# လက်ထပ်မယ်ဆို ၊ ရက်မြတ်ဘယ်လို . .

.

မနေ့က ကွန့်မန့်ထဲမှာ စာဖတ်သူတစ်ယောက်က “အခုအချိန်ဟာ သီတင်းကျွတ်ပြီမို့ မင်္ဂလာဆောင်သင့်တဲ့ ရက်ကောင်းရက်မြတ်နဲ့ ပတ်သက်ပြီး ရှောင်ရန်/ဆောင်ရန်” လေးတွေ ရေးပေးပါဆိုလို့ ဒီပို့စ်လေးကို တင်ပေးလိုက်ပါတယ်။

ဟုတ်ပါ့ဗျား။ နှစ်စဉ်နှစ်တိုင်း ၀ါလကင်းလွတ် သီတင်းကျွတ်ပြီ ဆိုတာနဲ့ – လာလိုက်တဲ့ မင်္ဂလာ ဖိတ်စာတွေ၊ များလိုက်တဲ့ မင်္ဂလာဆောင်တွေ (၀ါတွင်း (၃)လုံး “အောင့်ထား” ရသလား မှတ်ရတယ် )။ ပလူကို ပျံလို့။

တခြားလတွေကော မင်္ဂလာဆောင်လို့ မရတော့တာ ကျနေတာဘဲ။ “ကျွတ်” ဆိုတဲ့ စကားလုံးပါလို့ “လူပျို၊ အပျို” ဘ၀တွေကနေ ကျွတ်ကြ၊ လွတ်ကြအောင် “နိမိတ်ယူ” ကြတာနဲ့ တူပါတယ်။

အောင်မယ် – သီတင်းကျွတ်ရင် ပြီးတာဘဲ ဆိုပြီး ဆောင်ချင်တဲ့ရက် ဆောင်ကြတယ်လို့တော့ မအောက်မေ့လေနဲ့နော်။ ရက်ကောင်း ရက်မြတ်ကလေးတော့ ရွေးပြီး ဆောင်ကြတာဘဲဗျ။ ဗေဒင်ဆရာ ရွေးပေးတဲ့ ရက်ဖြစ်ဖြစ် ၊ ကိုယ်ကိုးကွယ်တဲ့ ဆရာတော် ရွေးပေးတဲ့ ရက်ဖြစ်ဖြစ်ပေါ့။ ဒီလိုတော့ လုပ်ကြပါတယ်။ “ဆရာတို့ ၊ ဘုန်းဘုန်းတို့ ကောင်းတယ်ဆိုရင် ပြီးတာပါဘဲ” ဆိုတဲ့လူ များပါတယ်။ (တကယ် ကောင်းမကောင်းတော့ ဘယ်သူမှ သေသေချာချာ မသိကြပါဘူး)

.

ရက်ကောင်းရက်မြတ် ရွေးတာနဲ့ ပတ်သက်လာရင် လူတိုင်းလိုလို “သိ” နေကြတဲ့ ရက်ရွေးနည်းကတော့ “ရက်ရာဇာ၊ ပြဿဒါး” ပါဘဲ။ ရက်ရာဇာ ဆိုရင် ကောင်းတယ်။ ပြဿဒါးဆိုရင် မကောင်းဘူးဆိုတာ “ဗုဒ္ဓဘာသာမြန်မာလူမျိုးမှန်ရန်” အသည်းထဲထိအောင် စွဲနေကြ ပါပြီ။ ဒါပေမယ့် စောစောက ပြောခဲ့သလိုဘဲ တကယ်ကောင်းမကောင်းတော့ ဘယ်သူမှလည်း သေသေချာချာ မသိကြပါဘူး။

“ရက်ရာဇာ၊ ပြဿဒါး” နဲ့ ပတ်သက်ပြီး ကျွန်တော့်ရင်ထဲမှာ စွဲနေတဲ့ ပုံပြင်လေး တစ်ပုဒ်တစ်ခုရှိပါတယ်။ ဟိုးရှေးရှေးတုန်းကပေါ့။ ကုန်သည်တစ်ယောက်ဟာ ကုန်ရောင်းကုန်ဝယ်ထွက်ဖို့ ရက်ရွေးရာမှာ “ရက်ရာဇာ” ရက်တွေကိုချည်း ရွေးပြီး ထွက်တယ်တဲ့။ ပြဿဒါးရက် ဆိုရင် အသေအလဲရှောင်တယ်တဲ့။ ဒါနဲ့ တစ်နေ့တော့ လမ်းခရီးမှာ “ဓါးပြ” အတိုက်ခံရပါလေရော“ဓါးပြ”တွေက ပစ္စည်းတွေကို ယူငင်သိမ်းဆည်းနေတုန်းမှာ ဒီကုန်သည်ကြီးက ညည်းတွားသတဲ့။ “အင်း – ရက်ရာဇာဆိုပြီး ခရီးထွက်လိုက်တာ ဓါးပြ တိုက်ခံရပါပေါ့လား” ဆိုပြီး ညည်းတွားမိသတဲ့။

အဲဒီမှာ အနားမှာ ရှိတဲ့ “ဓါးပြ” တစ်ယောက်က ကြားတော့ “ဟက်ဟက်ပက်ပက်” ရယ်မောပြီး၊ “ဟေ့လူ ၊ ခင်ဗျားမှ ရက်ရာဇာ ရွေးတာ မဟုတ်ဘူး၊ ကျုပ်တို့ ဓါးပြတွေကလည်း ဓါးပြတိုက်ရာမှာ အဆင်ပြေအောင် ရက်ရာဇာကို ရွေးပြီးမှ တိုက်တာဗျ။ ပြဿဒါးနေ့ဆိုရင် ပြဿနာ တက်မှာစိုးလို့ ရှောင်တယ်ဗျို့” ဆိုပြီး ပြန်ပြောလိုက်သတဲ့။

