ.. ကြည်နူးသွားတာ။ နန်း မွေးနေ့ကို နန်းကိုယ်တိုင် မေ့နေပေမယ့်.. ဆယ့်နှစ်နာရီကျော်တဲ့အထိ မအိပ်ပဲ စိတ်ကူးကောင်းကောင်းလေးနဲ့ Hand Made လုပ်ပေးထားတဲ့ တ၀မ်းပူလေး။ အဲလို ချစ်စရာကောင်းတဲ့ တ၀မ်းပူ။

တဝမ်းပူ နှင့် အမှတ်တရများ အပိုင်း – 1 –

June 7, 2010
တ၀မ်းပူဆိုတာ နန်း ရဲ့ တစ်ဦးတည်းသော ညီမလေးရယ်လို့ တော်တော်များများ သိထားကြမယ် ထင်ပါတယ်။ နန်းထက် သုံးနှစ်လောက် ငယ်ပေမယ့် နန်းထက် သုံးဆလောက် လည်တဲ့ ကလေးမလေးပါ။ သူရဲ့ နစ်နိမ်းက တိုမိုကိုလေး ဖြစ်တဲ့အတွက် နန်းက သူ့ကို တ၀မ်းပူ လို့ အမည်ဝှက်လေး ပေးဖြစ်ခဲ့တာ။

တ၀မ်းပူက နန်းနဲ့တော့ ပုံစံမတူဘူး။ နန်းက သူငယ်ချင်းအပေါင်းအသင်း ပေါတယ်။ စကားပြောတယ်။ ဟိုနေရာ စပ်စပ် ဒီနေရာ စပ်စပ်နဲ့။ တ၀မ်းပူမှာ ရှိတဲ့ သူငယ်ချင်းဆိုတာ လက်ချိုးရေလို့ ရတဲ့အထိ နည်းပါးတယ်။ ပြီး အစ်မရဲ့ သူငယ်ချင်းတွေကို လိုက်ကပ်ပေါင်းတယ်။ စကားလည်း နည်းတယ်။ ဒါပေမယ့် တစ်ခွန်းဆို တစ်ခွန်း ထိမိအောင်တော့ ပိဿာလေး ဘေးပစ်သလို ပြောတတ်တယ်။ အနေအေးတယ်လို့ ဆိုကြပါစို့။ သူ့အကြောင်း အမှတ်တရတွေကို စာရေးမယ်ဆိုပြီး စိတ်ကူးရလာတာနဲ့ ဒီပို့စ်လေးကို ဖန်တီးခဲ့တာပါ။

တစ်ရက် .. နန်း တို့ ညီအစ်မနှစ်ယောက် တီဗီရှေ့မှာ ကာတွန်းကားထိုင်ကြည့်နေကြတဲ့ အချိန်မှာ မေမေက ရှေ့ကနေ ဖြတ်သွားရင်း စကားတစ်ခွန်း ပြောသွားတယ်။ “ဘယ်သူ့ ဘယ်သူမှ မပြောလောက်” တဲ့။ မေမေ့နောက်ကျောကို ငေးပြီး မေ ဘာပြောသွားတာလဲ မသိဘူး ဆိုတဲ့ အတွေး ခဏ၀င်လာပြီး နန်း တီဗီပဲ ဆက်ကြည့်နေတာပေါ့။ ဒါပေမယ့် တ၀မ်းပူက ရုတ်ချည်းဆို ထသွားတယ်။ နန်းကတော့ တီဗီကြည့်မပျက်ဘူးလေ။ ခဏနေတော့ တ၀မ်းပူရယ်လေ မုန့်ထုပ်ကြီး လက်ကဆွဲလို့ ပြန်ထွက်လာတယ်။ ဘာတွေလဲလို့ နန်းက မေးတော့.. “ဘယ်သူ့ ဘယ်သူမှ မပြောလောက် ဓနုဖြူက ငှက်ပျောခြောက်” တဲ့။ မေမေ ပြောသွားတာကို စဉ်းစားပြီး လိုက်ရှာတာလေ။ အဲ့လို တ၀မ်းပူ။

“မမကြီး.. 2 နဲ့ 2 ပေါင်း ဘယ်လောက်လဲ”
”4 ပေါ့ဟ လွယ်လွယ်လေး”
“မှားတယ်… ပေါင်မုန့်လေးလုံး”
အဲဒါက ပေါင်မုန့်စားချင်တဲ့ အချိန်မှာ နန်းကို မေးတတ်တဲ့ တ၀မ်းပူရဲ့ ပဟေဠိ။ အာလူးကြော်စားချင်တဲ့ အချိန်ဆိုရင်တော့ “မှားတယ် အာလူးကြော် လေးထုပ်”။ ဖျော်ရည် သောက်ချင်တဲ့ အချိန်ဆို “မှားတယ် ဖျော်ရည် လေးဗူး”။ ငှက်ပျောသီးစားချင်တဲ့ အချိန်ဆို “မှားတယ် ငှက်ပျောသီး လေးလုံး”။ အဲလို လူလည်ကျတတ်တဲ့ တ၀မ်းပူ။

မန်းလေးမှာ ကျောင်းတက်စဉ်ကပေါ့.. နန်း နဲ့ သူ ဈေးထဲမှာ ရှမ်းခေါက်ဆွဲ စားနေတုန်း ဆိုင်ထဲကို ကောင်လေးတွေ နှစ်ယောက်ဝင်လာကြတယ်။ ဆိုင်ရဲ့ ပုံစံက ခေါက်ဆွဲပြင်တဲ့ စားပွဲကို ထိုင်ခုံတွေ ၀ိုင်းပတ်ထားတာမျိုးလေ။ အဲ့ကောင်လေးတွေ ထိုင်တဲ့နေရာက နန်းတို့နဲ့ဆို တိုင်တစ်လုံးပဲ ခြားတာ။ ကောင်လေးတွေ ၀င်လာကတည်းက တ၀မ်းပူ က နန်းကို ကာပြီး ကွယ်ကွယ်လေး နေနေတာ။ ကောင်လေးတွေကလဲ ကြည့်ကြည့် ကြည့်ကြည့်နဲ့ပေါ့။ နန်းကလဲ ဘာကောင်တွေလဲ ဆိုတဲ့ အထာနဲ့ မျက်စောင်းထိုးနေတာ။ တ၀မ်းပူကလဲ နန်းနောက်ကိုပဲ မရရအောင် ကာထားတာ။ အဲ… ကောင်လေးတွေ ထပြန်သွားတော့မှ.. “မကြီး အဲဒါ ငါတို့ အတန်းထဲက အီးစီ ” တဲ့။ စကားပြောရမှာ၊ နှုတ်ဆက်ရမှာ ကြောက်လို့လေ..။ ထို့သို့ တ၀မ်းပူ။

အမှတ်တရတွေ များလွန်းလို့ အပိုင်း ခွဲထားခြင်း ဖြစ်ပါသည်။