တိတ်ဆိတ်တယ်လို့ မဆိုသာသော်လည်း ဆူညံသံများနဲ့ ကင်းဝေးတဲ့ ဒီနေရာလေးကို ကျွန်မ တစ်ယောက်တည်း ရောက်ခဲ့ပြန်ပြီကောကွယ်…..။
နှင်းတို့ရဲ့ အငွေ့အသက်နဲ့ အေးစက်နေတဲ့ ကျောက်သားလှေကားထစ်များကို တစ်ထစ်ချင်း လှမ်းတက်ရင်းနဲ့ပဲ ကျောက်တောင်ဘုရားပေါ်ကို ကျွန်မ ရောက်လာခဲ့ပြီ။ ပင့်သက်တစ်ချက်ကို ရှိုက်ထုတ်လိုက်ရင်း အမောဖြေကာ ဘုရားဝတ်ပြုဖို့ နေရာကို မျက်လုံးဝေ့ပြီး ရှာကြည့်လိုက်သည်။ အဟက်.. ရုတ်တရက် စိတ်ထဲက ရယ်ချင်ပက်ကျိ ဖြစ်ကာ အသံထွက်ရယ်လိုက်မိသည်။ ကျွန်မဆိုတာက ဘယ်အရပ်၊ ဘယ်ထောင့်ဆိုတာတွေ အစွဲရှိသူမှ မဟုတ်ပဲလေ။ ဘယ်နေရာက ဝတ်ပြုပြု ယုံကြည်သဒ္ဓါစိတ်ကသာ အဓိကလို့ လူအမြင်ကပ်အောင် ကြွေးကြော်ခဲ့သူပေပဲ.. ဘယ်နှယ့်ကြောင့် နေရာရွေးနေရတာလဲ နန်းနုရယ်။
အင်း.. အရင်တစ်ခေါက်က နေရာရွေးကာ ထိုင်ခဲ့စေသူကို သတိရနေတာပဲ မလား…….။ အတွေးထဲက အမေးနဲ့အတူ မဆိုစလောက်လေး တိုက်ခတ်သွား သော လေနုအေးက အရိုးထဲထိပါ စိမ့်သက်သွားစေသည်။ လက်နှစ်ဖက်ကို အသာထွေးပိုက်ရင်း အနွေးထည်မပါသော အဖြစ်ကို ကျွန်မ သတိထားမိလိုက် သည်။
“ဒီလောက်အေးနေတာကွာ အနွေးထည်က မယူလာဘူး
လာ ဒီဖက်တိုး…. ကိုယ်နွေးအောင် လုပ်ပေးမယ်”
ဆိုတဲ့ စကားနဲ့အတူ အနားတိုးကပ်ကာ ရင်ခွင်ထဲ ထွေးပွေ့ထားမည့်သူလဲ မရှိတော့ပြီပဲ။
လေထုထဲက အမှိုက်တစ်စများ မျက်လုံးထဲ ဝင်သွားရော့လားမသိ ကျွန်မ မျက်လုံးတွေ ကျိန်းစပ်လာသည်။ လျှပ်တပြက် အတွေးတွေနဲ့ ရောက်နေတဲ့ နေရာမှာ တွေတွေကြီး ရပ်နေမိရာကနေ ဘုရားရင်ပြင်ဆီကို ကျွန်မ လျှောက်လာလိုက်သည်။ ပြီး အမေ့ရှေ့ရောက်နေတဲ့ အပြစ်ရှိ ကလေးငယ်လို ကျုံ့ကျုံ့လေး ထိုင်ကာ နဖူးပေါ်လက်စုံတင်ကာ ကျွန်မ စိတ်လိုလက်ရ ဘုရားဝတ်ပြုလိုက်သည်။ ဝတ်ပြုအပြီး ပုံမှန်အတိုင်း ဆုတောင်း၊ အမျှဝေလိုက်သည်။ ရွတ်နေကျ စာသားတွေ ဖြစ်နေတဲ့အတွက် နှုတ်က သူ့အတိုင်းသား ထွက်ကျလာတဲ့ ဆုတောင်းတွေပေါ့လေ။
“ဖေဖေနဲ့ မေမေ ကျန်းမာပါစေ၊ ချမ်းသာပါစေ
ညီမလေးလဲ ကျန်းမာစွာနဲ့ လိုအင်ဆန္ဒပြည့်ဝပါစေ
သူငယ်ချင်းများအားလုံး ဘေးမသီရန်မခနဲ့ ကျန်းမာကြပါစေ.
ချစ်သူ “မောင်” လဲပဲ ကျန်းမာ…”
တုံ့ခနဲ ဖြစ်သွားတဲ့ ဆုတောင်းအတွက် ကျွန်မ စိတ်လက်မသက်သာစွာနဲ့ပဲ မျက်ခုံးတွန့်လိုက်မိပါရဲ့။ သြော်.. ချစ်သူတွေမှ မဟုတ်တော့ပဲလေ……။ သူငယ်ချင်း များထဲမှာပဲ ထည့်လိုက်တာပေါ့ အင်း……..။
“ယနေ့ပြုသမျှ ကောင်းမှုကုသိုလ်အမျှ အားလုံး အမျှ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်…”
အဆုံးသပ် သာဓုခေါ်ပြီးတာနဲ့ ကျွန်မ ထရပ်လိုက်တယ်။ မိုက်ခနဲ ဖြစ်သွားလို့ လက်တစ်ဖက်ထောက်ပြီး ပြန်ထိုင်လိုက်တဲ့ အချိန်မှာတော့ အမှိုက်ဝင်ထားတဲ့ မျက်လံုးကနေ မျက်ရည်တစ်စက် ကျလာတယ်….။ သြော်.. ခုချိန်မှာတော့ အမှိုက်လေးတစ်စကလဲ မျက်ရည်လမ်းကြောင်း တစ်ခုပဲပေါ့…။ ကြမ်းခင်းရဲ့ အေးစက်တဲ့ အတွေ့ကြောင့် ကျွန်မ ကြာကြာ ထိုင်မနေသင့်ဘူးဆိုတာ သိနေတယ်။ ကြိုးစားပြီး ကျွန်မ … ရင်ပြင်ဝရံတာဆီကို လျှောက်လာလိုက်တယ်။
ဟိုးအဝေးမှာ ကြယ်ပွင့်လေးတွေ လက်နေလိုက်တာ……….။ ကျွန်မကို စွန့်ခွာသွားခဲ့ပြီဖြစ်သော မောင်တစ်ယောက်ရော.. သူနေထိုင်ရာ ဘဝဝန်းကျင်မှာ လင်းလက်နေပါရဲ့လား။ ဖြစ်နိုင်မယ်ဆိုရင်ဖြင့် ကျွန်မရဲ့ စိတ်နဲ့ခန္ဓာ မှာ လောင်ကျွမ်းနေသော အလွမ်းများဖြင့် သူ့ဘဝလေး …………………………
လင်းလက်နေစေချင်ပါသည်။
လင်း လက် နေ စေ ချင် ပါ သည်။
လ င်း လ က် ေ န ေ စ ခ် င် ပါ သ ည်။
လ င်း လ က် ေ န ေ စ ခ ် င် ပါ သ ည် ။
လ င်း လ က် ေ န ေ စ ခ ် င် ပါ သ ည်။