ဒီစကားကို ကြားတော့ “ကုန်သည်ကြီး” ရဲ့ အသိဉာဏ်မှာ အလင်းတစ်ချက် ဖြာသွားပါတယ်။ “အင်း သူတို့ကလည်း ရက်ရာဇာကို ရွေးပြီး ဓားပြတိုက်တယ်၊ ငါတို့ကလည်း ရက်ရာဇာကို ရွေးပြီး ခရီးထွက်တယ် – ဒါဆိုရင် . . . ? ? ?  ” ။ ကုန်သည်ကြီး အဖြေတစ်ခု ရသွားပါတယ်။

အဲဒီနေ့ကနေ စ,ပြီး ကုန်ရောင်းကုန်ဝယ်ထွက်တိုင်း “ပြဿဒါးနေ့” ကို ရွေးပြီး ခရီးထွက်ပါတော့တယ်။ လမ်းခရီးမှာ “ရက်ရာဇာ” ကျတဲ့နေ့ဆိုရင် ရွာတစ်ရွာမှာ ၀င်ပြီး ခိုနားနေပါတယ်။ ပြဿဒါးနေ့ကျမှ ပြန်ပြီး ခရီးထွက်ပါတယ်။ ကျန်တဲ့လူတွေကတော့ အထူးအဆန်းပေါ့လေ။ ဒါပေမယ့် ဒီကုန်သည်ကြီးဟာ သူ့တစ်သက်မှာ နောက်ထပ် “ဓါးပြ” အတိုက်မခံရတော့ပါဘူးတဲ့။

ဒီပုံပြင်လေးက ရလိုက်တဲ့ သင်္ခန်းစာကတော့ ကျွန်တော်လည်း “ရက်ရာဇာ၊ ပြဿဒါး” အစွဲကျွတ် သွားတော့တာပါဘဲဗျာ။ ကျွန်တော် အစွဲကျွတ်သွားတာတော့ ထားပါလေ။ ခက်တာက ကျွန်တော့ ဗေဒင်ပရိတ်သတ်တွေကတော့ လွယ်လွယ်ကူကူနဲ့ အစွဲမကျွတ်ကြဘူးဗျ။

ကျွန်တော်က ပြောတယ်လေ –  “မင်္ဂလာ ဆောင်တာဘဲဗျာ၊ ဆောင်ချင်တဲ့ရက် ဆောင်လိုက်ပေါ့ ၊ သူ့ကံနဲ့သူ လာကြပြီးသားပါ။  အိမ်ထောင်ရေးကံ ညံ့မယ်သူက ညံ့ကို ညံ့မှာဘဲ။ ကောင်းမယ့်လူကလည်း ကောင်းကို ကောင်းမှာပါဘဲ။ ရက်ကောင်းလေး ရွေးလိုက်ရုံနဲ့ အကောင်း ဖြစ်မလာပါဘူးဗျာ” လို့ ကျွန်တော်ကပြောတော့ “ဂွစကား” ပြောတယ် ဖြစ်ကုန်ရော။ ဒီတော့ သူတို့ စိတ်ချမ်းသာအောင် “မင်္ဂလာ ရက်ကောင်းရက်မြတ်” ဆိုတဲ့ ကိစ္စကို မရွေးချင်ဘဲနဲ့ ရွေးပေးနေရတော့ တာပါဘဲဗျာ။

ဘယ်လိုဘဲဖြစ်ဖြစ် အကောင်းဆုံးလေးတော့ ဖြစ်သွားအောင်လို့ “မင်္ဂလာ ရက်ကောင်းရက်မြတ်” ရွေးကို ရွေးချင်ပါတယ် ဆိုရင်ကော ဘယ်နည်းစနစ်ကို သုံးမှာလဲ ဆိုတဲ့ ပြဿနာက ပေါ်လာပြန်ရော။

တကယ်တော့ လက်ရိုး “နက္ခတ်ဗေဒင်ပညာ” မှာဘဲ ကြည့်ကြည့်။ မြန်မာ့ရိုးရာ လက်ဆန်းဗေဒင်ပညာ မှာဘဲ ကြည့်ကြည့်။ ရက်ကောင်းရက်မြတ် ရွေးနည်းတွေ ရှိပါ့ဗျား။ သူ့ဟာနဲ့ သူတော့ ကောင်းနေကြတာဘဲလေ။ ဘယ်နည်းစနစ်ကို သုံးမလဲ။

ဆရာရေ – အကောင်းဆုံးဖြစ်သွားအောင် လက်ရိုး လက်ဆန်း အကုန်လုံး ညီညွတ်အောင်  ရွေးပေးပါလားဗျာ လို့များ ပြောချင်သေးလား။ ဒါဆိုရင်တော့ ခင်ဗျားရဲ့ မင်္ဂလာကိစ္စ ဘယ်တော့မှ ဖြစ်မလာတော့ဘူးလို့ ဆိုရပါလိမ့်မယ်

ဟုတ်တယ်လေ။ လက်ရိုး နက္ခတ်ဗေဒင်နည်းနဲ့ ရွေးချယ်လိုက်ရင် “လက်ဆန်း” ဗေဒင်နည်းနဲ့ မလွတ်။ လက်ဆန်းဗေဒင်နည်းက ကောင်းတယ်ဆိုပြန်တော့လည်း လက်ရိုးက မကိုက်ပြန်။ တစ်ခါ “ဂဏန်းဗေဒင်နည်း” နည်းကလည်း ရှိသေး။ ဆရာရေ – အကုန်လုံးကိုက်အောင် ကြိုးစားရွေးပေးပါဆိုရင်တော့ “ဆရာ တစ်ခေါင်းလုံး ဖြူသွားမယ်သာမှတ်”။ ရက်ကောင်းကတော့ မထွက်ရေးချ မထွက်ပါခင်ဗျား။

ကိုင်းဗျာ။ ဒီလို “ဂွတီး ဂွကျတွေ” လျှောက်ပြောနေလို့လည်း မပြီးသေးပါဘူး။ စာဖတ်ပရိတ်သတ်ရဲ့ တောင်းဆိုချက်ကလေးလည်း ပြည့်သွားအောင် နဲနဲတော့ ရေးရဦးတော့မှာပေါ့ဗျာ။

ဒီတော့ နည်းစနစ်တွေ အမျိုးမျိုး အဖုံဖုံ ရှိကြတဲ့အထဲက မြန်မာလူမျိုးတို့ရဲ့ မြန်မာ့ရိုးရာနည်းစနစ် ကလေးတွေကိုဘဲ လေ့လာ ကြည့်ကြရအောင်။

ကန်ဦးမူ “သဗ္ဗမင်္ဂလာ အခါပေးကျမ်း” ထဲမှာတော့ “အကြင်သတို့သမီး၏ အသက်ပိုင်း “စုံဂဏန်းကျသော” နှစ်များတွင် မင်္ဂလာ မပြုအပ် လို့ ဆိုပါတယ်။ မိန်းကလေးဖြစ်သူရဲ့ အသက်ဟာ ၁၈, ၂၀, ၂၂, ၂၄ . .  စသည်ဖြင့် စုံဂဏန်းကျနေရင် မဆောင်ကောင်းဘူး။ မင်္ဂလာ မပြုအပ်ဘူး လို့ဆိုထားပါတယ်။(ယေဘူယျ ဆန်လွန်းပါတယ် . . . ကျွန်တော်တော့ သိပ်မကြိုက်လှပါ)

လ, အနေနဲ့ ပြောရရင်  “မဆောင်(၆)လ ၊ ဆောင် (၆)လ” တဲ့ဗျား။ တန်ခူးလ ၊ ၀ါဆိုလ၊ ၀ါခေါင်လ ၊ တော်သလင်းလ ၊ နတ်တော်လ ၊ တပေါင်းလ ဆိုတဲ့ (၆)လမှာ မင်္ဂလာ မဆောင်နှင်း အပ်ပါဘူးတဲ့။ ကဆုန်လ၊ နယုန်လ၊ သီတင်းကျွတ်လ ၊ တန်ဆောင်မုန်းလ ၊ ပြာသိုလ၊ တပို့တွဲလ ဆိုတဲ့ (၆)လ မှာတော့ မင်္ဂလာ ပြုကောင်းပါတယ်တဲ့။

နေ့အနေနဲ့ ပြောရင် “တနင်္ဂနွေ ၊ အင်္ဂါ ၊ စနေ” တည်းဟူသော ပါပနေ့များ၌ မင်္ဂလာ မဆောင်ကောင်း၊ “တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့” များတွင်သာ ဆောင်နှင်းရမည် ဟုဆိုပြန်ပါတယ်။ (ဒါကတော့ ပါပ၊  သောမ ဆိုတဲ့ ယေဘူယျ အယူ အဆဖြစ်ပါတယ်။ ပိုပြီး သင့်မြတ်ကောင်းမွန်တာက “မဟာဘုတ်အကြွင်းအရ ပုတိ၊ ဘင်္ဂ၊ မရဏ ကျနေသော နေ့များကို မင်္ဂလာ မပြု အပ်ဆိုရင် ပိုပြီး သင့်မြတ်မယ်ထင်ပါတယ်။

ယခုနှစ်(၁၃၇၂)အတွက် တနင်္ဂနွေ၊ စနေ ၊ အင်္ဂါနေ့ (၃)နေ့ ကိုက်ပေမယ့် နောက်နှစ် (၁၃၇၃)အတွက်ဆိုရင် တနင်္ဂနွေ၊ တနင်္လာ ၊ ဗုဒ္ဓဟူး နေ့များဟာ မသင့်မြတ်တဲ့နေ့တွေ ဖြစ်သွားပါမယ်)။ တစ်နှစ်ကို တစ်ခါ ပြောင်းလဲ နေမှာ ဖြစ်ပါတယ်။

ရက်ရာဇာ ၊ ပြဿဒါးကို အစွဲဖြစ်နေကြလို့ မငြင်းလိုပေမယ့် ဒီနေ့တွေထက် အရေးကြီးတာက “၀ါရမိတ္တူ(ရက်ကြီး)” က ပိုပြီး ရှောင်သင့် ပါတယ်။ ၀ါရမိတ္တု(ကြီး)တွက်ရတာ လွယ်ပါတယ်။ ပုံသေပါဘဲ။ လ,တိုင်း လ,တိုင်းအတွက် –

လဆန်း (သို့) လဆုတ် (၁)ရက်နေ့ဟာ တနင်္ဂနွေနေ့ဖြစ်နေမယ်ဆိုရင် –

လဆန်း (သို့) လဆုတ် (၄)ရက်နေ့ဟာ တနင်္လာနေ့ဖြစ်နေမယ်ဆိုရင် –

လဆန်း (သို့) လဆုတ် (၈)ရက်နေ့ဟာ အင်္ဂါနေ့ဖြစ်နေမယ်ဆိုရင် –

လဆန်း (သို့) လဆုတ် (၉)ရက်နေ့ဟာ ဗုဒ္ဓဟူးနေ့ဖြစ်နေမယ်ဆိုရင် –

လဆန်း (သို့) လဆုတ် (၆)ရက်နေ့ဟာ ကြာသပတေးနေ့ဖြစ်နေမယ်ဆိုရင် –

လဆန်း (သို့) လဆုတ် (၃)ရက်နေ့ဟာ သောကြာနေ့ဖြစ်နေမယ်ဆိုရင် –

လဆန်း (သို့) လဆုတ် (၇)ရက်နေ့ဟာ စနေနေ့ဖြစ်နေမယ်ဆိုရင် – အဲဒီနေ့များဟာ ၀ါရမိတ္တုကြီး ကျတဲ့ ရက်များ ဖြစ်ပါတယ်။

ခင်ဗျားအနေနဲ့ ရက်ရာဇာ ၊ ပြဿဒါးကို အလေးထားသူဖြစ်ရင် – “၀ါရမိတ္တုကြီး” ဆိုတဲ့ ရက်ကို ပိုပြီး အလေးထားသင့်ပါတယ်။ ဒီရက်တွေက ပိုပြီး အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ မင်္ဂလာ မဆောင်သင့်တဲ့ ရက်ပေါ့နော်။

ဝါရမိတ္တု(ငယ်) ဆိုတာလည်း ရှိပါတယ်။ အကြမ်းအားဖြင့် နေ့နဲ့ ရက်ပေါင်း (၁၃)ဂဏန်း ကျရင် ၀ါရမိတ္တု(ငယ်) ရက် ဖြစ်ပါတယ်။ ဥပမာ- လဆန်း (သို့) လဆုတ်ရက် (၁၂)ရက်နေ့ဟာ တနင်္ဂနွေနေ့ ဖြစ်နေရင် (၁၂+၁=၁၃)ဖြစ်လို့ ၀ါရမိတ္တုငယ်ရက် ဖြစ်ပါတယ်။

ထိုနည်းတူ – လဆန်း (သို့) လဆုတ်ရက် (၁၁)ရက်နေ့ဟာ တနင်္လာနေ့ ဖြစ်နေရင် (၁၁+၂=၁၃)

လဆန်း (သို့) လဆုတ်ရက် (၁၀)ရက်နေ့ဟာ အင်္ဂါနေ့ ဖြစ်နေရင် (၁၀+၃=၁၃)

လဆန်း (သို့) လဆုတ်ရက် (၉)ရက်နေ့ဟာ ဗုဒ္ဓဟူးနေ့ ဖြစ်နေရင် (၉+၄=၁၃)

လဆန်း(သို့) လဆုတ်ရက် (၈)ရက်နေ့ဟာ ကြာသပတေးနေ့ ဖြစ်နေရင် (၈+၅=၁၃)

လဆန်း(သို့) လဆုတ်ရက် (၇)ရက်နေ့ဟာ သောကြာနေ့ ဖြစ်နေရင် (၇+၆=၁၃) . . .  ၀ါရမိတ္တု(ငယ်) နေ့များဖြစ်ကြပါတယ်။

ဝါရမိတ္တု(ငယ်)နေ့ဟာလည်း မင်္ဂလာအခါပြုဖို့အတွက် ရှောင်သင့်တဲ့ နေ့ရက်ထဲမှာ ပါနေပါတယ်။ ပြဿဒါး ၊ ရက်ရာဇာကို အထူးရှောင်တတ်သူဖြစ်ရင် ၀ါရမိတ္တု (ကြီး,ငယ်) ရက်များက ပိုပြီး ရှောင်သင့်ပါတယ်။ ၀ါရမိတ္တုရက်တွေရဲ့ ဆိုးအားနဲ့ ယှဉ်လိုက်ရင် ပြဿဒါး ရက်ရာဇာဆိုတာ ဘာမှ မဟုတ်တော့ပါဘူး။

နောက်တစ်ခါ  မဟာရက်ကြမ်း တို့ ၊ ရက်ယုတ်မာ ၊ ရှမ်းရက် ၊ သမားဖြူရက် ၊ သမားညိုရက် ၊ ရက်ပုပ် ဆိုတာတွေ လည်း ရှိသေးတယ်ဗျာ။ အကုန်လုံးသာ ရှောင်ရရင်တော့ “တောင်ပြေး ၊ မြောက်ပြေး ရွာဆော်ကြီးခွေး” ဆိုတာလို တောင်ပြေးပြီး ဟိုဟာရွေးရမလိုလို၊  မြောက်ပြေးပြီး ဒီဟာရွေးရတော့ မလိုလို ဖြစ်တော့မှာမို့ မဖော်ပြလိုတော့ပါ။

နောက်ဆုံးတစ်ခုကတော့ “ကျွန်တော့ ဆောင်းပါးတွေမှာ မကြာခဏ ဖော်ပြနေတဲ့ “အင်္ဂါ၊ ဗုဒ္ဓဟူး ၊ စနေ” သက္ခတ်များဘဲ ဖြစ်ပါတယ်။ အကြင် မင်္ဂလာဆောင်နှင်းမည့် သတို့သား၊ သတို့သမီးရဲ့ အသက်ပိုင်းတွေဟာ “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ နှင့် ရာဟု” သက္ခတ်များအတွင်း ကျရောက်နေလျှင် မင်္ဂလာ မပြုသင့်ပါ။ ကျန် “ကြာသပတေး၊ သောကြာ၊ တနင်္ဂနွေ ၊ တနင်္လာ” သက္ခတ်များမှာတော့ မင်္ဂလာ ပြုရင် သင့်လျှော်တယ်လို့ ဆိုရပါမယ်။ (မင်္ဂလာရက်လည်း ရွေးပြီးပြီ၊ ဒါပေမယ့် အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ၊ ရာဟု” သက္ခတ်များထဲ ရောက်နေကြတဲ့ သူများအတွက်တော့ ဘာမှ လုပ်မရတော့လို့ “ကံတရားအတိုင်း ဖြစ်လာတာ” လို့သာ မှတ်ယူလိုက်ကြပါ။ ဖြစ်သမျှ အကြောင်း အကောင်းဘဲပေါ့)

ဒါကြောင့် ဒီဆောင်းပါးလေးရဲ့ အချုပ်ကတော့ – လက်ထပ်ဖို့ ရက်မြတ်မင်္ဂလာ ရွေးချယ်ခြင်း ဟူသည်မှာ “မြန်မာ့ရိုးရာ အစဉ်အလာ တစ်ခု” အနေဖြင့် သင် ရွေးချယ်လိုက ရွေးချယ်နိုင်ပါသည်။ သို့သော် ထိုရက်ကလေး တစ်ခုတည်း ရွေးခြင်းမျှလောက်ဖြင့် အိမ်ထောင်တစ်ခု၏ ကောင်းကျိုး၊ ဆိုးကျိုးကိုမူ ဖန်တီးနိုင်စွမ်း ရှိမည်မဟုတ်ကြောင်းပါခင်ဗျား။ ရိုးရာအစဉ်အလာတစ်ခု အနေဖြင့် လောက်သာ သဘောထားသင့်ကြောင်း/ရွေးချယ်သင့်ကြောင်းပါခင်ဗျား။

.

မင်္ဂလာမောင်မယ် အားလုံးအတွက်  သက်ဆုံးတိုင် ပေါင်းဖော်ကြရမည့် မင်္ဂလာလက်ထပ်ပွဲ တစ်ခု ဖြစ်ပါစေ ဟုကား အမြဲ ဆန္ဒပြုလျှက် –

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

.

17 Responses to “# လက်ထပ်မယ်ဆို ၊ ရက်မြတ်ဘယ်လို . .”

  1. lulay31 Says:

    စိတ်ထဲမှာရှိတဲ့ အစွဲအလမ်းတစ်ခုတော့ ရှင်းသွားပြီးဆရာ။ သက္ခတ်များထဲ ရောက်နေကြတဲ့နှစ်ဆိုတာ မိန်းမ ယောက်ျားဘယ်သူ့ကို အဓိကထားပြီး ဆုံးဖြတ်တာလဲ ဆရာ။ ဥပမာ တစ်ယောက်က သက္ခတ်ထဲ ရောက်ပြီး တစ်ယောက်က ကောင်းနေတာ ဆိုတာမျိုးပေါ့ဆရာ။ ထို့အတူ လူနှစ်ယောက်ပေါင်းပြီး တစ်ဘ၀ထူထောင်ကြတဲ့ အိမ်ထောင်ရေးဆိုတော့ ဘယ်သူ့ရဲ့ ကံတရားကိုကြည့်ပြီးတော့ အိမ်ထောင်ရေးကံ ကောင်းမကောင်းကို ဆုံးဖြတ်ပါသလဲဆရာ။ အားလုံးက သူ့ကံနဲ့သူလာတာ ဆိုတာသိပြီးတာဘာ ဆရာ။ ဒါပေမယ့် လူဆိုတဲ့ စိတ်ကအခက်သားလား။ မရေရာ မသေချာတာကိုမှ သိချင်ကြတာဆိုတော့။

  2. Dr.Tin Bo Bo Says:

    ကိုလူလေး ရေ
    သက္ခတ်ကတော့ နှစ်ယောက်လုံးနဲ့ ဆိုင်တယ် ဆိုပေမယ့် ပိုပြီး အဓိက ကျတာတော့ မိန်းကလေးပေါ့။ နှစ်ယောက်မှာ တစ်ယောက်ယောက်ကတော့ ညိနေမယ့် အနေအထားဖြစ်နေရင် မိန်းကလေးကို သက္ခတ်အညံ့လွတ်အောင် ရွေးချယ်သင့်တယ်။ နောက်တစ်ခါ အိမ်ထောင်ရေးကံကတော့ နှစ်ဦးလုံးနဲ့ ဆိုင်ပါတယ်။ နှစ်ယောက်လုံးရဲ့ ကံတရားကို ကြည့်ရမယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ နှစ်ယောက်မှာ တစ်ယောက်က ကောင်းပြီး တစ်ယောက်က ဆိုးတယ်လို့ သိပ်မရှိပါဘူး။ အိမ်ထောင်ရေးကံ အညံ့ – အညံ့ချင်း၊ အကောင်း – အကောင်းချင်း ပြန်ပြီး ညားကြတာ များပါတယ်။ ကံတူ အကျိုးပေးလို့ ဆိုရမှပေါ့။
    တချို့ ပထမအိမ်ထောင် ညံ့ပြီး ၊ ဒုတိယအိမ်ထောင်ကျမှ ကောင်းမယ် ဆိုတဲ့ ကံဇာတာမျိုးရှိတယ်။ အဲဒါမျိုးကျပြန်တော့လည်း ဒုတိယအိမ်ထောင် တွေ့လာတဲ့ အချိန်မှာ ဇာတာတိုက်ကြည့်တော့ နောက်လူက အိမ်ထောင်ရေးကံ အကောင်းသမားဖြစ်နေတတ်တယ်။ ဗေဒင်ပညာသက်တမ်းမှာ ဒီလို အဖြစ်အပျက်မျိုး ခဏခဏ တွေ့ကြုံရဖူးပါတယ်။

  3. yar yar Says:

    ကျွန့်တော်လဲ ပြဿဒါး အယူကျွတ်သလောက်ရှိသွားပါပြီ ဆရာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  4. မေဇူး Says:

    ဆရာရှင့်
    သမီးက ၁၀.၀၅.၁၉၈၃ (အင်္ဂါ) သမီးချစ်သူက ၂၉.၀၃.၁၉၇၉ (ကြာသာပတေး) ပါ။
    မင်္ဂလာဆောင်ဖို့ အတွက် ခွင့်ယူဖို့ ရက်တွက်နေတာပါ.. ဆရာ့ ဆောင်းပါးတွေဖတ်ပြီး သက္ခတ်အရေးကြီးတယ်ဆိုတာ နားလည်လာတယ်။ အင်္ဂါသက္ခတ်အကြောင်းဖတ်ပီး သမီးတို့ ၂ယောက်အတွက် တွက်ချက်ကြည့်တာ သူက မွေးနေ့မတိုင်မီ စနေ နဲ့ မွေးနေ့ပီး ကြာသာပတေးသက္ခတ်ပါ။ သမီးက မွေးနေ့မတိုင်မီ ကြာသာပတေးနဲ့ မွေးနေ့ပီး ရာဟုပါဆရာ .. ဆရာ ရှင်းပြထားတဲ့ အရဆို သူ့မွေးနေ့ အပီး သမီးမွေးနေ့မတိုင်ခင်က ကောင်းတယ်လို့ ထင်လာပါတယ် .. သမီးတို့ တွက်တာ မှန်ပါသလား ဆရာ.. သမီးတို့ ၂ယောက်အတွက် သင့်တော်တဲ့ ရက်မြတ်လေး ဆရာ့လက်ဆောင်အဖြစ်ရမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ ဆရာရယ် ..

    • Dr.Tin Bo Bo Says:

      မေဇူး သို့
      တွက်ထားတာ မှန်ပါတယ်။ ၂၉.၃.၂၀၁၁ ကနေ ၁၀.၅.၂၀၁၁ အတွင်းဟာ နှစ်ယောက်လုံးအတွက် ကောင်းမွန်တဲ့ သက္ခတ်နယ်ပယ်ဖြစ်လို့ ဒီအတွင်းမှာဘဲ မင်္ဂလာဆောင်ရမှာပါဘဲ။ ဒီလို နှစ်ယောက်လုံး သက္ခတ်ကောင်း တစ်ခုတည်း(ကြာသပတေး)မှာ လက်ထပ်ဖို့ဖြစ်လာတာဟာ ကံကောင်းချင်တဲ့ နိမိတ်ပါဘဲ။ ဒီအပိုင်းအခြားထဲမှာ ရက်ကောင်းရွေးဖို့ လမ်းဘဲညွှန်ပေးလိုက်မယ်။ (၁) ဒီနှစ်အတွက် ပုတိ၊ ဘင်္ဂ၊ မရဏဖြစ်တဲ့ (တနင်္ဂနွေ၊ စနေ ၊ အင်္ဂါနေ့) တွေကို ရှောင်။ (၂) ၀ါရမိတ္တူကြီး/ငယ်ကို ရှောင်။ (၃) အင်္ဂလိပ်ရက် ပေါင်းခြင်း (4)ဂဏန်း (8)ဂဏန်း (9)ဂဏန်း တွေကိုရှောင်။ ဒါဆို လုံလောက်ပါပြီ။ ဆရာ့မှာ အချိန်ပိုနည်းလှတာမို့ အသေးစိတ်ရွေးမပေးနိုင်ပေမယ့် ရွေးပြီးတဲ့ နေ့ရက်တွေကိုတော့ ပြန်စစ်ပေးပါမယ်။ ဒီ အချက် (၃)ချက်နဲ့ ညီအောင် ကိုယ့်ဟာကိုယ်ရွေးကြည့်ပြီး မေးလ်နဲ့ပို့လိုက်ပါ။ မှန်မမှန် ပြန်စစ်ပေးပါမယ်။

  5. colin Says:

    Aiyoh, this post is not concern with me 😦
    Sayar, just kidding naw….you should help me too, when i plan to get married, thank…
    may peace be with you, Sayar…

  6. cho Says:

    ဆရာရှင့်
    ကျွန်မက ၈.၇.၁၉၇၄(တနင်္လာသမီး) ချစ်သူက ၂၄.၉.၁၉၇၃(တနင်္လာသား)ပါ ။ကျွန်မတို့ မင်္ဂလာဆောင်အတွက် ခွင့်ယူဖို့စီစဉ်နေပါတယ်ဆရာ။ဘယ်ရက်တွေမှာ အစဉ်ပြေနိုင်မယ် ဆိုတာ ဆရာ ကူညီပေးပါဆရာ ။သူက ဒီဇင်ဘာလကုန်လောက်မှ ခွင့်ယူလို့ရမှာမို့လို့ပါဆရာ။
    အားကိုးပါတယ်ဆရာ ။
    မဟာဘုတ်အကြွင်းဖွားနဲ့ သက်ကက်တွက်တာ မြန်မာလိုမပေါ်ပဲ အကွက်လေးတွေပေါ်နေပါတယ်ဆရာ ။ ဘာဖြစ်လို့ပါလဲဆရာ ။

  7. ကိုဝင်းလတ် Says:

    voa မှ တဆင့် လာလည်သွားပါသည်။
    မင်္ဂလာ အပေါင်းပြည့်စုံပါစေ။

  8. Htet Aung Hlaing Says:

    အတော်ပဲဗျား… ကျေးဇူးတင်ပါရတယ် ဆရာတင်ဗိုလ်ရေ။

  9. Mc wai ayn! Says:

    ဒေါက်တာပြောတာတွေကမှန်ပါတယါဒါပေမယ့် ကျွှန်တော် ဆရာလုပ်တာတော့မဟုတ်ပါဘူး
    မင်္ဂလာတစ်ခုဆောင် ဖို့ဆိုလိုအပ်ပါသေးတယ် မင်္ဂလာဆောင်ဖို့ အချက် ၆ ချက်ကအရေးကြီးတယ်ပြောတယ် အဲဒါကတော့ ၁။ ယောက်ျားလေးဘက်က ချစ်ရမယ်
    ၂။ မိန်းကလေးဘက်ကိုယ်တိုင်ကကြည်ဖြူရမယ် ၃။ ယောက်ျားလေးမိဘများဘက်ကသဘောတူရမယ် ၄။ နောက် မိန်းကလေးဘက်က ယောက်ျားလေးကိုကြည်ဖြူရမယ် ၅။ နောက် နှစ်ဘက်ဆွေမျိုးကသဘောကျရမယ် ၆။ ပတ်ဝန်းကျင်ကလည်း ကြည်ဖြူမယ် ဆိုရင် ဒီစုံတွဲ ဟာ မင်္ဂလာရှိပြီး မင်္ဂလာနဲ့ဲပြည့်စုံ တဲ့ စုံတွဲ ဆိုတော့ အရာရာဟာ အောင်မြင်ဖို့သေချာပြီပေါ့ဗျာ

    ဒီထဲကတစ်ခုခု ချို့ ယွင်း ခဲ့ မယ်ဆိုရင်တော့ ၁။ ယောက်ျားလေးဆို့မဟုတ် မိန်းကလေးဟာအ
    မြဲ နာမကျန်းဖြစ်တတ်တယ် ၂။ မိဘများဘက်ကခဏခဏ ငြူစူမှုများဖြစ်တတ်တယ် ၃။ နောက်ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်တတ်ဘူး ၄။ စီးပွားရေးလုပ်ရင်လည်း အောင်မြင်မှုသိပ်မရဘူး (ဥပမာ – မှန်းသလောက်ဖြစ်မလာတာပေါ့) ၅။ နောက်သားသမီးကောင်းမထွန်းကားဘူးအကျိုးပေးတဲ့ သားသမီးမရဘူးပေါ့

    နောက်လူတွေကမေးကြသေးတယ်ဗျ ( ” ဓမ္မာသောကအင်းဝရာဇာ ” ) ယူရင် လုံးဝမတည့်ဘူးတဲ့ ပြောတယ်ဗျ ဒါကတော့ အရပ်အယူပေါ့ ဒါပေမယ့် မဆိုင်တာတော့ မဆိုင်ပါဘူး အရပ် အယူ ကအရပ်နဲ့ ပဲဆိုင်တာပေါ့ဗျာ မင်္ဂလာယူတဲ့ အခါမှာ လူတွေဖြစ်တတ်ကြတာတွေရှိပါသေးတယ် ရက်ရာဇာ ပြသဒါး ကဆရာပြောသွားတာတွေကတော့ကောင်းပါတယ်
    မင်္ဂလာယူတဲ့ အခါ ၀ါဆိုကြီး ၀ါဆိုလေးကိုရှောင် ရမယ်ဆိုတာတော့ လူတိုင်း သိကြပါတယ်
    အဲဒါထက် တန္ဒင်္နွေ ဂြဟ် ပြောင်း တဲ့  ရက်တွေက မကောင်းတဲ့ ၇က်တွေပါ ဒီရက်တွေကိုလည်း ရှောင်ရပါသေးတယ် ဒီရက်တွေကိုတော့ ဗေဒင်အယူအရ သင်္ကြန် ရက်လို့ခေါ်တယ် သင်္ကြန် ရက်ကလတိုင်း မှာရှိပါတယ် အဲဒီကူးပြောင်းတဲ့ ရက်လေးတွေကိုပြောတာပါ ဗျ တန်ခူး လကသင်္ကြန်ရက်ကိုကျတော့ မဟာသင်္ကြန်ရက်လို့ခေါ်ပြီး နှစ်သစ် မင်္ဂလာကျင်းပကြတယ်ဗျ နောက် ရှိသေးတယ်
    ပြသဒါးကိုသုံးမျိုးရှိတယ်ဗျ ၁။ လူပြည်ပြသဒါး ၂။ နဂါးပြည်ပြသဒါး ၃။ နတ်ပြည်ပြသဒါး
    ဆိုပြီးတော့ရှိတယ် ဗျ နဂါးပြည်ပြသဒါးကတော့ မဆိုင်ပါဘူး လူပြည်နဲ့  နတ်ပြည်ပြသဒါးကျတော့ အိမ်ရောင်းအိမ် ၀ယ်နဲ့  အရောင်းအ၀ယ်နဲ့ ပဲဆိုင်တယ် ဗျ
    လူပြည်ပြသဒါးကျတော့ မင်္ဂလာဆောင်တာတို့ အလှူမင်္ဂလာ တွေနဲ့ ပတ်သတ်မှုရှိတယ်
    အဲဒီရက်တွေကို ရှောင်လေ့ ရှိကြတယ် ပေါ့

    နောက်မင်္ဂလာဆောင်ပြီးလို့ မင်္ဂလာနှစ်ပတ်လည်နေ့ကို သတ်မှတ်ကြတဲ့  အခါဘယ်နေ့ကို သတ်မှတ်ကြသလည်း တစ်ချို့ ကမင်္ဂလာဆောင်တဲ့ ရက် ဆွမ်းကျွေးတဲ့ ရက် မိဘကန်တော့တဲ့ နေ့ လက်မှတ်ထိုးတဲ့ ရက်
    အမှန်တကယ်ကတော့ လက်မှတ်ထိုးတဲ့  ရက်ကို ပဲ နှစ်ပတ်လည်နေ့အဖြစ်ကျင်း ပရတာ အမှန်ပါ ဘာလို့ လည်းဆိုတော့ ဒီမင်္ဂလာဆိုတဲ့  အောင်မြင်မှုကြီး ကိုဖြစ်ဖို့ အစပြု တဲ့  နေမဟုတ်လား ဒါကြောင့် အဲနေ့ကို မင်္ဂလာ နှစ်ပတ်လည် နေ့လို့ သတ်မှတ်ရပါမယ်
    ပန်းတွေ ကျတော့ မင်္ဂလာ ရှိပြီးအရောင် အနံ့ ကလည်း မွေးကြိုင် ပန်းကလည်း ခေါ်လိုက်ရင် မင်္ဂလာရှိတဲ့  ပန်းမျိုးဖြစ်ရပါမယ် ဒါဆိုရင်တော့ မင်္ဂလာတွေထပ်ပြီး မင်္ဂလာရှိတဲ့  မဂလာဆောင်ဖြစ်ပြီပေါ့ဗျာ

    ကျွှန်တော့် ရဲ့ ရေးသားချက်လေးတွင်အမှားပါခဲ့ ရင်တော့ ခွက့်လွှတ်ပါဗျာ
    ကျွှန်တော့်ကိုပြန်လည် ဝေဖန်ပေးစေချင်ပါတယ် ဆရာနှင့်တကွသူငယ်ချင်းများကို ထို့ကြောင့် FOREVERFRIEND တွင် ကျွှန်တော့်စာမျက်နှာ Mc wai yan ! တွင်အကြံပေးဝေဖန်နိုင်ပါတယ်လို့ပြောချင်ပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ

  10. TheinGi Says:

    ဆရာရှင့်… ၂၀၀၈ တုန်းက လက်ထပ်ထားပြီး ခု ၂၀၁၁ မှ မင်္ဂလာဆောင်မှာပါ။ ၂၀၀၈တုန်းက နှစ်ယောက်လုံး ကောင်းတဲ့ သက္ခတ်တွေမှာဖြစ်ပြီး ခု မင်္ဂလာဆောင်မယ့်နှစ်မှာတော့ မကောင်းပါ။ အဲဒါ လက်ထပ်ထားတဲ့ နှစ်နဲ့ရက်ကိုပဲ မင်္ဂလာပြုတယ်လို့ ယူဆသင့်သလား။ မင်္ဂလာဆောင်တဲ့ နှစ်နဲ့ ရက်ကိုပဲ ယူဆသင့်သလား။

    • Dr.Tin Bo Bo Says:

      TheinGi သို့
      လက်ထပ်တဲ့ ရက်နဲ့ မင်္ဂလာဆောင်တဲ့ရင် တစ်ခုစီဖြစ်နေရင် “လက်ထပ်တဲ့ရက်” က ပိုပြီး အဓိကကျပါတယ်။ ဒါကိုဘဲ ယူရမယ်။ ဒါပေမယ့် မင်္ဂလာဆောင်ရက်ကလည်း လုံးဝမဆိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ အင်အား အတော်အသင့်တော့ လွှမ်းမိုးမှု ရှိလိမ့်မယ်။

      နောက်ဆုံး ဒါတွေအားလုံးထက် ပိုပြီး အဓိက အကျဆုံးကတော့ မူလကံဇာတာမှာ “အိမ်ထောင်ရေးကံ” ကောင်းမကောင်းပါဘဲ။ မူလကံ မကောင်းရင်တော့ ဘာမှ လုပ်မရပါ။ မူလကံ ကောင်းနေရင်တော့ သက္ခတ် အမှားရှိလည်း အလွန်အမင်း ဆိုးကျိုး မပြုနိုင်တော့ပါ။

  11. miley Says:

    လေးစားရပါသောဆရာ…. အမတစ်ယောက်မင်္ဂလာဆောင်ကနောင်နှစ်မှာပါ … အခုလိုတင်ပေးတဲ့အတွက် ကျေးဇူးပါ… လူတွေအပြောများနေတဲ့ မရေရာတဲ့ အကြောင်းတစ်ခုကို သိချင်လို့ပါ… သားဦး သားနှောင်းမယူကောင်း ၊ ယူခဲ့ရင်လည်း တစ်ချိန်မဟုတ် တစ်ချိန်ကွဲတက်တယ်ဆိုတာ တကယ်ပဲလားဆိုတာ သိချင်ပါတယ်… ဆရာ ကျန်းမာ၊ ချမ်းသာပါစေ။

    • Dr.Tin Bo Bo Says:

      miley သို့
      ဆိုရိုးစကားတစ်ခုဟာ အရမ်းကာရော ဖြစ်လာတာမဟုတ်တာကိုတော့ သတိပြုရမယ်။ ဥပမာ- “သားဦးစနေ မီးလိုမွှေ” ဆိုတဲ့ စကားရှိတယ် မဟုတ်လား။ ဒီစကားဟာ တန်ခိုးရှင်တစ်ဦးက “သားဦးစနေ မီးလိုမွှေစေသတည်း” ဆိုပြီး ဗျာဒိတ်ပေးလိုက်လို့ ဖြစ်လာတာ မဟုတ်ပါ။

      ရပ်ထဲရွာထဲမှာ “သားဦးစနေ” မွေးပြီးရင် မိဘတွေမှာ အနည်းနဲ့အများ ဒုက္ခကြုံတတ်တာကို သတိထားမိလာရာကနေ ဆိုရိုးစကားဖြစ်လာခြင်း ဖြစ်တယ်။ အကုန်လုံးဖြစ်သလားဆိုတော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် အဖြစ်များတယ်။ သိသိသာသာ သတိထားမိလောက်အောင် များတယ်။ ဒါကြောင့် အမှတ်သညာများလာပြီး ဆိုရိုးစကားဖြစ်လာရတယ်။

      “သားဦး သားနှောင်း မယူကောင်း” ဆိုတာလည်း ဒီလိုဘဲ အတွေ့အမြင်များလာလို့ ဆိုရိုးစကားဖြစ်လာတာဘဲ ဖြစ်တယ်။ ဒါကို လက်တွေ့လေ့လာမကြည့်ဘဲ “ယုတ္တိမရှိပါဘူးကွာ” ဆိုပြီး ဖင်ပိတ်ငြင်းလို့တော့ မရပါ။ ဆိုရိုးစကားမှန်ရင်တော့ အတိုင်းအတာ တစ်ခုတော့ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါပေမယ့် အကုန်လုံးဖြစ်သလားဆိုတော့ မဖြစ်နိုင်ပါဘူး။ ဒီတော့ အကောင်းဆုံးက (ကျွမ်းကျင်သူနဲ့)ဇာတာနှစ်ခုကို တိုင်ဆိုင်စစ်ဆေးကြည့်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

  12. miley Says:

    ဆရာ …. အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးပါ

  13. hoshisan Says:

    ဆရာရေ
    သမီးတို့နှစ်ယောက်က နောက်နှစ် (၂၀၁၁) မှာလက်ထပ်ဖို့ ရည်ရွယ်ထားတာပါ ဒါပေမယ့် သက္ခက်တွက်လိုက်တော့ သူကကောင်းပေမယ့် သမီးရဲ့သက္ခက်က မကောင်းဘူးဖြစ်နေတယ်… ဘယ်လိုလုပ်ရမလဲမသိဘူး
    သက္ခက်မကောင်းတာထဲ ကျနေရင် ဘယ်လိုတွေဖြစ်တတ်တာလဲ သိချင်ပါတယ်
    အိမ်ထောင်ရေး ကံမကောင်းတတ်တာလား။ အကြံအစည်မဖြစ်မြောက်တာလား
    ဘာတွေဖြစ်နိုင်ပါသလဲဆရာ
    ကျေးဇူးပြုပြီး ဖြေပေးပါနော်

  14. ဖြိုး Says:

    ဆရာ
    လူနက်္ခ နဲ့ ဘီလူးနက်္ခ ယူလို့ကောင်းလား တွက်ကြည့်ပေးပါနော်

    လူနက်္ခ နဲ့ ဘီလူးနက်္ခ ကို ဘယ်လိုတွက်လဲ

Leave a comment